မေခန့်၏ အိမ်ကို ရောက်သည်အထိ မေခန့်ထံက ဘာစကားမှ ထွက်မလာ။ယုနွယ်ကတော့ ရင်ထဲ ဆို့ကြပ်ကာ မျက်ရည်များပင် ဝဲလာရသည်။
" ခန့်လေး။ သမီး... အခန်းထဲ ဝင်..သွား... ဆရာမရော အခန်းထဲ နားနော်.."
" ဟုတ်ကဲ့ ဦးမျိုးထက်နိုင်... ကျွန်မ...."
" ဆရာမရော အဆင်ပြေရဲ့လား။ ကျွန်တော် မှုံမှုံ့ ဆီက ဖုန်း ရပြီးပြီ။ အခန်းထဲ အရင်သွားကြနော်"
မေခန့်၏ အဖေ ဖြစ်သူက သဘောထားပြည့်ဝသည့်အသွင်ဖြင့် သက်တောင့်သက်သာ ပြောသည်မို့ ယုနွယ် ရင်ထဲ အနည်းငယ် ပေါ့သွားရကာ တစ်ကြိမ်ရောက်ဖူးပြီး ဖြစ်သော မေခန့်၏ အခန်းတွင်းသို့ ဝင်လာခဲ့လိုက်သည်။
" မေခန့်...."
တိုးဖွဖွ ခေါ်သံအဆုံး မေခန့်ထံမှ သက်ပြင်းချသံ သဲ့သဲ့နဲ့အတူ မျက်ဝန်းထဲမှ တောင်းပန်ဟန် စွက်နေသော အရိပ်တို့ကို တွေ့လိုက်ရသည်။
" အရမ်း နာနေလား...။ မယု ဆေးလိမ်းပေးမယ်နော်"
မမှုံက ရေခဲထည့်ထားသော ဇလုံတစ်ခုနှင့်အတူ ဆေးသေတ္တာ လေးပါ ယူလာသည်မို့ လက်ကမ်းကြိုရင်း မေခန့်ကို ပြောရသည်။
" ဆရာမက အိမ်ပြန်မလား။ ည နက်နေမှာစိုးလို့လေ။ ပြန်ပို့ပေးရမလား"
" ကျွန်မ....ကျွန်မ ဒီည မပြန်တော့ဘူး မမှုံ..''
ယုနွယ်၏ စကားအဆုံး၌ ခုတင်ပေါ်ထိုင်နေသော မေခန့်က မျက်မှောင်ကြုတ် ကာ မော့ကြည့်ပြန်သည်။
" မေခန့်က မနေစေချင်ဘူးလား..."
" မဟုတ်ပါဘူး။ မေခန့်ကို အားနာလို့ ဒီလိုလုပ်တာဆိုရင် မလိုပါဘူးလို့။ မေခန့် ဘာမှမဖြစ်ဘူး မယု..''
" ဖြစ်တာ မဖြစ်တာ အသာထား။ အခု အရမ်း ယောင်ကိုင်းမလာအောင် လုပ်ရမယ်။ မမှုံ..ယုနွယ် နေပေးမယ်နော်။ တခြားအလုပ်တွေရှိရင် သွားလုပ်လို့ဖြစ်တယ်"
ယုနွယ်၏ စကားဆုံးသည်နှင့် မမှုံက ခေါင်းတစ်ချက်ညိမ့်ပြကာ အခန်းထဲမှ ပြန်ထွက်သွားသည်။
မေခန့်ကတော့ အသိစိတ်လွတ်နေသူပမာ ငုတ်တုတ်ထိုင်လျက်သား။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....