21

3.7K 394 22
                                    

Unicode


"မမရေ ကျောက်ကပ်အလှူရှင် ရပြီတဲ့ "

Oxygen mask ကို လှမ်းနေတဲ့ ခင့်လက်တွေက
လေထဲမှာပင် ရပ်တန့်သွားသည် ။ ဒီကလေးမကပဲ ခင့် ကို ကယ်တင်နေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ ။

"မမ မသေရတော့ဘူး သိလား အနီ က သူသိတဲ့ အလှူရှင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေးတာ အဆင်ပြေတယ်တဲ့ မမ ရေ ဒီ့ထက် နည်းနည်းလေး ထပ်ပြီး သည်းခံပေးပါအုံးနော် "

မျက်ရည်တွေလည်း စီးကျကာ ဝမ်းသာအားရ ပြောနေတဲ့ ကလေးမ ကို ကြည့်ရင်းနဲ့ ခင့် အမြင်တွေထဲမှာ ဝါးလာသည် ။ မျက်တောင် တစ်ချက် ခတ်လိုက်ရင် စီးကျသွားမယ့် မျက်ရည်တွေကို မပုတ်ထုတ်မိတော့ပဲ ခပ်ဝါးဝါး အမြင်အာရုံထဲကနေပဲ ဒီကလေးမ ကို ပြန် မြင်မိသည် ။ ခင် အမြင်ထဲမှာ ထိုကလေးမက အခုလိုမျိုး ခင့် ကိုအသည်းအသန် ကာကွယ်နေတဲ့ လူကြီးပေါက်စလေး မဟုတ်ပဲနဲ့ အဒေါ် လိုက်ရိုက်လို့ ထွက်ပြေးပြီး အရှိန်လွန်ကာ ခင် နဲ့ ဝင်တိုက်ပြီး ဖုန်ထဲ ပစ်လဲခဲ့တဲ့ ပေတူးလေးသာဖြစ်နေ၏ ။

ဒီ ကလေးမလေးက မောင် နဲ့ တူလိုက်တာ လို့ ခင် ခံစားမိတဲ့ အချိန်က စပြီး ဆေးဆိုင် မှာ ကြွက်သတ်ဆေး သွားဝယ်မယ့် ခင့်ခြေလှမ်းတွေကို အဲ့ဒီနေ့ကမှ အသစ်ပြောင်းလာခဲ့တဲ့ ခင်တို့ အိမ်ဘက်ကို နောက်ပြန်လှည့်ပစ်ခဲ့တာ ဖြစ်သည် ။ မောင် နဲ့ အမှတ်တရတွေ ရှိနေခဲ့တဲ့ မြို့လေးကို
ချန်ထားရစ်ခဲ့ရတာကို ခင် နဲနဲလေးမှ မနှစ်မြို့ပေမယ့် မောင် နဲ့ တူတဲ့ ကလေးတစ်ယောက် ရှိတဲ့ မြို့လေးကိုပြောင်းလာမိတာလေးကိုတော့ သဘောကျမိသလိုရှိခဲ့သည် ။

တကယ်တော့ အဲ့ကလေးမလေးက မောင် နဲ့တူတယ် ဆိုတာကလည်း ခင့်အတ္တလေးတွေနဲ့ ဇွတ်တူပစ်ခဲ့တာပဲရှိပြီး တကယ်ဆို မောင် က နူးညံ့ပြီး ရီဝေတဲ့ အကြည့်လေးတွေရှိသည့် အေးချမ်းသည့် လူတစ်ယောက် ဆိုပေမယ့် တန်ခူးမေ ဆိုသည့် ကလေးမလေးကတော့ ခပ်ရိုင်းရိုင်းကြည့်တတ်တဲ့ အကြည့်စူးစူးတွေ ပိုင်ဆိုင်ထားသည့် ကလေးဆိုးလေးတစ်ယောက်ပါပေ ။

ထိုကလေးမလေးကို မောင် နဲ့ ပိုတူလာစေချင်တဲ့ ခင့် အတ္တတွေကြောင့်ပဲ ခင် ဖတ်နေကျ စာအုပ် လေးတွေထဲက အေးချမ်းလွန်းတဲ့ ဒေသလေးတွေအကြောင်း ပြောပြဖြစ်သည် ။နူးနူးညံ့ညံ့ ပုံပြင်လေးတွေကိုလည်း မကြာခဏပြောပြလေ့ရှိသည့်အခါ တဖြည်းဖြည်းနဲ့ ထိုကလေးမ ရဲ့အကြည့်တွေက ခင်မျှော်လင့်ထားသည့်အတိုင်း ပိုပြီးတော့ နူးညံ့လာခဲ့သည် ။ တစ်လောကလုံးကို ဂရုမစိုက်တတ်သည့် ထိုကလေးမက ခင့်ကိုတော့ ဂရုတစိုက် ငေးကြည့်တတ်လာ၏ ။အဲ့ဒီအချိန်မှာ မောင် နဲ့ ပို ပိုပြီးတော့ တူလာကာ ခင်က ပို အတ္တကြီးလာပြီး ထိုကလေးမလေးကို ပို ပိုပြီးတော့ ခင့်ဘဝ ထဲကို ဆွဲသွင်းမိတော့တာပဲ ဖြစ်သည် ။ ခင် ဘယ်လောက်တောင်မှ မိုက်မဲခဲ့ပါသလဲ ။ ထိုကလေးမ အပေါ်မှာ ခင်ဘယ်လောက်တောင်မှ မှားယွင်းစွာ ဆက်ဆံခဲ့မိပါသလဲ ။

The Red Soul Where stories live. Discover now