Unicode
ဒီတစ်ခါ အနီ့ ဆွဲဆောင်မှုကိုတော့ Two လွှတ်မြောက်နိုင်မှာ မဟုတ်ဘူး ဆိုတာ အနီ ယုံကြည်တာမို့ အနီ့ မျက်လုံးတွေကို စုံမှိတ်ထားလိုက်သည် ။ သူ့ကို ဖက်တွယ်ထားတဲ့ အနီ့ခါးတွေကို ပြန်သိုင်းဖက်လာပြီး အနမ်းတစ်ချို့က အနီ့နှုတ်ခမ်းမှ နူးနူးညံ့ညံ့စတင်ရာကနေ လည်တိုင်ဆီသို့ ခပ်ကြမ်းကြမ်းရွေ့လျားလာသည် ။
အနီ ပြုံးလိုက်မိသည် ။
သိပ်မလိုတော့တဲ့မကြာခင်အချိန်မှာ Two ရဲ့ စိတ်နှလုံးသားကအစ အနီ့အပိုင်ဖြစ်လာတော့မည်ဟု ယုံကြည်မှုရှိရှိ တွေးပစ်လိုက်သည် ။ အနီ က လောဘကြီးတဲ့ မိန်းမ တစ်ယောက်လို့ပဲ အပြစ်တင်ချင်တဲ့သူတင်ကြပါစေ ။ အနီကတော့ Two ရဲ့ အလုံးစုံကို ပိုင်ဆိုင်ချင်တာပါပဲ ။ လူကိုတောင် ပိုက်ဆံနဲ့ သိမ်းထားသေးတာပဲ ။စိတ်နှလုံးသားကိုလည်း တဖြည်းဖြည်းချင်း
ရယူနိုင်နေပြီဖြစ်ကြောင်း သိပ်မစိမ်းသက်လှတော့တဲ့ Two အကြည့်တွေ ၊ ရံဖန်ရံခါ မြင်ရတတ်တဲ့ နူးနူးညံ့ညံ့ အပြုံးတွေကြောင့် သိနေရသည် ။ Two ကို ခင် ဆိုတဲ့ ကောင်မလေးဆီက လုယူနိုင်ဖို့ အနီ့မှာ နောက်ထပ် ဗျူဟာတွေလည်း ရှိပါသေးသည် ။ထားလိုက်ပါ အဲ့ဒီအရာတွေကို ခန မေ့ထားပြီး
Two ဆီက မက်မောစရာကောင်းတဲ့ အထိအတွေ့တွေကို ပိုင်ဆိုင်နေရတဲ့သူက အနီ ပဲ မဟုတ်လား
အနီ က အနိုင်ရရှိသူပဲဖြစ်သည် ။ သူမ ကိုကြောက်နေစရာမလိုဟု တွေးပစ်လိုက်ပြီး Two ရဲ့ အထိအတွေ့မှာ ပျော်ဝင်ပစ်လိုက်ဖို့ကိုသာ တွေးလိုက်သည် ။ ထိုအချိန်ခဏလေးမှာပင် ရုတ်တရက် Two ရဲ့ လှုပ်ရှားမှုတွေ အကုန်ရပ်တန့်သွားသည် ။ အနီ့ မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ Two အကြည့်တွေက တံခါးဝဆီမှာ ။"Two ဘာဖြစ်လို့လဲ "
"ဘဲလ်တီးသံ ကြားလိုက်သလားလို့ "
"အနီ မကြားလိုက်ပါဘူး "
"ဟုတ်လား "
တံခါးဝဆီက အကြည့်တွေကို လွှဲဖယ်လာပြီး
သူ့ကို မျှော်လင့်တကြီး ကြည့်နေတဲ့ အနီ့ အကြည့်တွေကို မလွန်ဆန်နိုင်သလို ၊ ပြန်လည် စတင်လာသည် ။
