Episode 39

2.1K 136 22
                                    

Unicode

" ရော့ စားကြည့် အစ်ကိုကြီး။ဒီဆိုင်က မုန့်ဟင်းခါးတော်တော် ကောင်းတာ "

စားပွဲထိုးလေး လာချပေးတဲ့ မုန့်ဟင်းခါးပန်းကန်တစ်ခုကို သူ့ဘက်အရင်ချပေးပြီး ရှင်းသန့်ဇော်က ပြောလာသည်။အဖြူရောင် ကြွေပန်းကန်ထဲမှ မုန့်ဖတ်မျှင်မျှင် အရည်ကျဲပေမဲ့ ငှက်ပျောအူဖတ်တွေ၊ဘဲဥခြမ်းလေးတွေနဲ့ မုန့်ဟင်းခါးအနံ့လေးက မွှေးနေတာပဲမို့ စားတော့စားချင်စရာပင်။ပထမတစ်လုတ် ဇွန်းနှင့် ခပ်စားကြည့်လိုက်တော့ အရသာက ကောင်းနေ၍ ဦးညအတွက်ပါ ပြန်ဝယ်သွားရန်တွေးထားလိုက်သည်။

" မဆိုးဘူးနော်..ကောင်းတယ် "

သူမှတ်ချက်ပြုလိုက်တော့ ရှင်းသန့်ဇော်က ဟီးခနဲရယ်ချပြီး...

" လက်ဖက်ရည်လည်းရတယ် အစ်ကိုကြီး။မန်နေဂျာအတွက်ပါ ပြန်ဝယ်သွားပေးမယ်လေ။မန်နေဂျာ မုန့်ဟင်းခါးကြိုက်တယ်မလား "

ဦးညလည်း သူ့လိုပင် တော်ရုံတန်ရုံအစားမရွေးတတ်။မကြိုက်တာကရှားသည်။

" ကြိုက်ပါတယ် "

စက်ပိုင်ထွဋ်ကတော့ လက်ဖက်ရည်မကြိုက်၍ မသောက်။ရှင်းသန့်ဇော်ကတော့ ကျစိမ့်လေးသောက်လိုက် မုန့်ဟင်းခါးစားလိုက်နှင့် အလုပ်ဖြစ်နေသည်။
ထိုစဥ်မှာပဲ...

" သန့်တို့ ဒီရောက်နေမယ်ထင်သားပဲ "

နှစ်ယောက်စလုံး အသံတိတ်ကာစားနေရင်းက မော့ကြည့်မိတော့ ငြိမ်းချမ်းအောင်နှင့် မိုးည။ဆိုင်ထဲမှာ လူရှုပ်နေတာကြောင့် ကိုချမ်းတို့ ဝင်လာတာတောင် သတိမထားမိလိုက်။

" ကိုချမ်း...မန်နေဂျာပါ ပါလာတာလား။တစ်ခါတည်းစားသွားလေ "

ဦးညကို မြင်တော့ သူ့အိမ်မှာလိုပင် ရှင်းသန့်ဇော်က ပျာပျာသလဲ ဧည့်ဝတ်ပြုသည်။

" ကိုမိုးအတွက်က ပါဆယ်ပဲပြန်ယူသွားမယ် "

ငြိမ်းချမ်းအောင်က စက်ရုံမှာ နှစ်အနည်းငယ် အလုပ်လုပ်ခဲ့ဖူးတာမို့ မိုးညအကြောင်းကိုသိနေ၍ ဝင်ပြောလိုက်ခြင်းဖြစ်သည်။နောက်ပြီး ငြိမ်းချမ်းအောင်က ရှင်းသန့်ဇော်ဘေးမှာဝင်ထိုင်ရင်းက မျက်နှာရိပ်၊မျက်နှာကဲ ပြလိုက်သောကြောင့် ရှင်းသန့်ဇော် မသိမသာ မော့ကြည့်၏။တည်တည်ကြီးနှင့် မိုးညမျက်နှာကို တစ်ချက်သာကြည့်ပြီး ပြန်ငုံ့ကျသွားကာ သူ့မုန့်သူပြန်ဆက်စားနေတော့သည်။

မြတ်နိုးချစ်Where stories live. Discover now