Unicode
သောကြာနေ့ညတွေဟာအရိုင်းဆန်တယ်။
သိုးမည်းတို့ရဲ့စားကျက်မြေကတော့ပိုဆိုးပေါ့။
Black Sheep Bar ကိုလူသားတွေဟာတစ်ညတာပျော်ပါးပြီးရူးသွပ်ဖို့လာကြသလိုမျိုး အောက်ဘုံကသူတွေကလည်းအစာရှာဖို့လာကြတယ်။
ဝါကျင့်ကျင့်မီးအလင်းအောက်မှာခန္ဓာကိုယ်တွေဟာပူးကပ်လို့။ ခပ်ပြင်းပြင်းအရက်ခွက်ကိုကိုင်ပြီးစကားပြောနေကြတာရှိသလို အချင်းချင်းတံတွေးဖလှယ်နေကြတာလည်းရှိလေတယ်။
အန္တရာယ်ကိုမသိတဲ့လူသားတွေဟာ သူတို့ထက်ပိုအားကြီးတဲ့ ပိုရက်စက်တဲ့သားရဲလိုသူတွေကြားထဲမှာပျော်မွေ့တယ်။
Jimin? ဖြူစင်တဲ့ Jimin အတွက်တော့အရာရာဟာအစိမ်းသက်သက်။
အချင်းချင်းနမ်းရှုံ့နေကြတာ၊ကိုယ်တွေပူးကပ်ပြီးသာယာမှုကိုရှာနေကြတာတွေကိုသူ့မျက်စိရှေ့မှာမြင်နေပေမယ့်မယုံနိုင်သေး။
အာ...အောက်ဘုံကသူတွေရဲ့ ပုံမှန်ညတာကိုဒီလိုကုန်ဆုံးတာပါလား!
"ဘာကထူးဆန်းနေတာလဲ ကောင်လေး? Vampire တွေက Bar အလယ်မှာလူသားတွေလည်ပင်းကိုကိုက်ပြီးသွေးစုပ်နေတာကလား? ဒါမှမဟုတ် အပေါ်ဝတ်မရှိတဲ့ Demon တွေလား?"
စကားသံတိုးတိုးဟာ ခပ်ရှရှ။ အေးစက်နေတဲ့လေဟာ သူ့ရဲ့ပါးစပ်ကထွက်ပြီး Jimin ရဲ့နားအောက်ပိုင်းနဲ့လည်တိုင်တို့ကိုဖြတ်သွားတယ်။
လှည့်ကြည့်မိလိုက်တော့ထိုသူရဲ့မျက်နှာဟာ Jimin နဲ့နီးကပ်လို့နေတယ်။ မျက်လုံးတွေထဲမှာအနီရောင်က တဖြတ်ဖြတ်။ နှုတ်ခမ်းနီနီတွေဟာလှောင်ပြုံးတစ်ခုကိုသယ်ဆောင်လို့။ ပါးစပ်ဟလိုက်တော့တွေ့လိုက်ရတာက အစွယ်ဖြူဖြူနှစ်ချောင်း။
"ဒါမှမဟုတ်..."
ပြောရင်းနဲ့ထိုသူဟာ Jimin ရဲ့နားရွက်နားကိုထပ်မံကပ်လာပြန်တယ်။
"ဒါမှမဟုတ်....မင်းက အကိုက်ခံကြည့်ချင်နေတာလား?"
"Sable....ခေါင်းနဲ့ကိုယ်တခြားဆီမဖြစ်ချင်ရင် ခုချက်ချင်းရပ်လိုက်တာကောင်းမယ်"