Chapter-33

2.7K 412 34
                                    

(Unicode)

အတော် နောက်ကျနေသည်အထိ မောင်ပြန်မလာသေးသောကြောင့် သားကိုချီ၍ အိမ်ရှေ့ထွက်စောင့်နေရာ လမ်းထိပ်၌ရပ်သွားသော ကားတစ်စီးပေါ်မှဆင်းလာသော မောင့်ကို လှမ်းမြင်လိုက်ရသည်။မည်သူလဲဟု စိုးရိမ်ပူပန်မှုနှင့်အတူ သူမစိတ်တို့လေးလံလာသည်။အိမ်ရှေ့ထိလိုက်မပို့ခိုင်းဘဲ လမ်းထိပ်မှာပဲ ​ဆင်းသည့်ပုံအရ မောင်ဟာ လိုက်ပို့သူကို သူမတို့အားမသိစေချင်ဘူးဟု ယူဆရသည်။သူမကို မောင်မမြင်ခင် အိမ်ထဲသို့ အမြန်ဝင်ခဲ့လိုက်သည်။သားကတော့ လှမ်းမြင်လိုက်ရသော သူ့အဖေရှိရာသို့ လက်ညိုး တစ်ထိုးထိုး။

"ဖေဖေက အိမ်ထဲ လာမှာလေသားရဲ့"ဟု သားကို ချော့မြူပြီး အိမ်ရှေ့ဧည့်ခန်း၌ ထိုင်နေမိသည်။ညှင်သာသော ခြေလှမ်းများနှင့်အတူ မောင် အိမ်ထဲသို့ဝင်လာသည်။သားကို တစ်ချက်လှမ်းချော့မြူပြီး ဘေစင်၌ လက်သွားဆေးသည်။မောင်ကဆေးရုံ၌ အလုပ်လုပ်သူမို့ ယခုကာလအရ ကူးစက်ရောဂါများကို ကာကွယ်နိုင်ရန် ကျန်းမာရေးစည်းကမ်းများကို အလွန်လိုက်နာရသည်။

"မောင် နောက်ကျတယ်နော်၊မ,ဖုန်းဆက်သေးတယ်"

"ဟုတ်လား၊မောင် silentလုပ်ထားမိတယ်၊ပြီးတော့ ဒီနေ့ဆေးရုံမှာ caseတစ်ခုကြာနေလို့ မောင်နောက်ကျသွားတာ"

Caseတစ်ခုဟူသော မရေရာသော အဖြေနှင့် မောင်က တည်တည်ငြိမ်ငြိမ်ပင်ရှိတာမို့ သူမ ဘာမှ ဆက်မပြောတော့ပါ။သားကိုချီထားလျက်ပင် မောင့်အတွက် ရေတစ်ခွက် ခပ်ပေးလိုက်ရင်း

"မောင် ရေတစ်ခါတည်းချိုးလိုက်တော့လေ၊မ,ထမင်းပွဲပြင်ထားလိုက်မယ်"

"အင်း..၊တာရာလေးရေ ဖေဖေရေချိုးလိုက်ဦးမယ်နော်"

မောင်က သားကို ချော့မြူပြီး ရေးချိုးခန်းဘက်ထွက်သွားသည်။မောင့်အမူအရာတွေက အဆင်ပြေနေပေမယ့် မောင့်မျက်လုံးတွေက ငိုထားမှန်း သူမရိပ်မိနေသည်။မောင်သူနဲ့တွေ့ခဲ့ပြီလား...။ခုနက လိုက်ပို့တာ သူများလား။

သက်ပြင်းအသာအယာချရင်း သားကို သားအတွက် ပြင်ထားသော ထိုင်ခုံလေး၌ထိုင်စေကာ ထမင်းဝိုင်းပြင်ရသည်။သားက ဘာမှမသိဘဲ ခြေထောက်လေးလှုပ်၊လက်ခုပ်လေး တဖက်ဖက်တီးကာ သူမလှုပ်သမျှကို မျက်လုံးကြည်ကြည်တောက်တောက်လေးများဖြင့်လိုက်ကြည့်နေသည်။သူမ ထမင်းပွဲ ပြင်ပြီးတော့ မောင်က ရေချိုးပြီးရောက်လာသည်။ရောက်ရောက်ချင်း သားပါးဖောင်းဖောင်းလေးကို အရင်နမ်းပြီး စားပွဲ၌ဝင်ထိုင်သည်။ သားက ခြောက်လထဲရောက်ပြီမို့ ဖြည့်စွတ်စာ စကျွေးနေပြီဖြစ်သည်။သူမက နို့သိပ်မထွက်၍ သားကို ဖြည့်စွတ်စာ စောစောကျွေးဖြစ်သည်။သားကို ညနေကတည်းက ဖြည့်စွတ်စာကျွေးပြီးပေမယ့် သူမတို့စားလျှင်လည်း သားလိုက်ကြည့်နေမည်စိုး၍ သားအတွက် ပန်းကန်တစ်ခုပါ သားရှေ့ချပေးထားသည်။သားက စားသည်မဟုတ်သော်လည်း သူမတို့လုပ်သလို ဇွန်းဖြင့် ခပ်ကာဆော့ကစားနေသည်။မောင့်ပန်းကန်ထဲကို ဟင်းခပ်ထည့်ပေးတော့ မောင်ကပြုံးသည်။သူမတို့၏ညစာထမင်းဝိုင်းလေးသည် ပုံမှန်လိုပဲ တိတ်တိတ်ဆိတ်ဆိတ်ပြီးဆုံးသွားသည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now