နောက်တစ်နေ့ မနက်မှာ Joy အိပ်ရာနိုးလာတော့ အကျင့်ဖြစ်နေတဲ့အတိုင်း ခေတ်ရဲ့ကိုယ်လုံးလေးကို စမ်းကြည့်လိုက်သည်။ ကိုယ့်ရဲ့လက်တွေက ဘယ်အရာကိုမှ မထိတွေ့။ လေဟာနယ်ကိုပဲ စမ်းမိသည်။ ဒါဆိုရင် ခေတ်လေး အိပ်ရာထသွားပြီပေါ့။ အဲ့ဒါဆို ခေတ်လေး မနက်စာပြင်နေတာ ဖြစ်ရမည်။
Joy လည်း အိပ်ရာထလာပြီး သွားတိုက် မျက်နှာသစ်ရင်းနဲ့ ဧပြီနွေလ ရာသီဥတုက အိုက်စပ်စပ်မို့ ပုံမှန်ဆော့နေကြ Gym ပင် မဆော့ဖြစ်တော့ဘဲ ရေတစ်ခါတည်း ချိုးချပစ်လိုက်သည်။
ခေတ် မီးဖိုချောင်ထဲမှာ မနက်စာအတွက် ပြင်ဆင်ပေးပြီးတော့ ခေတ်တို့ရဲ့ အိပ်ခန်းထဲ ပြန်ဝင်လာတဲ့ အချိန်မှာ သစ်သားတန်းတွေ လေးဖက်လေးတန် ပြုတ်မကျအောင် ကာရန်ထားတဲ့ ကုတင်ပေါ်မှာ ဆိုးလ်လေးက ငုတ်တုတ်လေး ထိုင်နေသည်။ အခန်းထဲမှာ ဖေဖေနှစ်ယောက်စလုံးကို မတွေ့ရတာတောင် ငိုလည်း မငိုပေ။
"ဆိုးလ်လေး နိုးနေပြီလား..လာ .. လာ..ဖေဖေခေတ် မျက်နှာသစ်ပေးမယ်"
ခေတ် ဆိုးလ်လေးကို ကုတင်ထဲက ချီထုတ်လိုက်သည်။ အိပ်ပုတ်သည့် ဂျယ်ဂျူလေးကတော့ အိပ်ကောင်းနေတုန်း။ ဆိုးလ်လေးရဲ့ လက်ကလေးကို ဆွဲပြီး ခေတ် ဆိုးလ်လေးကို မျက်နှာသစ်ပေးရအောင် ရေချိုးခန်းကို ခေါ်လာသည်။ ရေချိုးခန်း အတွင်းဘက်က လော့ခ်မချထားပေမယ့် ရေကျသံတွေ ကြားနေရလို့ ခေတ်မဝင်ဖြစ်တော့ဘဲ အပြင်ဘက်မှာ ရပ်စောင့်နေလိုက်သည်။ ခဏအကြာမှာ ကိုကို ရေချိုးခန်းထဲက ထွက်လာ သည်။ Towel အဖြူရောင်ကို ခန္ဓာကိုယ်အောက်ပိုင်းမှာ ပတ်ထားသည်။ ကျစ်လစ်ခိုင်မာတဲ့ ကြွက်သားတွေပေါ်မှာ ရေချိုးပြီးစမို့ ရေသီးရေစက်တွေ ခိုတွယ်နေလေသည်။
"ရေ အစောကြီး ချိုးနေပါလား ကိုကို၊ ဘယ်သွားမလို့လဲ "
"အင်း ..ကုမ္ပဏီလေ "
ခေတ် စိတ်ကိုလျှော့ချပြီး မသိချင်ယောင်ဆောင်ပြီး မေးလိုက်ပေမယ့် ခေတ်ကို လိမ်ပြောသော ကိုကို။
ခေတ်ကို လိမ်တတ်နေပြီပေါ့။ အဲ့ဒါဆို ကိုကို အပြင်မှာ ကောင်မလေး တစ်ယောက်ရှိနေတာ တကယ်ကြီးလား။ ခေတ်ကို လိမ်ပြောနေတယ်လေ။ အဲ့ဒါဆို တကယ်ကြီးပေါ့။
VOCÊ ESTÁ LENDO
ကိုယ့်ရဲ့ VIP [completed]
Ficção Geral[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...