~34~

627 60 3
                                    

#Unicode

"ကျွန်တော်မျိုး မိုက်ပြစ်ပါ။ ကျွန်တော်မျိုး မှားခဲ့ကြောင်းပါဘုရား။ မှားမှန်းသိပါပြီဘုရား။ အမှားကို သုံးသပ်မိပြီး အမှန်ကို ပြင်တော့မှာမလို့ တစ်ကြိမ်တစ်ခါမျှ ခွင့်လွှတ်ပေးတော်မူပါ....အရှင်မင်းကြီးဘုရား..."

ငယ်လေးကမူ မြေပြင်၌ ပြားပြားဝပ်ကာ တောင်းပန်နေသူ အမတ်ကြီးအား အမူအရာ တစ်စုံတစ်ရာမပြပဲ အေးစက်စက်မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။ အတော်ကြာ စိုက်ကြည့်နေရင်းမှ မဲ့ပြုံးတစ်ချက်ပြုံး၏။ ထို့နောက် ဘုရင့်အမှတ်တံဆိပ်ပါသော တံဆိပ်ပြားလေး တစ်ခုအား ထုတ်ယူလိုက်ကာ လက်၌ချိတ်ဆွဲပြရင်း....

"ဒါဖြင့် ဒါလေးကရော...? ကြည့်ချေစမ်းပါဦး အမတ်ကြီး...."

ငယ်လေး၏ အမိန့်ကြောင့် အမတ်ကြီးသည်ကား အသာအယာမော့ကြည့်ချေ၏။ တောင်းပန်နေသော်ငြား ၊ နောင်တရသည့်အမူအရာ တစ်စုံတစ်ရာ မတွေ့ရသော်ငြား ထိုတံဆိပ်ပြားလေးကို မြင်သော် သိသိသာသာ မျက်နှာပျက်သွားလေ၏။

"ဘယ်... ဘယ်လိုလုပ်ပြီး အရှင်မင်းကြီးထံ...."

"ဟုတ်သားကွယ်။ ဘယ်လိုလုပ်ပြီးများ ကိုယ်တော့်လက်ထဲ ရောက်ရှိနေပါလိမ့်..! မောင်မင်း မသိချင်ဘူးလား..."

"အရှင်... အရှင်မင်းကြီးက ဘာကို ဆိုလိုချင်တာပါလဲ ဘုရား..."

"ငြင်းချေဦးမလို့လား အမတ်ကြီး။ အမတ်ကြီးရဲ့ ပစ္စည်းမဟုတ်ချေဘူးပေါ့လေ။ ဟုတ်စ....!!"

"......."

"ဟောဒီက တံဆိပ်ပြားဟာ ဘိုးတော်ဘုရား သက်ရှိထင်ရှားရှိစဥ်က အမတ်ကြီး တစ်ဦးတည်းကိုသာ ချီးမြှောက်ခဲ့တဲ့ တံဆိပ်ပြားမဟုတ်ပါလား....

ငယ်ငယ်ရွယ်ရွယ်နဲ့ စွမ်းဆောင်နိုင်စွမ်းရှိသူကို နှစ်ခြိုက်တော်မူလွန်းလို့ မင်္ဂလာလက်ဆောင်မွန်အဖြစ် ချီးမြှောက်ခဲ့တယ်ဆိုပဲ...

ကမ္ဘာမှာ တစ်ခုသာရှိပြီး ချီးမြှောက်ခံရသူကလည်း တစ်ယောက်သာ ရှိတယ်တဲ့။ အဲ့ဒီသူက အမတ်ကြီးပဲ မဟုတ်ပါလား..."

ဤမျှတိကျလှသော အမေးအား ငြင်းဆိုမိပါက ပို၍ အထင်လွဲသွားနိုင်သည်သာရှိကြောင်း သိသော အမတ်ကြီးသည်ကား လှည့်ပတ်ကာ ဝန်ခံရန်ပြင်၏။

ရင်​ကိုစိုက်​သော ဆူး {Unicode}+{Zawgyi}Where stories live. Discover now