အခြေအနေက စောစောကနှင့် ဆန့်ကျင်စွာ...။လွန်ခဲ့သော ငါးမိနစ်လောက်က အထိ မေခန့်နိုင်က စကားတွေ တတွတ်တွတ်ပြောကာ ယုနွယ်၏ မျက်နှာကို တစိမ့်စိမ့် ငေးနေသူ။
ယခုတော့ဖြင့် မျက်မှန်ဝိုင်းဝိုင်းအောက်က ပြိုတော့မည့်မိုးလို ဆွေးရီနေသော မျက်ဝန်းနက်နက်တွေကို ဘေးတစောင်းအနေအထားဖြင့် ငေးကြည့်နေသူက လင်းယုနွယ်ဆိုသော ဤအမျိုးသမီးကိုယ်တိုင်။
မြစ်ရေပြင်ကို ဖြတ်ကာ သုတ်ခနဲ တိုက်ခတ်လာသော လေပြည်သဲ့သဲ့ကြောင့် ထုံးဖွေးဖွေး စေတီရှိ ဆည်းလည်းတို့က လှုပ်ခတ်ကာ ကြည်လင်သော အသံတို့ ထွက်ပေါ်လာရသည်။
" ဆရာလေးတို့ ဈာနမုနိကို ခဏသွားမယ်နော် ဒကာမလေးတို့။ တံမြက် သွားလှည်းမလို့။ နေမယ်ဆိုနေခဲ့ကြဦး။ အပြန်ဝင်ခေါ်ချေမယ်"
ကိုယ်ရုံ တလွှားလွှားဖြင့် ရတနာစေတီစောင်းတန်းဆီမှ ဈာနမုနိသို့ ကူးသွားသော သီလရှင်များကို ခေါင်းသာ အသာငြိမ့်ပြမိရသည်။
မေခန့်နိုင်ကတော့ ဘုရား တံတိုင်းကို လက်ထောက်ကာ မြစ်ဖက်ကို လှည့်ငေးနေရာက မခွာသေး။
ယုနွယ်၏ အောင့်အည်း နိုင်မှုတို့က ကုန်ဆုံးသွားရပြန်သည်။
ဒီကလေးမ နှင့်ပတ်သက်လျှင် ယုနွယ်မှာ အခြားလူ တစ်ယောက်ကဲ့သို့ ခံစားရသည့် ကိုယ့်ကိုယ်ကိုလည်း အံ့ဩမိစမြဲ။
"ဧည့်သည်ကို ခေါ်လာပြီး ဒီမှာပဲ ရပ်နေခိုင်းတော့မှာလား"
ယုနွယ်၏ စကားကြောင့် မြစ်ပြင်ကျယ်ကို ငေးမောနေသော မျက်ဝန်းတစ်စုံက နေရာရွေ့သွားသည် ။
ပြီးမှ သက်ပြင်းချသံ တိုးဖွဖွ။
" တက်ကြတော့မလား....မယု။ ညောင်းနေပြီလား။ မေခန့် တောင်းပန်ပါတယ်နော်..။ ဧည့်သည်ကို..ဟုတ်သားပဲ။ဧည့်သည်ကို..."
" ဆရာလေးတွေနဲ့ စကားပြောရင် အများသူငါလို 'တင်ပါ့ဘုရား' လို့မသုံးပဲ ဘာလို့ 'မှန်ပါ' လို့ သုံးတာလဲ။ နေ့လယ်ကတည်းက မေးချင်နေတာ"
"ဪ...။ မာမားနောက် လိုက်ပြောရင်း အကျင့်ဖြစ်တာပါ။ သေချာတော့ မေခန့်လည်း မသိဘူးလေ"
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....