Chapter-18

2.8K 431 70
                                    

(Unicode)

မြောက်ဥက္ကလာ ဆေး(၂) ကျောင်းဝန်းကြီးအတွင်း အဖြူရောင် ဂျူတီကုတ်များဖြင့် ဆေးကျောင်းသူ ဆေးကျောင်းသားလေးများက ပေါ့ပါးသွက်လက်စွာ လူးလားခေါက်တုံ့သွားလာနေကြသည်။

တစ်ချိန်တွင် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မည့် ဆရာဝန်လောင်းလျာများကို မွေးထုတ်ပေးခဲ့သည့်၊မွေးထုတ်ပေးနေသည့်၊ဆက်လက်၍လည်း မွေးထုတ်ပေးသွားမည့် ဆေးတက္ကသိုလ်ကြီးသည် ဝံ့ကြွား ထည်ဝါစွာတည်ရှိနေသည်။

၁၉၆၃ ခုနှစ်တွင် ဆေးကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး  ၂၀၀၅ ခုနှစ် ပါမောက္ခ ဒေါ်သန်းနုရွှေလက်ထပ်တွင် တက္ကသိုလ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။မူလ စတင်တည်ထောင်ခဲ့သည့်နေရာမှာ မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် မြောက်ဥက္ကလာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ကျောင်းဝန်းအတွင်း အရိပ်အာဝါသ ကောင်းမွန်သော သစ်ပင်ကြီးတစ်ပင်၏အောက် ခုံတန်းလေးတစ်ခုရှိနေသည်။ထိုခုံတန်းလေးပေါ်တွင် အေးချမ်းမင်းမြတ်ထိုင်ကာ ထူထဲလှစွာသော Anatomy စာအုပ်ကြီးကို တကုပ်ကုပ်ဖြင့်ဖတ်နေသည်။ ဆေးကျောင်းရောက်တော့ သူ့ရဲ့ မျက်မှန်ပါဝါလည်း ပိုတက်လာသည်။

တစ်ချက်တစ်ချက် ဘေးမှ dictionary စာအုပ်ကိုလည်း ကောက်လှန်လိုက် ဘောပင်ဖြင့်မှတ်သားလိုက်လုပ်နေသည်။ ထိုစဥ် ဘေးသို့ရောက်လာသော အရိပ်တစ်ခုနှင့်အတူ...

"ချမ်း"

အသံကိုကြားသည်နှင့် အေးချမ်းမင်းမြတ် စိတ်ညစ်သွားသည်။ ကျွတ်တစ်ချက်သပ်ကာ စာအုပ်ကိုခုံပေါ်မှောက်ချလိုက်သည်။

"ငါစာဖတ်နေတယ် မင်းရှင်းသန့်၊ငါ့ကို မနှောက်ယှက်နဲ့"

"အို..ချမ်းကလည်း ၊ ရှင်းက ​နှောက်ယှက်ဖို့လာတာမဟုတ်ပါဘူး၊ ဒီမှာ ချမ်းစာဖတ်ရင်း စားရအောင် ပန်းသီးလေးတွေ ရှင်းကိုယ်တိုင် စိတ်လာတာ"

ပြောလည်းပြော အေးချမ်းမင်းမြတ်ဘေးမှာ ဝင်ထိုင်လာသဖြင့် စိတ်ပျက်စွာ မတ်တပ်ထရပ်လိုက်သည်။

"ငါမစားဘူး မင်းရှင်းသန့်၊ မင်းပြန်ယူသွားလိုက်၊ ပြီးရင် ငါနဲ့ဝေးဝေးနေပေး"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now