"မယု သိလား...။ မေခန့် ဒီမြစ်ထဲ လှေလှော်ဖူးတယ်"
" ဟုတ်လား။ လှေလည်း လှော်တတ်တာပဲလား"
မယု၏ တအံ့တဩ အမေးစကားကို သဘောကျစွာပင် ရယ်မောမိရသည်။
လှေထိပ်မှာတော့ တောင်ခြေ က ကုန်းခါးရွာသား ဦးဝင်းမြိုင် က လှေတက်တစ်ချောင်းဖြင့် ထိုင်လျက်သား။
လှေဝမ်းထဲမှာတော့ မယုနှင့် မေခန့် နှစ်ယောက်ထဲ။
" ဘယ်တတ်မှာလဲ မယုရဲ့။ မေခန့် သီလရှင် ဝတ်တုန်းက မဗန္ဓ ဆိုတဲ့ ဆရာလေး လည်းတိမ်းဖာမှာ ရှိသေးတယ်။ မေခန့်ထက် လ ပိုင်းပဲ ကြီးတာ ။ အသက်တူပေမဲ့ သူက ရာသက်ပန်ဝတ်ထားတာ ။ အဲ့ဒီတုန်းက သူက နှစ်ဝါ ရပြီလေ။ အတွဲညီကြတာပေါ့။''
" အင်း .."
" သူလည်း ကုန်းခါးသူပဲ ၊ ဟုတ်တယ်။ သူ့အိမ်ခဏပြန်ဖို့ မေခန့်ကို အဖော်ခေါ်တာလေ။
ဦးရဲညွှန့်က လှေနဲ့လိုက်ပို့မယ် ဆိုပြီး အတူ ဆင်းလာကြတာ"ဦးရဲညွှန့်က မျက်စိတစ်ဖက် မကောင်းသူမို့ မေခန့်တို့ ကို အနည်းငယ် လန့်သည်။
ဆရာလေး နှစ်ပါးစလုံးက သွက်သွက်လက်လက်တွေမို့ ဂရုတစိုက်ရှိပေးသလောက် သူမသိအောင် တစ်ခုခု လုပ်ကြမှာ စိုးရိမ်သည်။
လက်တည့်စမ်းချင်လွန်းသော မေခန့်တို့ကလည်း ဦးရဲညွှန့်ထက် အရင် လှေပေါ်တက်၊ ကြိုးဖြုတ်ကာ ရေထဲ တွန်းချပြီး တစ်ဖက်ကမ်းကို လှော်သွားကြဖို့ တိုင်ပင်ကာ တကယ်လည်း လုပ်ဖြစ်လိုက်ကြသည်။
အခက်တွေ့သည်က ရေလယ် ရောက်မှ။
မဗန္ဓရော မေခန့် ပါ လှေမလှော်တတ်ကြ။
မေခန့်ထက် ပိုဆိုးသော မဗန္ဓ က မြစ်နားနေသော ရွာသူ ပီသ စွာ ရေပင် မကူးတတ်။
တစ်ယောက်တစ်မျိုးစီ လှော်ခတ်ကြရင်း အပေးအယူ မတည့်တော့ လှေက မြစ်လယ်တွင် လည် နေပြီး အောက်ဖက်သို့ မျှောသွားတော့သည်။
"ဘုရားရေ... ဘယ်လို လုပ်ကြသလဲ အဲ့ဒါ"
မေခန့် က ရယ်ရယ်မောမော ပြောနေသလောက် မယုကတော့ အသဲထိတ်စွာ ရေရွတ်သည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....