Chapter-22

2.6K 411 37
                                    

(Unicode)

Wait for me ဟုသောစာလေးချန်ခဲ့သော အစ်ကိုကို ခဏပြန်သွားသည်ဟု တွေးဆကာ ပထမနှစ်ပတ်တွင်တော့ သတ်ဝေ အေးဆေးနေနိုင်ခဲ့သည်။ အချိန်တန်လျှင် အစ်ကိုလာမည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ရက်သတ္တပတ်နှစ်ပတ်မှနေ၍ လေးပတ်၊ တစ်လဖြစ်လာသည့်အချိန်တွင်မူ အနည်းငယ်စိုးရိမ်စိတ်ဝင်လာမိသည်။

ဆက်သွယ်စရာ ဖုန်းလည်းမရှိ၊ဖုန်းနံပါတ်လည်းမသိ။ အစ်ကို့ဖုန်းနံပါတ်လေးတောင် မေးမထားမိသည့် ကိုယ့်ကိုယ်ကို အပြစ်တင်မိရသည်။

နောက်ဆုံး လိုက်စုံစမ်းရင်း အစ်ကို့သူငယ်ချင်းဂိုက်ဆရာအစ်ကိုထံမှ ဖုန်းနံပါတ်ရ၍ ဖုန်းဆိုင်တွင် သွား၍ဆက်ကြည့်ခဲ့ရာ ဖုန်းက စက်ပိတ်ထားလေသည်တဲ့။ ထိုအစ်ကိုကတော့ ဖုန်းနံပါတ်ပြောင်းသွားတာဖြစ်နိုင်သည်ဟုဆိုသည်။ ဆက်သွယ်စရာလမ်းစပျောက်သွားသည့်အခါ အစ်ကိုအလာကိုသာ လည်တမော့မော့မျှော်ရစ်ရတော့သည်။

ဤသို့နှင့် ရက်စွဲတို့က တစ်လမှ နှစ်လဖြစ်လာသည့် အချိန်တွင်တော့ သတ်ဝေ ရင်ထဲအပူမီးတို့ တောက်လာရသည်။ တနင့်နင့်သောလွမ်းစိတ်တို့က ညအိပ်ရာဝင်ချိန်တို့ကို နှောက်ယှက်သည်။ အစ်ကိုများရောက်နေမလားဟု ပြန်အပ်ပြီးသော အိမ်လေးရှေ့သို့ စက်ဘီးဖြင့် ရောက်သွားရသည်မှာလည်းအခါခါ။ သော့ခတ်ထားသော အိမ်လေးက သတ်ဝေကိုအမြဲရင်နင့်စွာကြိုဆိုသည်။

အစ်ကိုထားခဲ့သော ဂစ်တာဖြင့် အစ်ကိုသင်ပေးခဲ့သော သီချင်းတစ်ပုဒ်ကိုသာ ထပ်ခါထပ်ခါတီးခတ်နေမိသည်။ အဘွားတို့ကိုတော့ ဂစ်တာက သူငယ်ချင်းတစ်ယောက်ဟာဟုလိမ်ထားမိသည်။

ဘာတွေများလုပ်နေလို့လဲ အစ်ကို။ အစ်ကို အမြန်လာပြီး ကျွန်တော့်ကို ဖြေရှင်းချက်တစ်ခုခုပေးပါတော့။ စောင့်ရတာ ကျွန်တော်ရင်မောလှပြီ။

ရှစ်တန်းအခန်း၌ စာသင်ရင်းပြတင်းပေါက်ကနေ အစ်ကို လှမ်းခေါ်မလားလို့ ခဏခဏလှမ်းကြည့်ရတာလည်း မောလှသည်။ ကျွန်တော်အဆင်ပြေမနေဘူးအစ်ကို။

အစ်ကို ကျွန်တော့်ကို ထားသွားတာလားဆိုတဲ့ အတွေးတွေကိုလည်း ခဏခဏမောင်းထုတ်နေရသည်။ ကျွန်တော်အဲလို မတွေးချင်ဘူး။ အစ်ကို့ကို ကျွန်တော် ယုံချင်တယ်။ ထာဝရ ယုံချင်တယ် အစ်ကို။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now