စိမ်းစိမ်းစိုစို စိုက်ခင်းတို့က တမျှော်တခေါ်။စမ်းချောင်း၏ ဘေး တစ်ဖက်တစ်ချက်စီမှာ လယ်ကွင်းနှင့် စိုက်ခင်းများ က နေရာယူထားသလို ထို စမ်းချောင်း သည်ပင် သာမန် မဟုတ်သည့် ရေပူများ ထွက်ပေါ်ရာ ချောင်းငယ်လေးဖြစ်ပေသည်။
မေခန့်တို့ ရောက်သွားသည့် နေ့ခင်း (၁၂) နာရီ အချိန်မှာ ရေပူချောင်းမျက်နှာပြင် အထက်၌ အပူငွေ့များ ရစ်ဝဲနေသည်။
သဘာဝ ရေပူတွင်း စစ်စစ် ဆိုတာ ကျိန်တွယ်နေစရာပင် မလိုအောင် သက်သေပြလျက်။
မိုးရာသီတွင် မြစ်ပြင်ကျယ်ကြီး အဖြစ် ရေအားသန်သန် စီးဆင်းတတ်သည်မို့ ယခုလို ဆောင်းရာသီ အခါ မှသာ ရေပူချောင်းငယ် အဖြစ် အလည်အပတ် လာနိုင်ကြခြင်းပင်။
ချောင်းရိုးတစ်လျှောက်လုံး သူ့အကြောနှင့်သူ ရေ တို့က ပူနေသည်မို့ နေရာရွေးချယ်တတ်ဖို့လည်း လိုပြန်သည်။
ချောင်းစပ်မှာတော့ သက်ငယ်မိုး စားသောက်ဆိုင်လေးများက အစီအရီ။
ဆိုင်များ၏ အရှေ့ တွင် သဲအိတ်များဖြင့် စနစ်တကျ ကာရံထားသော ရေပူတွင်းများက ထိုဆိုင်၍ စားသုံးသူ customer များအတွက် service ပေးခြင်း တစ်မျိုး မည်ပေသည်။
သို့မဟုတ် ကိုယ်တိုင် ရေပူတွင်း တူးချင်သော်လည်း ဖြစ်ပါ၏။
မေခန့်တို့ (၆) ယောက် သားကတော့ အတိုင်အဖောက်ညီစွာဖြင့် စားသောက်ဆိုင်များဆီက customer service ကို ငြင်းပယ်ကာ ကိုယ်တိုင် ရေပူတွင်း တူးကြဖို့ သဘောတူလိုက်ကြလေသည်။
ချောင်းစပ်က ရေသည်ပင် ခြေမျက်စိ မမြုတ်သေးခင် အတော် ပူနေပြီမို့ ရေအောက် သဲမြေပေါ် သတိဖြင့် နင်းလျှောက်ကာ သင့်တော်မည့် နေရာကို ရှာလိုက်ကြရသည်။
" ဂေါ်ပြား သွားငှားလိုက်မယ်။ နေကြဦး "
စိတ်မြန်လက်မြန် မဖူးပွင့်သူက သက်ငယ်မိုး ဈေးဆိုင်လေးဆီ ပြန်လှည့်ပြေးသည်။
" ဒီနားလေး နေရာကောင်းတယ်။ ဒီနားကို တူးကြရအောင် "
ခါးကို ကုန်းကာ သဲမြေအောက်ကို တဇွတ်ဇွတ် လက်နှိုက်ရင်း အပူအအေး စမ်းနေသည့် မိခိုင်က ပြောပြောဆိုဆို ကျောပိုးလာသည့် (၁၂) ရောင်ခြယ် ထီး အကြီးကြီးကို ဖြုတ်၍ ဖွင့်သည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....