ရင်တစ်ခုလုံး နာကျင်နေရတဲ့ညမှ ညတာဟာတမင်ပိုရှည်နေသလို။ တစ်ညလုံး အိပ်မရတဲ့ဒုက္ခကိုအလူးအလဲခံစားပြီးတဲ့အဆုံးမှာတော့ နေဟာထွက်လာခဲ့သည်။ မနက်တိုင်းမှာထမြည်တတ်တဲ့နာရီနှိုးစက်သံကိုလည်း ဒီနေ့မှပြန်စောင့်နေရတဲ့အဖြစ်ရယ်။ အိပ်ယာထရမယ့်အချိန်နာရီကိုရောက်ရှိလာပေမယ့် ကျောင်းသွားခြင်းကိစ္စကိုလျစ်လျူရူ့ပြီး Lisaပြန်လည်ထိုးအိပ်ပစ်လိုက်သည်။
ကျောင်းလည်းမသွားချင်သလို ဘာမှလည်းလုပ်ချင်စိတ်တို့မရှိနေပါ။"ဒေါက် ဒေါက်"
အခန်းတံခါးခေါက်သံထွက်ပေါ်လာတော့ မေမေထင်၍ Lisaတံခါးထဖွင့်ရာ အခန်းရှေ့မှာရပ်နေသူက Jennieဖြစ်နေသည်။
"ဘာလဲ"
Lisaဘောက်ဆက်ဆက်နှင့် ပြောတော့ Jennieက မျက်မှောင်ကျုံ့၍ပြန်ကြည့်သည်။
"ငါခရီးသွားမှာမလို့ တစ်ပတ်လောက်ကျောင်းမတတ်ဘူး"
"အင်း ဒါပဲမလား"
တိုတိုပြက်ပြက်ပြန်ပြောရင်း Lisaတံခါးကိုပိတ်ပစ်လိုက်သည်။ အိပ်ယာဆီသို့ပြန်သွားမည်အပြုမှာ တံခါးခေါက်သံထပ်မံထွက်ပေါ်လာသည်။
စိတ်မရှည်စွာ တံခါးကိုဆွဲဖွင့်လိုက်တော့ အခန်းရှေ့မှာရပ်နေတဲ့ Jennieရဲ့လက်က Lisaနဖူးပေါ်ကျရောက်လာသည်။"နင်နေမကောင်းဘူးလား"
"ဘာမှမဖြစ်ဘူး သွားတော့"
Lisa ဘောက်ဆက်ဆက်ဖြင့်သာပြန်ဖြေပြီး တံခါးကိုပိတ်ပစ်လိုက်သည်။ တံခါးခေါက်သံထွက်ပေါ်လာပြန်ပါသည်။ Lisa တံခါးကိုဆောင့်ဖွင့်လိုက်တော့ အခန်းရှေ့ကJennieက ခါးထောက်၍ အံ့ကြိတ်ကာရပ်ကြည့်နေသည်။
Lisa လေပူတွေကိုမှုတ်ထုတ်ပစ်လိုက်ပြီး ဘာမှပြန်မပြောပဲ တံခါးကိုထပ်မံ့ကာပိတ်ပစ်လိုက်သည်။
Jennieက ထပ်ပြီးတံခါးမခေါက်တော့။ Lisaအိပ်ယာပေါ်မှာခြေပစ်လက်ပစ် လှဲချလိုက်သည်။
Jennie ဘာမှသိသေးပုံမရ။ ခရီးသွားခါနီးအနှောက်အယှက်မဖြစ်စေချင်၍ Lisaမပြောတော့ပေ။
ဖုန်း screenကိုပိတ်လိုက်ဖွင့်လိုက်လုပ်နေမိပြီး Unnieဆီက စာတစ်စောင်စောင်များဝင်လာလေမလားမျှော်မိသည်။ ဒါမှမဟုတ် ကိုယ်တိုင်ပဲပို့လိုက်ရမလား သူမစိတ်ရှုပ်သွားမလား။ အတွေးတွေနဲ့ ခေါင်းတွေသာရှုပ်လာရပြီး ဖုန်းကိုအိပ်ယာခေါင်းရင်းသို့ပစ်ပေါက်လိုက်သည်။