Episode 32

1.9K 144 6
                                    

Unicode

" ထည့်စားလေ မင်းကြိုက်တယ်မလား "

ဦးညက သူ့ထမင်းပန်းကန်ထဲ ဝက်သားနှပ်တစ်တုံးကို ခပ်ထည့်ပေးလာသည်။ဦးညမေမေလည်း သူတို့နှင့်အတူတူထိုင်စားနေတာကြောင့် မလုံမလဲမော့ကြည့်မိ၏။ ဦးညမေမေက သူတို့ကို ဂရုပင်မစိုက်ဟန်နှင့် ပုစွန်တစ်ပိုင်းပြတ်ဟင်းကိုသာ ခပ်တည်တည် ခပ်စားနေသည်။သူ့မှာတော့ ထိုဟင်းပန်းကန်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို တော်တော်ခံစားနေရ၏။

" မနက်ကတော့ အများကြီးစားပြီးတော့ ဒီညနေစားတာနည်းနေသလိုပဲ။စားမကောင်းတော့လို့လား ထည့်စားနော်သား "

တီလေးကပါ ဘေးနားက ဖန်ခွက်လွတ်ထဲကို ရေကရားထဲမှ ရေငှဲ့ထည့်ပေးကာပြောလာသည်။မနက်က အများကြီး စားတယ်ဆိုတာက သူကလည်း လေးလေးအိမ်မှာ ပစ္စည်းသွားပြန်သယ်လို့ နောက်ကျတာရော၊ဦးညကလည်း သူထမင်းစားဖို့အချိန်နှင့် ကွက်တိကျကာ နိုးလာတာကြောင့် နှစ်ယောက်ထမင်းအတူစားဖြစ်သွားသည်။

ဟိုမှာလိုပင် လွတ်လွတ်လပ်လပ် စကားပြောလိုက်၊ဟင်းခပ်ထည့်ပေးလိုက်နှင့် ဦးညမျက်နှာလေးကြည့်ပြီး စားရတော့ ထမင်းကတော်တော်စားဝင်တာ။အခုတော့ ဦးညမေမေပါရှိသည့်အပြင် ညနေကလည်း ကိုယ်က မရည်ရွယ်ပါဘဲ အပြစ်လုပ်ထားမိတော့ ဟင်းပန်းကန်တွေဆီ လက်တောင်မလှမ်းရဲ။

" စားမကောင်းဘူးလား "

ဦးညက ထပ်မေးလာပြန်၏။

ထမင်းကောင်းကောင်းမစားဘဲ ဇွန်း၊ခက်ရင်းနှင့် ပန်းကန်ထဲ ဟိုနယ်ဒီနယ်လုပ်နေတာကြောင့် မိုးညမေးလိုက်သည်။

" မဟုတ်ဘူး ဦးည။အရင်တည်းက ညနေဘက် ထမင်းသိပ်မစားဖြစ်လို့ "

မိုးည ဂရုတစိုက်မေးလိုက်တော့ တစ်ခါမှ မျက်နှာမငယ်စဖူး မျက်နှာငယ်လေးနှင့် ပြောလာသော ထွဋ်ကိုကြည့်ပြီး အားလည်းနာရသလို၊စိတ်မကောင်းလည်းဖြစ်မိသည်။ဒီလောက်ထိ အလိုက်အထိုက်နေဖို့မှ မလိုအပ်တာ။မေမေရှေ့မှာမို့ ထွဋ်နေရခက်နေတာမှန်း သိသည်။မေမေကလည်း သူတို့နှစ်ယောက်ကို အခုချိန်ထိ လုံးဝအလျှော့မပေးမည့်ပုံစံမျိုးဖြစ်၏။ထွဋ်ကလည်း သူ့ကိုချစ်လို့သာ အစစအရာရာ သည်းခံနေမှန်းသူသဘောပေါက်သည်။ထွဋ်ရဲ့ အရင်ပုံစံက ဒီလိုမှမဟုတ်ဘဲ။

မြတ်နိုးချစ်Where stories live. Discover now