"ဒီတစ်ခါ ..မေတ္တာရပ်ဝန်းလေးပြန်လာလို့ကတော့ အနားကနေမခွာနိုင်အောင် ကော်နဲ့ကပ်ထားရမယ်"
အကြောင်းအရင်း အပြည့်အစုံအား သေချာဂန မသိသည့် အန်တီဆွေ လည်း တူမဖြစ်သူ စကားကြောင့် မျက်ရည်ဝဲ မိလာသည်။
ည က ဖြစ်ခဲ့သည့် ထိုအဖြစ်အပျက်များကို ပြန်မြင်ယောင်လာပြီ တူမဖြစ်သူကို စိုစွတ်စပြုလာသည့် မျက်ဝန်းများနှင့်ကြည့်နေမိတော့သည်။
"သမီးအဲ့လောက် ချစ်တတ်မှန်း တီဆွေမသိခဲ့ဘူးကလေးရယ်" ဟု နှုတ်မှ ရုတ်တရက်ထွက်ကျလာသည့်စကားကြောင့် ရွယ် လည်း အဒေါ်ဖြစ်သူအား ကြည့်လိုက်တော့သည်။
"ဘာကို ပြောတာလဲ တီဆွေ"
"သမီး ရဲ့မေတ္တာရပ်ဝန်းလေး နေကောင်းပါစေလို့ တီဆွေလည်း ဆုတောင်းပေးနေပါ့မယ်ကွယ်"
ရွယ် လည်း ပြုံးမိသည်။
ထို့နောက် သူမ ကားနှင့် ဆေးရုံသို့ ဦးတည်လာရင်း လမ်းတွင် သူငယ်ချင်းဖြစ်သူ သီရိ ထံမှ ဖုန်းဝင်လာတော့သည်။
"မယ်မင်းကြီး ပျောက်ချက်သားသိပ်ကောင်းလွန်းတယ်" ဟု ဖုန်းထဲမှ ထွက်လာသည့် သူငယ်ချင်းဖြစ်သူ အသံကြောင့် ရယ်မိသည်။
"ဟားဟားဟား..ဟဲ့ ဘယ်နှဲ့ အသံဆိုးကြီးကို စောစောစီးစီး ကြားနေရတာပါလိမ့်"
"နင် ငါ့တို့တွေဆီမလာတာ ဘယ်လောက်ရှိပြီလဲဟမ် ၊ အန်တီကို ချစ်ပြီးကတည်းက ရှင်ကျွန်မတို့ကို ပလစ်နေတာ မြင်မကောင်းဘူး..ဒါနဲ့ ..." ဟု စကားစပြတ်သွားသည့် သီရိ။
"ဘာလဲ သီရိ နင်ငါ့ကိုတစ်ခုခုပြောစရာရှိတဲ့ပုံပဲ"
"ဟဲ့ နင့်အန်တီ သတင်းက တကယ်လား"
"အွန်း"
ပြန်ဖြေဆိုသည့် ရွယ် အသံမှာ အားပျော့နေလေသည်။
"နင် အဆင်ပြေရဲ့လား "
"မပြေလို့ရော ရမလား ၊ ငါ လုပ်ပေးစရာတွေ ရှိသေးတယ်"
ဆေးရုံသို့အလာမောင်းလာသည့် လမ်းတလျှောက်လုံးတွင်လည်း ရွယ်မျက်ရည်များ ကျဆင်းလာပြီး ကုတင်ပေါ်တွင် စီးကရက်ထိုင်ဖွာနေသည့် ပျို့ကိုသာ မြင်ယောင်လာသည်။