Side story 2

2K 87 3
                                    

Side story 2

~ ဒေါက်တာ အောင်မြတ်ကျော် ~

နေသာနေသော နေ့တစ်နေ့တွင် အစ်ကို့ဆီ အလည်သွားဖြစ်ခဲ့၏။ အစ်ကို သူ့ကို ကြိုဆိုရဲ့လား မကြိုဆိုရဲ့လားဆိုတာတော့ သူ မသေချာပါ ။ တကယ်ဆို အစ်ကို့ စျာပန ကိုတောင် မျက်နှာမပြရဲသည့် သူက လာခဲ့ဖူးတာမဟုတ် ။

အပြာနုရောင် ကျောက်ပြားမှတ်တိုင်လေး တစ်ခုသည် တောင်ကုန်းမို့မို့လေးပေါ်တွင် သီးသန့်ဆန်စွာ ရှိနေခဲ့သည် ။ အစ်ကို့မိဘတွေက ဒီနေရာလေးကို အစ်ကို့အတွက် ဝယ်ပေးထားခဲ့ဟန်တူပါသည် ။ သူသည်လည်း အစ်ကိုလဲလျောင်းရာ ​တောင်ကုန်းလေးနှင့် မနီးမဝေးက သစ်ပင်လေးတစ်ပင် ရှိသော မြေနေရာလေးကို ဝယ်လိုက်၏ ။

သစ်ပင်အောက်တွင် အစ်ကို့လို လဲလျောင်းကြည့်တော့ အပြာရောင် ကောင်းကင်ကြီးကို မြင်ရသည် ။ ထို့နောက် မဆီမဆိုင်ပင် စီးကရက်သောက်ချင်စိတ်က ပြင်းပြင်းပျပျ ဖြစ်ပေါ်လာ၏ ။ အစ်ကိုလဲလျောင်းရာထက် သူ တင်ထားခဲ့သော စီးကရက်ဗူးထဲမှ နှစ်လိပ်ကို ထုတ်ယူ၍ မီးညှိပြီးသော် တစ်လိပ်ကို အစ်ကို့ရှေ့ ချထားလိုက်ပြီး ကျန်တစ်လိပ်ကို သူရှိုက်ဖွာလိုက်၏။ သူ့ နှုတ်ခမ်းမှ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့ သည် သူ့ရှေ့မှာပင် လေထုထဲ ရောဝင်​ပျောက်ကွယ်သွားခဲ့သည် ။

"အစ်ကို အပြစ်မတင်တော့ဘူးလား
အစ်ကို့ကိုကျတော့ ဆရာဝန်ဖြစ်ပြီး ဆေးလိပ်တွေ သောက်ရလားလို့ ကျွန်တော် ဆူခဲ့ဖူးပေမယ့် အခု အစ်ကို့ရှေ့မှာပဲ ဆရာဝန်ဖြစ်တဲ့ ကျွန်တော်က ဆေးလိပ်တွေ သောက်နေမိတာလေ  အဟင်း"

စကားအဆုံးသတ်က ရယ်မောလိုက်သံသည် ခြောက်ကပ်ကပ် ။ စီးကရက်တွေကို အစ်ကို မရှိတော့ကတည်းက သူစွဲလမ်းနေခဲ့တာ ကြာပေပြီ။ အစ်ကို ဘာလို့ ဒီစီးကရက်တွေကို စွဲစွဲမက်မက် သောက်နေခဲ့လဲဆိုတာပင် သူ နားလည်သလို ရှိနေခဲ့ပြီ။

အစ်ကို့ဘဝမှာ သူမရှိခဲ့တာ အတော်ကြာလေပြီ။ အစ်ကိုက သတ္တိရှိသလောက် သူက အစ်ကို့လောက် သတ္တိမရှိနိုင်ခဲ့ပေ ။ အခုလည်း ကြည့်လေ အစ်ကိုက သူ့ကို အရွဲ့တိုက်ဖို့အတွက် သူ့အနားကနေ ထွက်သွားပုံကို ကြည့်ပါအုံးလေ ။

The Red Soul Where stories live. Discover now