ထိုနောက် သူမလည်း ငိုသံထွက်လာသည့် နေရာသို့ ပြန်ကြည့်မိလိုက်စဉ် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အတွက် ဝင်တားရန် တွေးလိုက်ပေမဲ့ အိမ်တွင်ကျန်ခဲ့သည့် မိခင်ဖြစ်သူ မျှော်နေမည်ကို မလိုလားသည့်အတွက် အိမ်သို့သာ ပြန်လာတော့သည်။
အတိတ်တစ်စုံတစ်ရာကို ပြန်တွေးမိနေသည့် အန်တီဆွေလည်း သူမ ရဲ့သိမ်းဆည်းထားသည့် ဗူးလေးတစ်ဗူးကို အပြင်သို့ ထုတ်လိုက်တော့၏။
"ဟူး ...."
နက်ရှိုင်းလှသည့် သက်ပြင်းချသံနှင့်အတူ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ဟောင်းနွမ်းစပြုနေသည့် ချိူလိမ် လေးတစ်ခုပင်။
ထိုအချိန် တံခါး ခေါက်သံ နှင့်အတူ ဝင်လာသည့် ရွယ်ကြောင့် အန်တီဆွေလည်း ဗူးကို ချက်ချင်းဆိုသလို ပိတ်လိုက်တော့သည်။
"တီဆွေ ..."
"ဝေ" တုန်ယင်နေသည့် ထူးသံကြောင့် ရွယ်လည်း ကြောင်တောင်တောင် ဖြစ်နေရှာသည်။
"ဘာတွေ မဟုတ်တာ ကြည့်နေတာလဲ " ဟု ပြောရင်း ရယ်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်တော့၏။
"ဟဲ့ ဪ ...ဒီကလေးမ၊ ငါက ဘာကြည့်ရမှာလဲ"
"မသိဘူးလေ..အခန်းထဲ ဝင်လာတာ ထူးဆန်းတဲ့ အနံ့ အသက်တွေရနေလို့ " ဟု ပြုံးကာပြောသည့်အတွက် အန်တီဆွေလည်း ရှက်နေတော့သည်။
"ငါ အီးပေါက်ထားလို့ ..."
အဒေါ်ဖြစ်သူ၏ ဘုကလန့် ပြောမှုကြောင့် ရွယ်လည်း ဟက်ဟက်ပက်ပက် ရယ်တော့သည်။
"ကဲပါ ...နွားနို့ သောက်မလို့ဆို ၊ အပြင်မှာ ဒီတိုင်းကြီး ထားထားတယ်"
"အေးအေး..." ဟု ပြာပြာသလဲ အန်တီဆွေ လည်း အခန်းထဲ မှထွက်သွားတော့၏။
"ဘာတွေ ပြာနေတာလဲ မသိဘူး ၊ ဒီအပျိုကြီး မရိုးဘူး "ဟု ပြောရင်း ရယ်လျှက် ထွက်လာတော့သည်။
နောက်တနေ့ မနက် ပျို အိမ်တွင်
"အဖွားရေ....ဖွားဖွား" ဟု အော်ရင်း ဝင်လာသူမှာ ဆုဆု ပင်။
"သမီး ရေ ....ဖွားဖွားဒီမှာ"
ဧည့်ခန်း ရှိ ဝှီးချဲပေါ်တွင် ထိုင်နေသူ ချိုချို မှ ဆုဆုကို လှမ်းကာ ခေါ်သည်။