" တို့က မိဘမဲ့ ဂေဟာကနေ ကြီးလာတာ "
မယု၏ စကားကြောင့် မေခန့်၏ မျက်ခုံးနှစ်ဖက်က အသာအယာ မြင့်တက်သွားရသည်။
မယုက မေခန့် ကို ကြည့်မနေပါ။
အရှေ့တည့်တည့်မှ မြစ်ပြင်ကျယ်ကိုသာ အဓိပ္ပာယ်မဲ့ ငေးမောလျက်။
မြစ်ဖက်မှ တိုက်ခတ်လာသော လေ ၏ အရှိန်ကြောင့်
တစ်ပတ်လျှိုဆံထုံးမှ စွန်းထွက်နေသော ဆံစ တို့မှာ ဝဲလွှင့်လျက်။" တို့ အသက် ၄ နှစ်အရွယ်မှာ အမေနဲ့ အဖေ ကွာရှင်းတယ်။ တို့က အမေ နဲ့ လိုက်နေရတာပေါ့။ အဖေက အရက်အမြဲ သောက်ပြီး မူးလာရင် ရမ်းတတ်တဲ့လူစားလေ။ ဒီလိုလူ ကို ရေရှည် မပေါင်းနိုင်တာ သဘာဝ ကျပါတယ်။ ဒါပေမဲ့.... အမေနဲ့ လိုက်နေတာကလည်း ခဏပါပဲ"
ထို့နောက် စကားကို ရပ်ကာ သက်ပြင်းကို ခပ်သာသာ ချသည်။
လက်ထဲမှ ဝိုင်ခွက်ကို တစ်ချက်ငုံ့ကြည့်ရင်း တစ်ဆက်တည်း မော့သောက်သည်။
ငါးနှစ် တဲ့။
မေခန့်ရော... ငါးနှစ်သမီး အရွယ်တုန်က ဘယ်လို ရှင်သန်ခဲ့သလဲ။သေချာတာကတော့ ပါပါးနဲ့ မာမား အပြင် ပတ်ဝန်းကျင်က ဆွေမျိုးသားချင်းများ အားလုံးရဲ့ကြားမှာ ကလေးဘဝ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရသည်ပဲ။
ငယ်ဘဝ ကို အထိအရှ မရှိအောင် ဖန်တီးပေးခဲ့ကြလို့ သတိတရ ကျေးဇူးတင်မိရသည်။ မယုနှင့် ယှဉ်ရင်ပေါ့လေ။
မေခန့်ရဲ့အမျိုးသမီးဟာ ထင်ထားတာထက် ပိုပြီး ကြမ်းတမ်းခဲ့သည်ပဲ။
မယု ကဆက်ပြောသည်။
" တို့အသက် ၁၂ နှစ် အရွယ်မှာပဲ အမေ နောက်အိမ်ထောင် ထပ်ပြုတယ်။ အင်း... ရှင်းရှင်း ပြောရရင် ပထွေးက တို့ကို ဆက်ဆံတာ မူမမှန်လို့ ရပ်ကွက်လူကြီးတွေက ဦးဆောင်ပြီး မိဘမဲ့ဂေဟာ ကို ပို့လိုက်တာပဲ။ တော်ပါသေးတယ်။ တို့ ရဲ့ ပညာရေး ဆုံးခန်းတိုင်နိုင်ခဲ့လို့ပေါ့။ "
အသံတို့က တုန်ရီလာသော်ငြား စကားကို ပြီးဆုံးအောင် ပြောပြီးမှ သက်ပြင်းရှည်ကို ချ သည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....