အမွှေစိန်

98 11 0
                                    

"အရှင် ...... "

"လ၀န်းနောက် လိုက်ရမယ် ..... "

လ၀န်းငယ်ကို ဒီရက်ပိုင်းအတောအတွင်း သူစောင့်ကြည့်နေခဲ့သည် ။ သူမ အမျက်ဒေါသတို့က လျှော့နည်းသွားခြင်းမျိုး မရှိ ...။ ထိုဒေါသစိတ်တို့ လျှော့ပါးသွားအောင် သူသည်လည်း မလုပ်ဆောင်နိုင်ခဲ့ပေ ။

သူမ စိတ်ဒေါသတို့ပြေပျောက်သွားမှသာလျှင် အားလုံးကို အမှတ်ရလာမည်ဖြစ်သည် ။ ထို့ကြောင့် သူမစိတ်ဒေါသတို့ကို လူတွေဘက်သို့ မရောက်အောင် ဂရုတစိုက်သူ ထိန်းသိမ်းထားခဲ့သည် ။

လ၀န်းငယ်ကို သူ အတောင်ပံတပ်ပေးခဲ့တာဖြစ်သည် ။ သူမ အသုံးချရန်အတွက် တစ္ဆေတွေကို ပေးခဲ့ထားခဲ့သည် ။ ထိုတစ္ဆေတွေကို အသုံးချလျှက် ခွန်းညီတို့အုပ်စုကို ရှာဖွေနေတာကို သူသိသည် ။

မနေ့က ညသန်းခေါင်ယံအချိန်တွင် တစ္ဆေတစ်စုနှင့် တိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့တာကို သူခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့တာ ဖြစ်သည် ။

"ဘုန်းမင်း ..... "

"မှန်လှပါ အရှင် .... "

"မင်း အခုဒီမှာရှိနေတဲ့လူတွေကို စုဆောင်းပြီးလိုက်ခဲ့ "

သူတို့ထံတွင် အတွင်းသူလျှိုရှိနေခဲ့တာကြောင့် ဇေယျာမင်းတို့အုပ်စု၏ ခြေကုပ်စခန်းများနှင့် ပတ်သက်၍ ဘာမှ မသိနိုင်ခဲ့တာဖြစ်သည် ။ သူဇာ့ကို သစ္စာဖောက်တစ်ယောက်ဟု သူတို့ မတွေးထင်ခဲ့ဖူးကြပေမယ့်တကယ်တမ်း သူဇာသည် ဇေယျာမင်းတို့ဘက်သားတစ်ယောက်ဖြစ်နေခဲ့လေသည် ။

နှစ်ပေါင်းငါးဆယ်ကျော် အတူနေထိုင်ခဲ့သည့် သံယောဇဉ်မှ မထောက် သူမသည် သစ္စာဖောက်ခဲ့သူတစ်ယောက် ။

တစ်ချိန်လုံးအရှင့်နဘေးတွင်နေရင်း အရှင့်အား အရူးအမူးစွဲလမ်းနှစ်သက်သူတစ်ယောက်အဖြစ် ဟန်ဆောင်ကာ သူမနေထိုင်ခဲ့သည် ။ သူမ၏ လုပ်ရပ်များကို ထိုအရာများနှင့်ဖုံးကွယ်ထားခဲ့သည် ။ သူမသည် နဂိုကတည်းက အတွင်းသတင်းယူ၍ သစ္စာဖောက်ရန်အတွက်ရောက်ရှိနေခဲ့သူတစ်ယောက် ...။

"မှန်လှပါ အရှင် "

သူဇာထွက်သွားပြီးနောက် လ၀န်းငယ်သည် ခဏချင်းအတွင်း ဇေယျာမင်းတို့ တပည့်များ ပုန်းအောင်နေထိုင်သည့် နေရာကို ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်သည် ။

သူတို့ ဤမျှလောက်ညံ့ဖျင်းနေခဲ့တာလား ...။ သို့တည်းမဟုတ် အယုံလွယ်လွန်းနေခဲ့တာလား ...။ သူတို့အားလုံးသည် မယုံလွယ်သူများ မဟုတ်သလို အစွမ်းသတ္တိတို့ ညံ့ဖျင်းလွန်းနေခဲ့သူများလည်း မဟုတ်ပါ ။ သူမ ကိုယ်တိုင်က ဟန်ဆောင်မှု အယုံသွင်းနိုင်မှု ကောင်းလွန်းခဲ့တာဖြစ်ပါလိမ့်မည် ။ နှစ်ရှည်လများ ကြာအောင် အယုံသွင်းနိုင်ခဲ့သည့် သူမ၏ စိတ်ရှည်မှုတို့ကိုတော့ အသိမှတ်ပြုရပါလိမ့်မည် ။

"ဝေယံ မင်းက ငါနဲ့လိုက်ခဲ့ "

လ၀န်းငယ် ထွက်သွားခဲ့တာကို အရှင်ရောသူတို့အားလုံးပါသိနေသည် ။ သိနေရက်နှင့်လွှတ်ပေးလိုက်တာဖြစ်သည်။ သူမ ဒေါသတို့သည် ခွန်းညီအားလက်စားချေနိုင်မှသာလျှင် ....။

"အရှင် ဇော်မျိုးကိုရော အသိပေးခဲ့ရဦးမလား ... "

ဇော်မျိုး .....။

သူသည်လည်း လ၀န်းငယ်၏ ဘ၀အတွင်းမှ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အရေးကြီးသော အချိန်အခါတွင် သူလည်း ရှိနေသင့်သည်ဟု သူယူဆမိသည် ။

"ကောင်းပြီလေ အခုသွားခေါ်ရင်း လ၀န်းငယ်နောက် တစ်ခါတည်းလိုက်မယ် "

"မှန်လှပါ အရှင် .... "

Demon King (ကဝေ့ဘုရင်)Where stories live. Discover now