ဖုန်းဆက်လာသတဲ့။
မယုက အကျဲမှုံမှုံကို ဖုန်းဆက်လာသည်တဲ့။ဒါက အိပ်မက်ကြီး တစ်ခုလိုပဲ။
မျက်ဝန်းညိုတွေနဲ့ ခပ်တည်တည် အမျိုးသမီးကြီးက မေခန့်ကို သတိတရ မေးတယ် ဆိုရုံနဲ့တင် အဖျားသွေးတွေက ဘယ်ဆီ ပျောက်ကုန်ပြီမသိ။
မေခန့်နိုင်တစ်ယောက် အအေးမိပြီး ဖျားနေတာ ၃ရက်မြောက်နေ့။
သုံးရက်လုံး ဘာမှ စားမဝင်ထားသည့် ဗိုက်က ဒီ နေ့လယ်တော့ ဆာသလိုလို ရှိလာသည်မို့ အခန်းထဲက ထွက်ကာ မီးဖိုခန်းထဲ ဝင်မွှေတုန်း အကျဲမှုံမှုံက ပြောပြခြင်းပင်။
" ခန့်လေး မိုးဝင်ခိုခဲ့တဲ့အိမ်က အစ်မ
က ဒီမနက်ကပဲ ဖုန်းခေါ်လာတယ်သိလား။ စက်ဘီးလည်းအခုထိ လာမရွေးသေးလို့ ဖျားနေတာလား တဲ့""ဟင်။ ဟုတ်လား။ အကျဲက ဘာပြန်ပြောလိုက်လဲ"
'' ဘာပြောရမလဲ အေ။ အအေးမိပြီးဖျားနေတယ်လို့ပဲ ပြောလိုက်တာပေါ့။ လာနှိုးမလို့ပဲ။ သူက နားပါစေ ဆိုတာနဲ့ လာမနှိုးဖြစ်တာ။ အိမ်ကဘယ်နားမှာလဲ လို့တော့ မေးသွားတယ်"
"အယ်... ဟုတ်လား"
"အင်း။ အခုရောနေသာရဲ့လား ခန့်လေး။ ဘာလိုသေးလဲ။ အကျဲ ဘာချက်ပေးရမလဲ။"
"ရပါပြီ။ အကျဲ ဆိုင်သွားတော့လေ။ နေ့လယ်ဆို လူက ကြပ်တာနဲ့။ မေခန့်နေကောင်းနေပြီ"
"ဒါဆို အကျဲသွားပြီနော်။ လိုတာရှိရင် မိစု ရှိတယ်နော်။ စားချင်တာရှိရင် ဖုန်းဆက်ခဲ့။ညနေ ဝင်ဝယ်လာပေးမယ်"
ပါပါးရော မာမားပါ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားကြချိန်မို့ အိမ်မှာ မေခန့်၊ အကျဲမှုံ နှင့် အိမ်အကူ မစုစုသာ ရှိနေသည်မဟုတ်ပါလား။
ပုံမှန်ဆို မေခန့် ဖျားတိုင်း ပါးပါးရော မာမားပါ အနားက တစ်ဖဝါးမခွာ ပြာယာခတ်နေအောင် ဂရုစိုက်ကြသည်မို့ ယခုတစ်ခါတော့ မေခန့် အားငယ်သလို ခံစားနေရသည်။
အကျဲမှုံမှုံကလည်း မေခန့်ကို ထမင်းဟင်းချက်၊ အဝတ်လျှော်ပေးရုံသာမက စတိုးဆိုင်နှင့် ဒေါ်လေး၏ အထည်ဆိုင်ကိုပါ ပြေးလွှားနေရသူမို့ အပူ ထပ်မပေးချင်ပါလေ။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....