" စက်လှေ က သိပ်စီးဖူးတာ မဟုတ်ဘူး။ ပျော်စရာကောင်းမှာပဲ"
မြစ်ဆိပ်ကမ်းနား ထိပ်ဖက်မှာ ရပ်ကာ ရေပြင်ကို ကြည့်၍ မယုက ဆိုပါသည်။
" မယု ညောင်းနေအောင် စီးရမှာ။ မပူနဲ့"
မေခန့်တို့ မိသားစုနှင့်အတူ မယုကိုပါ ခေါ်၍ တိမ်းဖာတောင်သို့ ဆွမ်းကပ် လာကြခြင်းပင်။
မယုကတော့ မြစ်ပြင်ကျယ်ကို ကြည့်ကာ ပျော်နေဟန်တူသည်။
တဖြူးဖြူး တိုက်ခတ်နေသည့် လေကြောင့် ဝတ်ဆင်ထားသည့် ခဲရောင် မြန်မာဝန်စုံသည် တဖျတ်ဖျတ် လူးလွန့်လျက်။
မြစ်ကမ်းနံဘေးမှာတော့ တိမ်းဖာတောင်မှ ဈေးထွက်စက်လှေပေါ် အလုပ်သမားအချို့ ပစ္စည်းများ တင်နေကြသည်။
မေခန့်တို့ရဲ့ ဆွမ်းကပ်ပစ္စည်း တွေပေါ့။
" သမီး.... မေခန့်....."
" ဒီမှာ ပါပါး"
" တက်။ တက်။ နေ့ဆွမ်းအမှီ သွားရမှာ။ နောက်ကျမယ်"
တက် တက် ဆို၍ မြစ်ဆိပ် လက်ရမ်းများပေါ် လက်ထောက်ကာ ငေးမောနေရာမှ အောက်ဆင်းရန် ပြင်ရသည်။
မြစ်ကမ်းနံဘေးနှင့် အပေါ်ဖက် လူသွားလမ်းက အနည်းငယ် မတ်စောက်စွာ ဆင်းရသည်မို့ ကျင့်သားမရလျှင် ခြေချော်နိုင်သည်။
" မယု...... ရရဲ့လား"
လက်ကမ်းပေးတော့ လှေကားထစ်များကို သတိထား၍ ဆင်းနေရာက မေခန့်လက်ကို ဆုတ်ကိုင်သည်။
" တော်တော် မတ် တာပဲနော်"
" ဟုတ်တယ်။ ဒါကြောင့်လေ။ သေချာဆင်းနော် မယု"
နောက်ဆုံးမှာတော့ မော်တော်နံရံကို ကိုင်မိပြီ။
မယုကို အရင် တက်စေကာ မေခန့်က နောက်မှ ထိန်း၍ တက်ရသည်။
" ကိုင်း.... ပစ္စည်းရော လူရော စုံပြီဆိုတော့ သွားမယ်ဗျာ..."
" သွား သွား။ နေ့ဆွမ်းမမှီဘဲ နေလိမ့်မယ်"
မော်တော်ဝမ်း ထဲက အမိုးလုံသည့်နေရာမှာ ထိုင်ဖို့ ပြင်ရသည်။
မနက် (၉) နာရီ ကျော်ပြီမို့ နေက တရှိန်ရှိန် ပူလာပြီလေ။
" မြစ်ရေ က တော်တော်နက်မှာပဲနော်"
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....