ဒီနေ့က Joy တို့ လက်ထပ်မယ့်နေ့။ Joy အရမ်းကို ပျော်နေလို့ ခေတ်လေး အိပ်ရာမနိုးခင်မှာ စောစောနိုးလာသည်။ ခေတ်လေးကို အနမ်းပေးလိုက်ကာ စောင်ကို ရင်ဘတ်အထိ ဆွဲခြုံပေးပြီးမှ ကုတင်ပေါ်က ခြေဖော့ဆင်းလိုက်သည်။မျက်နှာသစ်ပြီးတာနဲ့ အသည်းပုံပူဖောင်းတွေကိုထုတ်ပြီး လေမှုတ်ကာ အိမ်ရှေ့ခန်းမှာ အလှဆင်ထားလိုက်သည်။
တင်း ... တောင် !
အိမ်ရှေ့ဧည့်ခန်းကို အလှဆင်နေတုန်းမှာ ဘဲလ်သံမြည်လာတာမို့ တံခါးထဖွင့်ပေးလိုက်သည်။ အခန်းတံခါးဝမှာ ပန်းစည်းကြီး တပွေ့တပိုက်နှင့် ကောင်လေးတစ်ယောက်ကို တွေ့ရသည်။
"Eternal ပန်းဆိုင်ကပါ၊ မှာထားတဲ့ပန်းတွေ လာပို့တာပါ၊ ဒီပန်းစည်းက ပန်းရောင်နှင်းဆီ ၁၀၁ ပွင့်ပါ၊ ဒီအထုပ်က နှင်းဆီပွင့်ဖက် ခြွေထားပြီးသားတွေပါ"
Joy ပန်းစည်းကြီးကို ကြည့်လိုက်သည်။ ပန်းစည်းက နှင်းဆီ ၁၀၁ ပွင့်မို့ အကြီးကြီးနှင့် လှနေသည်။ ခေတ် ကြိုက်လောက်မှာပါလို့ Joy ထင်သည်။ ပန်းလာပို့တဲ့ကောင်လေး ပြန်သွားပြီး မကြာခင်မှာပဲ Joy မနေ့က မှာထားတဲ့ ဟိုတယ်က အစားအသောက်တွေ လာပို့ပေးသွားပြန်သည်။
လက်မှတ်ထိုးပွဲမှာ ကိုနန္ဒကို အသိသက်သေအနေနဲ့ ၈ နာရီခွဲမှာ ခေါ် ထားသည်။ ဟန်းနီးမွန်း ထွက်ကြဖို့ လေယာဉ်ချိန်က ၁၁ နာရီ။ လေယာဉ်ကွင်း ဆင်းရမှာက ၉ နာရီခွဲ။ အခုက ၇ နာရီပဲ ရှိသေးတာမို့ ခေတ်ကို Joy သွားမနှိုးသေးဘဲ ပေးအိပ်ထားလိုက်သည်။
ပေါလစ်ကို ပြောင်နေအောင် သုတ်ထားတဲ့ ကြမ်းပြင်ပါ်မှာ အလှထွန်း ဖယောင်းတိုင်ခွက်တွေကို တစ်ခွက်ချင်းချပြီး အသည်းပုံဖော်ထားလိုက်သည်။အသည်းပုံဖော်ထားတဲ့အလယ်မှာ ထိုင်ခုံတစ်လုံး ချထားလိုက်ပြီး နှင်းဆီပွင့်ဖက်တွေကို အနီးအနားမှာကြဲပက်ထားလိုက်သည်။ အိမ်ရှေ့ဧည့်ခန်းမှာ လျှောက်လမ်းပုံဖော်ထားပြီး အလှထွန်းဖယောင်းခွက်လေးတွေကို လိုက်ချသည်။ လမ်းတစ်လျှောက်မှာ နှင်းဆီပွင့်ဖက်တွေကို သင်းကြိုင်နေအောင် ကြဲချပစ်လိုက်သည်။
Joy ပြင်ဆင်နေတာတွေ မပြီးသေးပါ။ ထိုင်ခုံအမြင့် တစ်လုံးကိုယူကာ ဂစ်တာတစ်လက်ကို ထိုင်ခုံပေါ် တင်ထားလိုက်သည်။ အခန်းထောင့်က ဝိုင်ဘားကို ဖုန်မရှိအောင် သန့်ရှင်းပစ်လိုက်ပြီး နံရံကပ်စင်မြင့်မှာ အကန့်လိုက် ထည့်ထားတဲ့ ဝိုင်ပုလင်းတွေကို ပြောင်နေအောင် အဝတ်နဲ့ သုတ်သည်။ ဟိုတယ်က မှာထားတဲ့ Steak ကို ကြွေပန်းကန်ထဲထည့်ကာ ခက်ရင်းနှင့်ဓားကို ပန်းကန်ဘေးမှာ အဆင်သင့်ချထားကာ ဝိုင်ဘားပေါ်ကို ပို့ထားလိုက်သည်။ ဝိုင်ဘားမှာ ထိုင်ခုံ အမြင့်သုံးလုံး၊ ဝိုင်သုံးခွက်ကို အဆင်သင့် ပြင်ထားလိုက်သည်။
ŞİMDİ OKUDUĞUN
ကိုယ့်ရဲ့ VIP [completed]
Genel Kurgu[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...