Chapter-24

2.6K 398 50
                                    

(Unicode)

အစ်မချမ်းမြက ဆိုခဲ့သည့်အတိုင်း နောက်ရက်များတွင် သတ်ဝေထံမှ သူမဖတ်လိုသည့်စာအုပ်များကို ငှားရမ်းတတ်ပြီး သူမထံမှလည်း သတ်ဝေမဖတ်ရသေးသည့် စာအုပ်များကို ယူလာပေးတတ်သည်။ အစ်မချမ်းမြသည် တပ်ထားသည့်မျက်မှန်၏ပါဝါအလိုက် စာဖတ်အားလည်း အလွန်ကောင်းသူပင်ဖြစ်သည်။ ကျောင်းစာများအပြင် အခြားစာအုပ်များကိုပါ အချိန်ပြည့်ဖတ်ရှုနေတတ်သည်။

"သတ်ဝေလေး"

လူနာဖိုင်တွဲများကို စီနေရင်း မော့ကြည့်လိုက််တော့ အစ်မချမ်းမြ။

"ဒီမှာ သတ်ဝေ လိုချင်တယ််လို့ ပြောဖူးတဲ့စာအုပ်လေး၊ အစ်မ မနေ့ကမြို့ထဲသွားရင်း တွေ့လို့ ၀ယ်လာတာ"

"အာ ကျေးဇူးပါ အစ်မချမ်းမြ၊ ကျွန်တော် ပြီးရင် ပိုက်ဆံ ပေးမယ်နော်"

"ရတယ် မပေးနဲ့တော့ အစ်မလက်ဆောင်ပေးတာ"

"ဟာ မဟုတ်တာဗျာ၊ အားနာစရာ"

"အားနာစရာ မလိုပါဘူး သတ်ဝေလေးရဲ့၊ ဒီလထဲ မွေးနေ့ရှိတယ်မဟုတ်လား၊ မွေးနေ့အကြိုလက်ဆောင် သဘောထားလိုက်"

"အာ...ကျွန်တော့်မွေးနေ့ရှိမှန်း ဘယ်လိုသိလဲ"

သတ်ဝေ မွေးနေ့များကို တိတ်တဆိတ်ဘာသိဘာသာပဲ ကျော်သွားဖြစ်ခဲ့တာများခဲ့ပါပြီ။

"ဒီလိုပဲ သိတာပေါ့"

အစ်မချမ်းမြက ပြံးစစပြုရင်းဆိုသည်။

"ဒါဆိုရင်တော့ အားနာနာနဲ့ပဲ ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီစာအုပ် ကျွန်တော်လိုချင်နေတာ ကြာပြီ"

"သတ်ဝေလေး သဘောကျရင် ကျေနပ်ပါပြီ"

"ဒါနဲ့ အစ်မချမ်းမြကို ကျွန်တော် တစ်ခုခုလိုက်ကျွေးမယ်လေ"

"တကယ်လား၊ စာအုပ်ဖတ်ရင်း အေးဆေးထိုင်လ်ို့ရတဲ့ဆိုင်အစ်မတွေ့ထားတယ်"

"အာ့ဆို သွားကြမယ်လေ"

"အင်း...နှစ်ယောက်လုံး ဂျူတီ off တဲ့ ရက်ရှာပြီးသွားကြမယ်"

"ဟုတ်"

လူများသည် ကိုယ်နှင့်စိတ်ချင်းတိုက်ဆိုင်သည့်လူ၊ သဟာဇတဖြစ်သည့်လူတို့နှင့် လျင်မြန်စွာ ရင်းနှီးလေ့ရှိသည့်သဘာဝအတိုင်း မချမ်းမြနှင့်သတ်ဝေသည်လည်း အချိန်တိုအတွင်း ရင်းနှီးခင်မင်ခဲ့သည်။ အသေအချာစကားပြောကြည့်သည့်အခါ မချမ်းမြသည် ထင်သလောက်မာနမကြီးသည်ကိုလည်း သိလိုက်ရသည်။ ဖော်ရွေသည့် အပြင် စကားပြောလည်းကောင်းသော မချမ်းမြကို သတ်ဝေအမှန်တကယ်ပင် ခင်မင်မိသည်။ ထို့ပြင် အလုပ်သင်ဆရာဝန်လေးဦးထဲ ကိုရှင်းသန့်နှင့် မချမ်းမြက သတ်ဝေတို့နှင့် ဂျူတီအတူတွဲကျတာများသည်။ ထို့ကြောင့် မချမ်းမြနှင့် သတ်ဝေပို၍ ရင်းနှီးလာရခြင်းဖြစ်သည်။ သို့ပေမဲ့ ထူးဆန်းစွာ မချမ်းမြနှင့် ရင်းနှီးသလောက် ကိုရှင်းသန့်နှင့်တော့ ဌာနပြောင်းသွားသည်အထိ ခပ်စိမ်းစိမ်းဖြစ်မိသည်။ ဘာကြောင့်ရယ်မသိ ရံဖန်ရံခါ အကြောင်းပြချက်မရှိပါဘဲ ကိုရှင်းသန့်အား မနှစ်မြိုသလို ခံစားရသည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now