Chapter-25

2.5K 400 44
                                    

(Unicode)

ခင်မင်မှုသက်တမ်းကြာလာသည်နှင့်အမျှ အစ်မချမ်းမြ၏ သတ်ဝေအပေါ်ထားသည့် သံယောဇဥ်ကို တဖြည်းဖြည်းပို၍ရိပ်မိလာရသည်။ သူ့ဘက်ကမဖြစ်နိုင်၍ဝေးဝေးနေရန်ကြိုးစားသော်လည်း မိန်းကလေးတန်မဲ့ သူမ၏မာနတို့ကိုပင်စွန့်ကာ မိမိ၏မျက်နှာတစ်ချက်အညိုးမခံ အရိပ်အကဲကြည့်ရင်း အနားမှာနေပေးတတ်၍လည်း အားနာရပြန်သည်။ အစ်မချမ်းမြအနေဖြင့် သူ့အနားဤကဲ့သို့ ကပ်တွယ်နေဖို့တောင် သူမအခြေအနေမျိုးဖြင့် မထိုက်တန်ဟု ခံစားရသည်။ ဖြစ်လည်းမဖြစ်သင့်ဟု အောက်မေ့မိသည်။

ထို့ကြောင့် အစ်မချမ်းမြနှင့်အတူရှိသည့်အခါ သတ်ဝေ၏စိတ်တွေ သက်သာပျော်ရွှင်ရသည့်တိုင် တစ်ဆက်တည်းမှာပင် အစ်ကို့အတွက် နာကျင်နေဆဲရှိသည့်နှလုံးသားကြောင့် အစ်မချမ်းမြကို အစားထိုးခံအဖြစ် မသုံးရက်ခဲ့။

တစ်ဖက်တွင်လည်း အားနာမှု၊ အပြစ်ရှိသလိုခံစားရမှုတွေကြောင့် ပစ်ပစ်ခါခါမပြုရက်ပြန်။ ထို့ကြောင့်လည်း မျှော်လင့်ချက်တွေပေးခဲ့သလိုဖြစ်သွားစေခဲ့သလားမသိ။ မမျှော်လင့်ထားသည့်အချိန်တစ်ခုမှာ အစ်မချမ်းမြဘက်မှ message တစ်ခုနှင့်အတူ သတ်ဝေကိုစတင်၍ ဖွင့်ပြောလာခဲ့သည်။ ရိပ်မိနေခဲ့သော်လည်း ထိုမျှ မြန်မြန်ဆန်ဆန်ဖွင့်ပြောလာလိမ့်မည်ဟု မထင်ခဲ့။ ခေတ်နှင့်ရင်ဘောင်တန်းသောအမျိုးသမီးတစ်ဦးအနေဖြင့် အနောက်တိုင်းယဥ်ကျေးမှုအချို့ကိုသက်ဝင်သောအစ်မချမ်းမြက ချစ်ခြင်းကို စတင်ရင်ဖွင့်သူသည် မိန်းကလေးလည်းဖြစ်သင့်သည်ဟု ယုံကြည်လက်ခံထားသူဖြစ်လေသည်။

သတ်ဝေသည်လည်း မိန်းကလေးဘက်မှစတင်ဖွင့်ပြောရလေခြင်းဟုအထင်မသေးရက်ဘဲ အားနာစိတ်တို့သာ ပို၍တိုးရသည်။ မည်သို့တုံ့ပြန်ရမည်မှန်း မဝေခွဲတတ်တော့သည့်အချိန် ဆွေးနွေးတိုင်ပင်စရာမိတ်ဆွေဟူ၍လည်း သက်ဦးထိုက်ကအဝေးမှာ။

"ဒူ...ဒူ...ဒူ..."

သက်ဦးထိုက်အကြောင်း တွေးနေမိချိန် အသံပိတ်ထားမိသော ဖုန်းဆီမှ vibration သံထွက်လာသဖြင့် ကြည့်လိုက်တော့ တိုက်ဆိုင်လွန်းစွာ သက်ဦးထိုက်က ဖုန်းခေါ်နေသည်။ သတ်ဝေရင်ထဲ လှိုက်ခနဲ ဝမ်းသာသွားသည်။ သက်ဦးထိုက် ပြန်ရောက်နေတာများလား။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now