Chapter-31

2.6K 388 31
                                    

၂၀၂၀ ခုနှစ်၊မေလ။

အပြင်၌ မေလမိုးက ခပ်ဖွဲဖွဲရွာသွန်းနေသည်။ဂျူတီပိတ်ရက်မို့ သတ်ဝေ အိမ်၌ရှိနေသည်။လက်ထပ်ပြီးတစ်နှစ်အကြာကတည်းက ငွေရေးကြေးရေးပို၍အဆင်ပြေနိုင်ဖို့ရာ သတ်ဝေရော၊မ,ရော အစိုးရအလုပ်မှထွက်ကာ privateဆေးခန်းတစ်ခု၌အလုပ်ဝင်ဖြစ်ကြသည်။အစိုးရအလုပ်သည် သတ်ဝေတစ်ကိုယ်တည်းအဖို့ အဆင်ပြေခဲ့သော်လည်း မိသားစုနှင့်ဖြစ်လာပြီမို့ လုံလောက်ရုံမျှသာရှိခဲ့သောကြောင့် သံယောဇဥ်တွယ်သော်လည်း ထွက်ခဲ့ရသည်။

ယခု မ,က ကလေးတစ်ဖက်နှင့်မို့ အနားယူထားရသည်။သားလေးခြောက်လပြည့်လျှင် မ,ကအလုပ်ပြန်ဝင်မည်ဟုဆိုသော်လည်း သတ်ဝေ ခွင့်မပြုနိုင်ပါ။အနည်းဆုံးသားဟာ မိခင်ရင်ခွင်နဲ့ အနီးကပ် တစ်နှစ်လောက်တော့နေရမှဖြစ်မည်။

မိုးအေးအေးနှင့်သတ်ဝေဧည့်ခန်း၌ ထိုင်ကာ TVကြည့်နေလိုက်သည်။TV ကြည့်သည်ဆိုတာထက် လေးဖက်ထောက်ကာစအရွယ် တောက်တောက် တောက်တောက်နှင့် ဧည့်ခန်းကြမ်းပြင်မှာ ဆော့နေသော သားငယ်ကို လိုက်ကြည့်နေသည်ဆိုလျှင်ပိုမှန်မည်။သားက သူဆီမှ အမွေအဖြစ် မျက်ဝန်းကြည်ကြည်တောက်တောက်ကလေးကိုရသည်။မ,ရော သတ်ဝေကပါ အသားဖြူကြသူတွေမို့ သား၏အသားအရေက ဝါဂွမ်းဖြူလို နုနုအိအိဖြူဖြူဖွေးဖွေးလေး။သားက သူ့ကို ချီထားတာ၊ချုပ်ထားတာမျိုးကိုမကြိုက်။သူ့စိတ်ကြိုက်လွတ်လွတ်လပ်လပ် ဆော့ကစားနေရတာကိုသဘောကျသည်။

မ,က မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသဖြင့် သတ်ဝေ ကလေးထိန်းလိုဖြစ်နေသည်။ကစားစရာတွေကို ပါးစပ်ထဲကောက်ထည့်မည်စိုး၍ နည်းနည်းမှ မျက်ခြေမပျက်ရဲ။TVမှာ ဘာလာနေမှန်းတောင် အာရုံမရှိ။ထို့ကြောင့် TVပိတ်ဖို့ remote ရှာလိုက်သည်။remoteက သား ကစားစရာတွေနှင့်ရောကာ ဘယ်ရောက်နေမှန်းမသိ။

Remoteရှာတွေ့၍ ပိတ်ဖို့အလုပ် သားဆီမှ အဲ ဟူသော ငိုသံထွက်လာသောကြောင့် TVကို မပိတ်နိုင်တော့ဘဲ သားဆီသို့ပြေးသွားမိသည်။

"သား..ဘာဖြစ်လို့လဲဟင်"

သားက သူ့ကို မျက်လုံးဝိုင်းလေးများနှင့်ကြည့်၍ အုအု အဲအဲလုပ်နေသည်။သားဘောင်းဘီဆီအကြည့်ရောက်မိတော့ ဘာကြောင့်လဲဆိုတာ နားလည်သွားသည်။အသန့်ကြိုက်သောသားက သူ့ဘာသူ သေးပေါက်ချပြီး ဘောင်းဘီစိုနေလျှင် ငိုတတ်သည်။သားကို ဘောင်းဘီလဲပေးဖို့ ချီမလိုက်တော့ သားကသေးပေါက်ရုံတင်မဟုတ်တာကို နားလည်လိုက်သည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now