Episode 13

2K 156 1
                                    

Unicode

" ဘာတွေဖြစ်လာတာလဲ သား။မျက်နှာလည်း မကောင်းပါလား "

မျက်နှာကြီး မှုန်ကုတ်ကာ အိမ်ပြန်လာသော သားဖြစ်သူကြောင့် ဒေါ်စန္ဒာမိုး ရင်ပူသွားရသည်။သားမျက်နှာကို အမြဲ အရိပ်တကြည့်ကြည့်နဲ့ နေလာတဲ့သူမို့ သားလေး မျက်နှာပျက်နေတာ တအားကို သိသာသည်။ဟိုတလောကပင် စက်ရုံမှာ ပြဿနာ တက်ထားသေးတာကြောင့် အခုရော ဘာတွေ အဆင်မပြေဖြစ်လာပြန်ပြီလဲ။

" ဘာမှ မဖြစ်ပါဘူး မေမေရယ်။ဒီအတိုင်း အလုပ်ကိစ္စနည်းနည်း ပိနေလို့ပါ "

ဘာမှမဖြစ်ဘူးသာပြောတယ် ကားတံခါးကို အကြမ်းပတမ်း ဆောင့်ပိတ်ချလိုက်တာကြောင့် ဒီကောင်လေး ဒေါသထွက်နေတာ သေချာသည်။အမေကိုတောင် စကားကောင်းကောင်း ပြန်မပြောနိုင်ဘဲ အပေါ်ထပ်ကို ဒုန်းစိုင်းတက်သွားတာ။မိုးညကောင်းကင်တစ်ယောက် ဒီတလော စိတ်ပူရအောင် သိပ်လုပ်တာပဲ။

ပြန်လာခါနီး ကားထဲထိ အတင်းလိုက်လာတဲ့ စက်ပိုင်ထွဋ် ကြောင့် စိတ်ရှုပ်နေပါတယ်ဆို အိမ်ပြန်ရောက်တော့ မေမေကလည်း တစ်မျိုး မေးလာပြန်သည်။သူ့မျက်နှာက ဘာဖြစ်နေလို့လဲ အရင်ကလည်း ဒီအတိုင်းပဲကို။နောက်ပြီး ဟိုကောင် စက်ပိုင်ထွဋ် သူ့ဆီလာတွေ့တဲ့ကောင်မလေးက သူ့ကောင်မလေး ဟုတ်ဟုတ်၊မဟုတ်ဟုတ် ကိုယ်နဲ့ ဘာဆိုင်လို့ အတင်းတွေ လိုက်ရှင်းပြနေရတာလဲ။

ရေမချိုးချင်သေး၍ ဖုန်းဖွင့်ကာ Online တက်ကြည့်မိတော့ Noti Bar မှာ 99+ဆိုပြီး မနည်းမနောဝင်ထားသည်။ အလုပ်တွေရှုပ်နေ၍ လိုင်းမသုံးမိတာ လေးငါးရက်လောက်ရှိနေပြီကိုး။Noti တွေ တစ်ချက်စစ်နေရင်းမှ Satt Paing Htut ဆိုပြီး account request ပို့လာတာကြောင့် တွေဝေခြင်း မရှိဘဲ ချက်ချင်း cancel ပစ်လိုက်၏။

စက်ပိုင်ထွဋ် နာမည်တွေ့မှ ကိုငယ့်ဆီ ဖုန်းဆက်ဖို့ကို သတိသွားရသည်။

ဖုန်းက တတူတူနှင့် ဝင်နေပေမဲ့ မကိုင်သေး။ပထမ တစ်ကြိမ်ဖုန်းကျသွားတာကြောင့် ဒုတိယ တစ်ကြိမ် ထပ်ခေါ်ကြည့်လိုက်သည်။ဒီတစ်ခါမှ မဝင်ရင်တော့ ရေချိုးခန်းထဲ ဝင်တော့မည်။

"အေး..ဟယ်လို မိုးည ပြော။ငါ ရေချိုးခန်းထဲ ဝင်နေလို့ "

ဖုန်းမကိုင်တုန်းကလည်း စိတ်တိုနေမိသလို ကိုငယ် ဖုန်းကိုင်ပြန်တော့လည်း တစ်မျိုးစိတ်တိုမိပြန်သည်။

မြတ်နိုးချစ်Where stories live. Discover now