" ဈေသည်တွေက ရွာအစုံ ကပဲ မယု။ မြို့သစ်နဲ့ အနီး အနား ရွာတွေ အကုန်လုံးက ဒီဈေးကိုပဲ ဗဟို ထားကြတာလေ။ ရွှေမြောင်း ၊ တိုက်ကျောင်း ၊ ဟင်္သာ ၊ စီကော်၊ မန်နောင်....."
ဈေးတန်းတစ်လျှောက် လှည့်ပတ်ကြည့်ရင်း ရှင်းပြသော မေခန့်၏ စကားကို မယု က ခေါင်းတညိမ့်ညိမ့် နားထောင်လျက်။
ဆောင်းရာသီ နံနက်ခင်းမို့ နှင်းမြူများပင် သေချာ မကွဲတတ်သေး။
ပုံရိပ်တို့က ဝိုးတဝါး။
မယု ခန္ဓာကိုယ်လေး ကတော့ ခဲရောင် ကုတ်အင်္ကျီ နှင့် ကတ္တီပါ လုံချည် ခဲရောင်အောက်မှာ မြုတ်နေသည်။
စွပ်ဖိနပ် ခဲရောင် အောက်မှာ ခြေစွပ်ကလည်း ခဲရောင် မို့ တစ်ကိုယ်လုံး တစ်ရောင်ထဲ။
မေခန့်ကိုယ်တိုင်က အားကစား ဂျာစီ ဝမ်းဆက်ကို Sneaker အပြာရင့် ဖြင့် တွဲ၍ ဝတ်ဆင်ထားခဲ့သည်။
မြို့သစ်ဆောင်းကား အေးလှသည်။
မာဖလာ များ ရောင်းနေသည့် ဆိုင်ရှေ့ ရောက်တော့ အမြင်အာရုံထဲ ခဲရောင် မာဖလာ သဘက်လေးက ဝင်ရောက်လာသည်။
ခပ်တည်တည်ဖြင့် ဆွဲဖြုတ်ယူကာ လှစ်လှပ်နေသော မယု ၏ လည်တိုင်မှာ ပတ်ပေးတော့ ဘာလဲ ဟူသော အကြည့်ဖြင့် မော့ကြည့်သည်။
ဆောင်းနံနက်ခင်းမှာ နွေးထွေးသော အကြည့်တို့က မြတ်နိုးဖွယ်။
" မာဖလာ ပတ်ထား။ မယုနဲ့ အရောင် ကိုက်နေလို့ "
ဘာစကား တစ်ခွန်းမှ ထပ်မပြောဘဲ မေခန့်ကို နှာခေါင်းရှုံ့ပြသည်။
သဘောကတော့ မနိုင်ဘူး ဆိုသည့် ပုံစံ။ရှုံ့ပြသော နှာခေါင်းထိပ်ကလေးကို လက်ဖြင့် အသာ ဆွဲညစ်ရင်း ဖက်နမ်းလိုက်ချင်စိတ်ကို မြိုသိပ်လိုက်ရသည်။
ကျသင့်ငွေကို ရှင်းပြီး မယု၏ လက်ကို တွဲကိုင်လိုက်တော့ ခပ်ဆတ်ဆတ် တစ်ချက် ရုန်းသည်။
" ငြိမ်ငြိမ် နေပါ။ လက်ဖျားတွေ အေးနေလို့ စေတနာနဲ့ကို "
" ဪ... ကျေးဇူးတင်ချင်စရာပဲ"
" မလိုပါဘူး။ အချင်းချင်းတွေပဲ"
ခပ်စူးစူး မျက်စောင်း တစ်ချက်ကို မသိချင်ယောင် ဆောင်ကာ ရှမ်းခေါက်ဆွဲဆိုင်ထဲ ဝင်ထိုင်ဖို့ ပြင်ရသည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....