Unicode
ကောင်းကင်ဘုံကလှပတယ်လို့ လူတိုင်းပြောကြတယ်။ အမြဲတမ်းပွင့်လန်းနေတဲ့ပန်းမန်သစ်ပင်တွေနဲ့ တေးသီချင်းသီကျူးကြတဲ့ ငှက်ငယ်တွေ။ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းငယ်တွေရယ် အများကောင်းကျိုးကိုသယ်ပိုးကြတဲ့ နတ်သား နတ်သမီးတွေနဲ့အတူ ကောင်းကင်ဘုံကလှပလွန်းပါတယ်တဲ့။
ဒါပေမယ့် ခုသူရောက်နေတာ ကောင်းကင်ဘုံလား ငရဲပြည်လားဆိုတာ Jiminတစ်ယောက်မသေချာတော့။ နေရောင်ခြည်မဝင်တဲ့ အလုံပိတ်အခန်းငယ်ရယ်။ ဆောင်းတွင်းထက်အေးစိမ့်လွန်းတဲ့အအေးရှိန်ရယ်။ အရင်ကနဲ့မတူ မုန်းတီးစိတ်နဲ့ကြည့်နေကြမယ့် နတ်သား နတ်သမီးတွေရယ်။
ငါကြောက်နေပြီ Taehyung ရယ်။ အခုချိန်မင်းသာအနားမှာရှိနေရင်သိပ်ကောင်းမှာပဲ။
Jeon Justin ရဲ့သေဆုံးမှုကြောင့် Jimin ကောင်းကင်ဘုံကိုခေါ်လာခံရပြီး ထိန်းသိမ်းခံနေရတာ တစ်ပါတ်လောက်ရှိပြီ။ စစချင်းခေါ်လာခံရတဲ့နေ့ကတည်းက တစ်ရက်မှ သူ့ကိုမလွမ်းတဲ့နေ့မရှိဖူးခဲ့။
ပြီးတော့ Raphael။
ငယ်ငယ်တည်းက သူ့ကိုထိန်းကျောင်းလာပြီး ပညာသင်ပေးခဲ့တဲ့ ဆရာ။ ရောက်လာတဲ့နေ့ကတစ်ခါလာတွေ့ပြီးအကျိုးအကြောင်းပြောသွားတာ ခုဆို တစ်ပါတ်ရှိပြီ။ မျက်နှာမမြင်ရသေး။မဟုတ်မှလွဲရော….. ဆရာကပါငါ့ကိုလက်လျှော့လိုက်တာလား??
ငုတ်တုပ်ကလေး ဒူးခေါင်းပေါ်မျက်နှာအပ်ပြီးငိုကြွေးဖို့အသင့်ဖြစ်နေချိန်မှာ ကြားလိုက်ရတဲ့ တံခါးဖွင့်သံ။ နွမ်းနယ်နေပြီဖြစ်တဲ့ မျက်လုံးအစုံကို တံခါးဝဆီပို့လိုက်လေတော့တွေ့လိုက်ရတာက နတ်သား Marian.
"နတ်သား Jimin . အပြစ်ဒဏ်ခံယူဖို့ အချိန်ရောက်ပြီ။ အကိုတော်နဲ့လိုက်ခဲ့ပါ"
သက်ပြင်းချသံခပ်တိုးတိုးနောက်မှာ နုနယ်တဲ့ခြေဖဝါးဗလာနဲ့ ကြမ်းခင်းတို့ထိမိသံကကပ်ပါလာတယ်။
အပြစ်ဒဏ်ကိုခံယူဖို့ရာ လျှောက်လှမ်းခဲ့တဲ့လမ်းတစ်လျှောက်လုံး မုန်းတီးတဲ့အကြည့်တို့ကလိုက်လာတယ်။ ဟိုတစ်စု ဒီတစ်စု ကောင်းကင်ဘုံအမှုထမ်းတို့ကြားထဲမှာ ရင်းနှီးနေတဲ့ မျက်နှာတွေကိုရှာကြည့်လေတော့ Ezekiel ရဲ့ စိတ်ပူနေတဲ့မျက်နှာကအထင်းသား။ ပြုံးပြရုံကလွဲပြီး Jimin ဘာမှမတတ်သာခဲ့။