~25~

897 82 11
                                    

#Unicode

အိပ်ဆောင်တစ်ခုတွင်တော့ တစ်ယောက်သော သူသည်ကား ကုတင်လေးပေါ်တွင် ခြေထောက်လေး ဆင်းကာ ထိုင်နေ၏။

မျက်နှာသည်ကား နေရခက်နေရဟန်။

"နောင်ကြီး ငယ်လေး ဘာသာ အဆင်ပြေအောင် လုပ်နိုင်ပါတယ်...

ဆေးလောက်တော့ ငယ်လေး လိမ်းနိုင်ပါသေးတယ် ဗျာ..."

"ငြိမ်ငြိမ်နေလို့ ဆိုထားတယ် မဟုတ်လား ကလေးငယ်...."

နောင်ကြီးက ငယ်လေး၏ ခြေထောက်အား ဂရုတစိုက် ကိုင်ကာ ဆေးကို ခပ်ဖွဖွ လိမ်းပေးနေ၏။

ထို့နောက် ပတ်တီးအား စနစ်တကျဖြင့် ဂရုတစိုက် စည်းပေးနေသည်။

ထိတွေ့လိုက်သမျှသော နောင်ကြီး၏ လက်သွယ်သွယ်တို့သည်ကား ခြေထောက်ကလေး ကျိုးပဲ့သွားမည် စိုးသည့်အလား ခပ်ဖွဖွသာ လုပ်ဆောင်နေ၏။

ဤလက်အစုံသည်ကား ဓားရှည်အား ကိုင်ဆောင်လျက် ရက်စက်တတ်သော လက်ချောင်းတို့ဖြစ်သည်ဟု ဆိုပါလျှင်မူ ဤ အခြေအနေအရ ယုံကြမည့်ဟန် မပေါ်ပေ...

ငယ်လေးသည်ကား ငြိမ်ငြိမ်နေဟူသော စကားလုံးတို့အောက် ငြိမ်သက်သွားပါသော်လည်း မျက်ဝန်း တောက်တောက်ကလေးများကမူ အငြိမ်မနေနိုင်ချေ။

နာကျင်မည်စိုးကာ ခပ်ဖွဖွလှုပ်ရှားနေသော နောင်ကြီး၏ လက်ချောင်း သွယ်သွယ်တို့အား မျက်ချည်မပြတ် လိုက်လံကြည့်ရှုနေမိ၏။

အကြောင်းပြချက် ရေရေရာရာမပေးနိုင်ပဲ လိုက်ကြည့်နေရခြင်းသည်ကား ထိုလက်ချောင်းသွယ်သွယ်တို့က လှရက်လွန်းနေခြင်းကြောင့်သာ.....

ငယ်လေး စိုက်ကြည့်နေသည်ကို သတိထားမိသွားသော နောင်ကြီးက ပတ်တီးစည်းနှောင်ခြင်းအမှုအား ပိုမို နူးညံ့စေလိုက်သည်။

"ဘာလို့လဲ ကလေးငယ်၊ နာလို့လား...."

"ဗျ.. ဗျာ...! မဟုတ်ပါဘူး။ အဆင်ပြေပါတယ်....."

ထိုအခါမှ နားရွက်ဖျားကလေးများ နီရဲသွားကာ မျက်နှာလွှဲသွားခဲ့သည်။ ဤသည်ကိုမြင်တော့ နောင်ကြီးက ပြုံးသည်။

နောင်ကြီးက ပြုံးခဲသည်။ အထူးသဖြင့် ဤသို့ နှစ်နှစ်ကာကာ ပြုံးသော အပြုံးမျိုးအား အတော်ပင်ပြုံးခဲသည်။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now