"ကံဆိုးတာတွေ ပြီးရင်တော့ ကံကောင်းတာတွေ လာမှာပါ"ဟု ဆိုကာ သူမအိတ်ထဲမှ စာရွက်နှင့် ဘောပင်အားထုတ်ကာ ဖုန်းနပတ် ရေးပေးရင်း ကားမှန်တွင် ညှပ်ထားခဲ့တော့သည်။
မယ်ဒေါသအိုး ဖြစ်သည့် ပျိုမြင့်မြတ်ချယ် လည်း သူမကား၏ ပွန်းရာ များကို မြင်ပြီး ဒေါသပုန်ထတော့၏။
"တောက်...." ထိုစာရွက်ကို ကိုင်ကာ သူမ ဖုန်းကို ထုတ်ရင်း ခေါ်နေမိတော့သည်။
"ဟာ...ကိုင်စမ်းပါ "ဟု အတော်အတန်ကြာသည်အထိ ဖုန်းကိုင်ခြင်းမရှိသည့်အတွက် ပြောတော့၏။
ထိုစဉ်
"ဟယ်လို.." ဟု အသံချိုချိုလေး စတင်ကြားလိုက်ရတော့သည်။
"ဟယ်လို မနေနဲ့ ..."
"ရှင်"
"အေး မင်း ငါ့ကားကို ဘယ်လို တာဝန်ယူမှာလဲ"
"အာ....မနက်က ကားပိုင်ရှင်"
"မင်း ဘယ်သူလဲ"
"လူ"
"မင်း လူဆို ...မင်းလုပ်ထားတဲ့ ဟာ တာဝန်ယူလေ"
"အော်....တာဝန်ယူချင်လွန်းလို့ ဖုန်းနပတ်ထားခဲ့တာပေါ့ ၊ မနက်က နေရာမှာပဲမလား ခဏစောင့် နာရီပိုင်း အတွင်း ရောက်မယ် " ဟု ပြောရင်း ဖုန်းချလိုက်သည့်အတွက် ပျို့ ပိုမိုဒေါသဖြစ်နေတော့၏။
"တောက်..."ဟု ခေါက်ကာ နှုတ်ခမ်းကို ကိုက်ရင်း ကားပေါ်သို့ တက်ကာ စောင့်နေတော့သည်။
မိနစ်(၃၀) ခန့်အကြာ ...သူမ ကားရှေ့သို့ honda fit အဖြူတစ်စီးရပ်လိုက်တော့၏။ပျိုလည်း သေချာကြည့်ရင်းသိလိုက်ရသည်မှာ တလောက သူမ ရှေ့တွင် ပိတ်ရပ်ထားသည့် ကားဖြစ်ကြောင်းကိုပင်။
"ဘယ်ဘဝက ရေစက်တွေနဲ့ လည်းမသိဘူး "ဟု ပြောကာ သူမလည်း ကားပေါ်ကဆင်းလာတော့သည်။ ထို့နောက် ရွယ်လည်း ကား ပေါ်မှ ဆင်းလာတော့၏။
"မင်းမှာ လိုင်စင်ရော ရှိရဲ့လား" ဟု စီးကာ ပြောသည့် ပျို။
ရွယ်လည်း ပျိုအားသေချာကြည့်နေမိတော့သည်။
"ဒီမယ် ..." ဟု ရွယ် မျက်နှာ အနားတွင် လက်ဖြောင့် တီးလိုက်တော့၏။