Episode 33

1.8K 145 2
                                    

Unicode

" ကိုမိုးညက ပေါင်းသင်းဆက်ဆံရခက်တယ်လို့ တော်တော်များများပြောကြတယ် "

လူတိုင်းကို မှန်မှန်တန်းတန်း ဆက်ဆံခဲ့တာကြောင့် ဒီလိုမျိုး မှတ်ချက်ချခံရတာထင်သည်။နောက်ပြီး ရှောင်လွဲလို့မရဘူးဆိုတဲ့ သာရေး၊နာရေးကိစ္စတွေတောင် သူကဂရုမစိုက်တတ်။အလုပ်နဲ့ပတ်သက်လာရင်တောင် တော်တော်အရေးကြီးမှ သွားဖြစ်တာဖြစ်သည်။

ထို့ကြောင့်ပဲ သူ့အရေးကျရင် ဘယ်သူလာမလဲကြည့်ပေါ့ကွာဆိုတာမျိုး၊သူ့နာရေးလူစည်မှာမဟုတ်ဘူးဆိုတာမျိုး ရှေ့တင်ရော၊ကွယ်ရာမှာပါ ပြောကြသည်။သူကလည်း ဘယ်သူဘာပြောပြော ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့။တကယ်တမ်းကျတော့ လူတွေနှင့် ပတ်သက်ဆက်ဆံခြင်းမလုပ်ရဲသည့် အကြောင်းပြချက်က တစ်ခုတည်းသာ။

" မယုံသင်္ကာ စိတ်တွေပါ..လူတိုင်းအပေါ် မယုံသင်္ကာ
စိတ်တွေ များခဲ့လို့ပါ "

မိုးည အမှန်အတိုင်းဝန်ခံစကားဆိုလိုက်တော့ဒေါက်တာက နားလည်သလိုကြည့်လာပြီး...

" မယုံသင်္ကာစိတ်များတာကလည်း ကိုမိုးည အပြစ်ချည်းပဲ မဟုတ်ဘူးဗျ။လူ့အသိုက်အဝန်းကလည်း ဖောက်လွဲတာတွေများလာကြတာကို "

ဒေါက်တာက သွေးပေါင်ချိန်စက်နှင့် ညာဘက်လက်ကိုသွေးပေါင်ချိန် ပေးနေတာဖြစ်သည်။ခုနကထိလူကအကောင်း အခုကျတော့ စကားပြောနေရင်းကနေ မျက်ရိုးတွေက ချက်ချင်းဆိုသလို ထိုးကိုက်လာပြန်၏။

" အခုတလော မျက်ရိုးတွေခဏခဏကိုက်လာတယ် ဒေါက်တာ "

" Laptop သုံးဖြစ်လား "

" အလုပ်ကနားထားတာဆိုတော့ သိပ်မသုံးဖြစ်တော့ဘူး။အခုတလော စာအုပ်ပဲဖတ်ဖြစ်တယ် "

" မျက်ရိုးတော်တော်ကိုက်လာရင် စာအုပ်တွေဖတ်တာလည်း ခဏနားထားပါ။အခုအချိန်မှာ ကိုမိုးညအတွက် အဓိကကျတာက လုံလုံလောက်လောက် အနားယူချိန်ရှိဖို့ပဲ "

" မျက်စိအားနည်းလာတာနဲ့တူပါတယ် "

" အဲ့ဒီလိုပဲဗျ.. ခန္ဓာကိုယ်က ရောဂါတစ်ခုဝင်လာတာနဲ့ နောက်ဆက်တွဲ ရောဂါတွေတွေ ဝင်လာဖို့ ဝန်မလေးတော့ဘူး။ဂရုစိုက်ရမယ်နော်..ညဘက်တွေ အိပ်ပျော်ရဲ့လား..သွေးပေါင်ကတော့ နည်းနည်းတက်တယ် "

မြတ်နိုးချစ်Where stories live. Discover now