Unicode
လူ့ဘုံအရပ်ရှိ မိဘမဲ့ဂေဟာတွင်ဖြစ်လေသည်။
ဂေဟာမှူး Impius တစ်ယောက်ညနေစာချက်ရင်း သီချင်းညည်းနေစဉ်။
"ဂေဟာမှူး ဂေဟာမှူး"
မိဘမဲ့ဂေဟာတွင်နေထိုင်သော ကလေးများထဲမှ အချို့ မီးဖိုချောင်ဆီသို့ပြေးလာကြခြင်း။
"Hmmm ကလေးတွေ ဘာဖြစ်လို့လဲ?
ညနေစာကခဏနေရင်ရတော့မှာ အရှေ့မှာသွားစောင့်နေကြလေ"
Impius တစ်ယောက် ဟင်းအိုးကိုမွှေရင်း အပြေးရောက်လာသောကလေးများကို အဖြေပေးလိုက်သည်။
ကလေးများထဲမှ တစ်ယောက်ကခေါင်းကိုတွင်တွင်ခါရင်းပြောသည်။
"မဟုတ်ဘူး ဂေဟာမှူး။ အရှေ့မှာ လူတစ်ယောက်ရောက်နေတယ်။ ဂေဟာမှူးကိုသွားခေါ်ပေးဆိုလို့"
Impius၏လက်များရပ်တန့်သွားသည်။
လူတစ်ယောက်??? ပုံမှန်ဆို သူ့ရဲ့မိဘမဲ့ဂေဟာကို ဧည့်သည်မလာတတ်တာကြောင့် Impius ရုတ်တရတ်တွေဝေသွားလေသည်။
ပုံမှန်မဟုတ်တဲ့မိဘမဲ့ဂေဟာကို ဘယ်သူမှ အပျော်သဘောနဲ့ဖြစ်ဖြစ် ကလေးမွေးစားဖို့ပဲဖြစ်ဖြစ်မလာတတ်ကြဘူး။
မိဘမဲ့ဂေဟာက ကလေးတိုင်းက လူသားမဟုတ်တာကလည်း ဧည့်သည်မလာရတဲ့အကြောင်းအရင်းတစ်ချက်ပင်။
နတ်သူငယ်လေးတွေကစလို့ သွေးစုတ်ဖုတ်ကောင်အလယ် နတ်ဆိုးအဆုံး သူ့ရဲ့မိဘမဲ့ဂေဟာမှာနေထိုင်ကြတယ်။
ပြီးတော့အဲ့ဒီကလေးတွေကိုဘယ်သူကမှမမွေးစားချင်ကြဘူး။ ကလေးတွေကအရွယ်ရောက်မှသာ သူတို့လမ်းသူတို့လျှောက်ကြရတယ်။
အဲ့ဒီတော့ ဂေဟာမှူးနဲ့တွေ့ချင်တယ်ဆိုတဲ့ ဧည့်သည်ကလည်း လူသားတစ်ယောက်ဖြစ်နိုင်စရာအကြောင်းမရှိပေ။
Impius မီးဖိုခလုတ်ကိုပိတ် လက်ကိုသုတ်ပြီး ဂေဟာရှေ့ကိုထွက်ဖို့ပြင်လိုက်တယ်။ ပြီးတော့ ဂေဟာမှူးကိုဝိုင်းကြည့်နေကြတဲ့ ကလေးတစ်သိုက်ကိုပြောတယ်။
"ကလေးတွေ…. အကုန်လုံးကိုယ့်အခန်းမှာကိုယ်သွားနေ ဘာအသံကြားကြား အပြင်ထွက်မလာနဲ့ ချက်ကိုချထား"