4

5.4K 485 27
                                    

Unicode

"တန်ခူးမေ .. နင် ဒီကို ပြန်လာခဲ့ စမ်း "

"မလာဘူး
လာရင် ရိုက်မလို့ မဟုတ်လား မလာဘူး "

"နင်မလာရင် ငါလာမယ် သေဖို့သာပြင် "

တောထဲကခုတ်လာခဲ့တဲ့ ကြိမ်ပင် ခပ်တုတ်တုတ်ကြီးကို ကိုင်ကာ လိုက်ရိုက်နေတဲ့ အဒေါ် လက်ထဲက ကြောက်လန့်တကြား ပြေးလွှားနေရင်း ဖိနပ်မပါတဲ့ ခြေဖဝါးတွေက ခဲလုံးတွေနင်းမိပြီး သွေးတွေတောင်ထွက်နေလေပြီ ။ ချွေးတွေလည်း ရွှဲနစ်နေပေမယ့် မရပ်နိုင်သေးပေ ။ရပ်လိုက်သည်နှင့် ထိုကြိမ်လုံးကြီးအောက်မှာ မရှုမလှ
အသက်ပျောက်မှာ သေချာသည် ။

အနောက်ဘက်ကို လှည့်ကြည့်လိုက်တော့
အားပျော့နေပြီဖြစ်တဲ့ အဒေါ်ကို လှမ်းမြင်နေရပေမယ့် ဆက်လိုက်လာနေတုန်းမို့ အရှိန်လျှော့လိုက်တာနဲ့ မှီမှာမို့ ရပ်လိုက်လို့မရ ။

"ဘုတ်!!! "

"အ'!!"

နောက်လှည့်ကြည့်ရင်း အရှိန်မသတ်ပဲ ပြေးနေတုန်း တစ်စုံတစ်ယောက်နဲ့ တိုက်မိတော့ နှစ်ယောက်လုံး ပစ်လဲကျသည် ။

"ဟာ သေပါပြီ ငါတော့ "

"အရမ်း နာသွားလို့လားဟင် "

နူးညံ့သိမ်မွေ့တဲ့ အသံကြည်ကြည်လေး နဲ့အတူ
ဖွေးနုနေတဲ့ လက်လေးတစ်စုံက ဒဏ်ရာကို လာထိသည် ။ မနေနိုင် မထိုင်နိုင် မျက်နှာကို ကြည့်မိမှ ငါးပါးမှောက်တာ ပဲ ဖြစ်သည် ။ နုဖတ်နေတဲ့ မျက်နှာသွယ်သွယ်လေးမှာ ထူးခြားတာမရှိပေမယ့် တော်တော်လှသည် ။လှသည် ဆိုတာထက်  နုဖတ်နေတာ မျိုး ဒီလိုတောရွာမှာ တစ်ခါမှမမြင်ဖူးတဲ့ အလှတရားမျိုး မို့ ငေးကြည့်နေမိသည်မှာ အနောက်က လိုက်မှီလာခါနီး ကြိမ်လုံးကြီးကိုပါ မေ့လျော့သွားသည်အထိ ။

"ကလေး ဒူးခေါင်းတွေ ပွန်းသွားတာပဲ "

နှုတ်ခမ်းဝိုင်းဝိုင်းလေးဆီက နောက်တစ်ကြိမ်
ပြောလာမှ အသိစိတ် ပြန်ဝင်လာရသည် ။
သူမပါ အတူတူ ပစ်လဲသွားတာကို လာစိုးရိမ်နေတာလား ။

"ဘာမှမဖြစ်ဘူး "

လှမ်းလာတဲ့ လက်ဖြူဖြူကို ပုတ်ထုတ်ပြီး ဆက်ပြေးဖို့ ပြင်လိုက်တုန်း အဒေါ့်လက်ထဲ မိသွားရသည် ။

The Red Soul Where stories live. Discover now