စတိုးဆိုင် အပြင်ဖက် တံစက်မြိတ် ခေါင်မိုးနှင့် မိုးရေစက် တို့ ပြုတ်ကျ ထိခတ်သံ တစ်ဖောက်ဖောက်ကို နားစွင့်ရင်း ယုနွယ် သက်ပြင်းတစ်ချက် အသာအယာ ချမိသည်။
တော်ပါသေးရဲ့ ထီးပါလာလို့သာပေါ့။
ရန်ကုန်မိုးပဲ အစိုးမရဘူး ထင်တာ ဗန်းမော်မိုးလည်း အစိုးမရဘူးပဲ။
အိမ်က မထွက်ခင်အထိ နေသာနေခဲ့ပြီး မြို့ထဲ ဈေးပစ္စည်းတွေဝယ်မှ မိုးက ရုတ်တရက်အုံ့လာပြီး ရေစက်တွေအထိပါ ကူးပြောင်းသွားခဲ့သည် မဟုတ်လား။
လက်ဆွဲအိတ်ထဲ ထည့်ထားသည့် ဈေးပစ္စည်းတွေကို လက်နှင့်တစ်ချက် ဆ ကြည့်လိုက်ပြီး ဆိုင်ထဲမှ လှမ်းထွက်လိုက်သည်။
ဆိုင်ကယ် ယူမလာမိတာပဲ ကံကောင်းသည်ဟု ဆိုရမည်။
မဟုတ်လျှင် မိုးထဲရေထဲ ထီးတစ်ဖက်နဲ့ မောင်းနိုင်မည်မဟုတ်။
နေရာသစ် နယ်ပယ်သစ်မို့ လမ်းတွေကို
မကျွမ်းကျင်သေးပဲ အစိမ်းသက်သက် ဖြစ်နေရသည် လေ။မြို့ကလေးရဲ့ လမ်းပေါ်မှာတော့ ဆိုင်ကယ်တွေနှင့် ကားအချို့က မိုးရွာထဲမှာ ဥဒဟို သွားလာလှုပ်ရှားလျက်။
လက်ဆွဲအိတ်ကို ဘယ်ဖက်လက်က ကိုင်ဆွဲကာ ထီးကို ညာဖက်လက်နဲ့ မိုးဆောင်းလိုက်ရင်း လမ်းကို ဖြည်းဖြည်းချင်း လျှောက်ခဲ့မိသည်။
ယုနွယ် နေထိုင်ရာနေရာက ဈေးနှင့်
သိပ်မလှမ်းသည်မို့ အိမ်ကနေ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကိုလည်း စုံစမ်းလိုစိတ်နဲ့ ထွက်လာခဲ့ခြင်းပါ။မိုးရွာနေတာမို့ Taxi ငှားဖို့တွေးလိုက်သော်လည်း Taxi မရှိသော မြို့ငယ်လေးဖြစ်ကြောင်း တွေးမိလိုက်ပြန်တော့ တစ်ယောက်ထဲ အသာအယာ ပြုံးမိလိုက်ပြန်သည်။
မိုးရေထဲ လမ်းလျှောက်ရတာကို ယုနွယ် ကြိုက်ပါသည်။
အနည်းငယ် ကဗျာ ဆန်သည့် ခံစားချက်မျိုးကိုလည်း ရပါသည်။
ဝတ္ထုတွေထဲမှာဆို စိတ်ကူးယဉ်လို့ ကောင်းတာက အခုလို မိုးရာသီ မဟုတ်လား။
ယုနွယ် လက်ထဲက ပစ္စည်းတွေ မပါရင်တော့ ပိုကောင်းမည်ပေါ့။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....