"မေးချင်တာရှိတယ်.."
"ဟုတ်"
"ဘာလို့ တို့ကို ချစ်တာလဲ"
"နေကြာပန်းက နေမင်းကြီးကို မျှော်သလို ၊ ညကောင်းကင်ကလည်း ကြယ်တွေရှိမှ ပြည်စုံသလိုပဲလေ .. အန်တီဆိုတဲ့ လူသားက ရွယ်ရဲ့ မရှိမဖြစ်လေးလေ"
ထိုစကားကြောင့် ပျို ရယ်လိုက်မိတော့သည်။
"ဟားဟားဟား ...မင်းက အလာလေးပဲ ၊ တို့ မေးတာက တို့ရဲ့ ဘယ်အချက်ကို ချစ်တာလဲ လို့မေးတာ"
ရွယ်တစ်ယောက်ပျို့မျက်လုံးများကို သေချာကြည့်လိုက်သည်။
"အန်တီ သိတဲ့ အချစ်ဆိုတာ ဘာလဲ "
"တို့ အရွယ်နဲ့ အချစ်ကို ပုံဖော်ရမှာ ရှက်စရာရယ် ၊ ပြီး တို့ သူများ ကမ္ဘာထဲ လည်း မဝင်နိုင်သလို တို့ရဲ့ အရှုပ်တော်ပုံ ကမ္ဘာထဲ လည်း တို့ ချစ်ရတဲ့ လူကို မခေါ်ချင်ဘူး "
"ရွယ်ကတော့ အန်တီ့ကမ္ဘာထဲလည်း မလိုက်သလို ၊ ရွယ်ဆီလည်း အန်တီ့ကို မခေါ်ဘူး "
ပျို မျက်လုံးများ ချက်ချင်းဆိုသလို ရွယ့်ဆီမှ လွဲလိုက်တော့သည်။
"ရွယ်က သီးခြားကမ္ဘာလေးကိုပဲ အန်တီနဲ့ ဖန်တီးချင်တာ "
"တို့ မင်းလို lesbian မဟုတ်ဘူး ၊ မိန်းမချင်းလည်း တစ်ခါမှ ရင်မခုန်ဖူးဘူး တို့စိတ်ထဲမှာ မင်းက ကလေးသာသာ သာ "
ရွယ်လည်း ချက်ချင်းဆိုသလို ပျို့ရှေ့ရှိ ကော့တေးအား တစ်ချိုင့်တည်း မော့ချလိုက်၏။
"စကားသာ ဆုံးအောင်မပြောပါနဲ့ လား ...ကဲပါ ထားပါ ၊ ဒါပေမဲ့လေ အန်တီ့အလှနဲ့ အခု အန်တီရောက်နေတဲ့ နေရာက မလိုက်ဖက်နေဘူး ...အန်တီသောက်ချင်တယ်ဆိုရင် ဒီလိုလူမြင်ကွင်းထင်းနေတဲ့နေရာမှာ မထိုင်သင့်ဘူး "
ဆုံးမစကားကဲ့သို့ဆိုနေသည့် ရွယ်ကို ပျိုလည်း ကြည့်ရင်း ပြုံးလိုက်ပြန်တော့သည်။
"မပြုံးပါနဲ့ ...ဒီထပ်ကျရှုံးစရာလည်း မရှိတော့လို့ပါ "
"တို့ဘာလို့ ငယ်လေး ဆီက ဆုံးမ စကားတွေ နားထောင်နေရတာလဲ ပြီးတော့ တို့မင်းကို မငယ်လေး လို့ ခေါ်လို့ရမလား" ဟု အဝေးကိုသာ ကြည့်ရင်း ပြောသည့် ပျို။