Chapter-36

2.6K 396 87
                                    


(Unicode)

ငြိမ်သက်တိတ်ဆိတ်လှသော ဆိုင်လေးအတွင်း အနောက်တိုင်းသီချင်းသံစဥ်တစ်ပုဒ်ကခပ်တိုးတိုး လွင့်ပျံ​နေသည်။ ဆိုင်လေးအတွင်း စားပွဲဝိုင်းတစ်ခုချင်းဆီ၌ လူများသည် တစ်ယောက်စနှစ်ယောက်စသာရှိနေပြီး အားလုံးက တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်သာ။ စကားပြောသူအချို့ကလည်း တစ်ဖက်ဝိုင်းမှ ဘာပြောသလဲ နားမထောင်နိုင်လောက်အောင် ညင်သာတိုးညှင်းလှသည်။ အမြင်အာရုံဖြင့်ပင် အထက်တန်းကျသော ဆိုင်တစ်ဆိုင်မှန်း ခန့်မှန်းသိရှိနိုင်လေသည်။

ထိုဆိုင်လေး၏ ထောင့်အကျဆုံးဝိုင်းတစ်ဝိုင်းတွင် ချမ်းမြသီတာထိုင်ရင်း ငြိမ်သက်နေမိသည်။ ငြိမ်းချမ်းနေသော ပတ်ဝန်းကျင်နှင့် ဆန့်ကျင်စွာ သူ့၏ စိတ်အစုံသည် စိတ်လှုပ်ရှားမှုတို့ဖြင့် တစ်စုံတစ်ယောက်အလာကို စောင့်မျှော်နေသည်။ လက်သည်းများကို တုံးတိညှပ်ထားသော လက်ချောင်းများဖြင့် စားပွဲပေါ်သို့ ဖြည်းညှင်းစွာခေါက်၍ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်မိသည်။

အမှန်တကယ်တော့ ချမ်းမြသည်လည်း နူးနူးညံ့ညံ့ တုံးအအနှင့် အလျှော့ပေးတတ်သည့် မိန်းမမျိုးထဲမှာမပါခဲ့ပါ။ မောင့်ကို ချစ်၍သာ မောင့်ဇနီးအနေနှင့်တစ်မျိုး၊အိမ်ရှင်မအနေနှင့်တစ်ဖုံ အစွယ်ချိုးနေထိုင်ခဲ့ခြင်းပင်။ ယခုအချိန်တွင် မိမိ၏ မိသားစုအရေးနှင့်အတူ သားလေးအတွက်တော့ မိမိရင်ဆိုင်ရမည်။ ခင်ပွန်းသည်ကိုယ်တိုင်က မိမိဘက်၌ရှိမနေဘူးဟု ခံစားနေရသော မိန်းမတစ်ယောက်အတွက် သည်ပြဿနာဟာ ရင်ဆိုင်ဖို့ရန် သိပ်ခဲယဥ်းလှသည်။

"မတွေ့တာ ကြာပြီ ချမ်းမြသီတာ"

ခပ်ရှရှ ခပ်ထေ့ထေ့ နှုတ်ဆက်သံနှင့်အတူ သူရောက်လာသည်။ စားပွဲမှာဝင်ထိုင်ရင်း အောင်နိုင်သူအပြုံးမျိုးတစ်ခါတည်း ချိတ်ဆွဲထားသောသူ။ ချမ်းမြ မချိပြုံးပြုံးရင် ကြိုဆိုလိုက်မိသည်။

"ဟုတ်တာပေါ့မင်းမြတ်၊ ဆယ်နှစ်တောင်ရှိပြီလေ"

"နင်တော်တော်ပြောင်းလဲသွားတယ်"

"နင်ကတော့ ဘာမှမပြောင်းလဲဘူး မင်းမြတ်"

"အဟား...ဟုတ်တယ်၊ ငါကတော့ ဘာမှမပြောင်းလဲဘူး၊ ဘယ်သူ့အပေါ်မှာမှ ထားတဲ့ ငါ့ရဲ့သဘောထားမှန်သမျှ အကုန်မပြောင်းလဲဘူး"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now