Chapter-9

3.2K 464 17
                                    

(Unicode)

၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။

ထိုနေ့က အစ်ကိုနှင့် လှေစီးပြီးတော့ သတ်ဝေ ကွင်းထဲရှိ အိမ်သို့ တန်းပြန်လာခဲ့သည်။လမ်း၌ မိုးတစ်ခါထပ်မိသေးသည်။ ညရောက်တော့ လူက ဖျားချင်ချင်ဖြစ်လာသည်။

စောင်အထပ်ထပ်ခြုံထားရင်းကနေ အပူနှင့် အအေးကို တပြိုင်နက် ခံစားရသည်။ မျက်လုံးတွေမဖွင့်နိုင်အောင်ကို ခေါင်းတွေမူးလာသည်။ ခြေတွေလက်တွေလည်း အသားကုန်ကိုက်လာသည်။ တစ်ကိုယ်လုံးတဆစ်ဆစ်ဖြစ်နေသောကြောင့် ငြိမ်ငြိမ်မနေနိုင်ဘဲ သက်သာလိုသက်သာငြား လူကတလူးလူးတလိမ့်လိမ့်။ အာခေါင်တွေက ပူလာပြီး ထွက်သက်လေများကပင် အပူအခိုးအငွေ့တွေ​ပါလာသည်။ လူကလည်း အတော်ပင်နှုန်းချိလာသည်။ လက်ချောင်းလေးတစ်ချောင်းလှုပ်ရတာပင် ပင်ပန်းလှသည်။ သေချာပါပြီ။ သတ်ဝေ ဖျားနေပြီ။

သတ်ဝေက တကယ်ကို ဖျားခဲပါသည်။ မွေးကတည်းက အခုချိန်ထိ နှစ်ခါလားပင် ဖျားဖူးသည်။ ဖျားရင်လည်း အသည်းအသန်ဖြစ်သည်။ ယခုလည်း သတိနဲ့ ခန္ဓာကိုယ်ကို မနည်းကပ်နေရသည်။ အိမ်ရှေ့၌ ဖေဖေနှင့် မေမေက အိပ်နေသည်။သတ်ဝေက တစ်ယောက်တည်း အိပ်ခန်းထဲ၌ အိပ်ခြင်းဖြစ်သည်။ ဘယ်လိုမှ မခံစားနိုင်တော့တာကြောင့် ရှိသမျှအားတို့ကို စုစည်းပြီး မေမေ့ကို လှမ်းခေါ်လိုက်သည်။

"မေမေ...မေမေ"

သုံးခွန်းလောက်ခေါ်ပြီးမှ မေမေက နိုးလာသည်။ ခြင်ထောင်ထဲမှ ထွက်လာပြီး သတ်ဝေခြင်ထောင်နားသို့ လျှောက်လာသည်။

"သားလေး..ဘာဖြစ်လို့လဲ"

"အင်း...ဟင်း..ဟင်း...မေမေ၊ သား ခြေတွေလက်တွေကိုက်ပြီး ခေါင်းမူးနေတယ်"

"ဟမ်၊ ဖျားနေတာလား"

ပြောလည်းပြောဒေါ်နှင်းမြဝေ လက်တို့က သတ်ဝေ နှဖူးပေါ်ရောက်လာသည်။ ပူခြစ်နေသော အထိအတွေ့ကြောင့် သူမလက်များကိုပင် ပြန်ရုတ်မိသွားသည်။ ဟင့်အင်း..မဖြစ်ဘူး။ သားက ဖျားရင်အသည်းအသန်ဖြစ်တတ်သည်။ ငယ်ငယ်တုန်းက အဖျားတွေကြီးပြီး တက်မတက်ချက်မတက်ဖြစ်ခဲ့ပြီး မနည်းအသက်လုထားရတာ။ ချက်ချင်းပင် သားကိုထွေးပွေ့လိုက်သည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now