<><><> အပိုင်း [၇] <><><>

700 58 0
                                    

Unicode

မိုးစက် မိုးမွှားလေးတွေသည် တိမ်ညိုတိမ်မဲ ကြားတွေ ထဲကနေ မြေပြင်သို့ လေအေးနဲ့ အတူ သက်ဆင်းသွားချေပြီ။ တဖြေးဖြေးနှင့် မိုးမွှားကနေ မိုးပေါက်တွေ ကြီးလာလေသည်။ သည်းသည်းမဲမဲ ရွာနေသည်မှာ မဟာပထဝီမြေပြင်မှာ ရှိသည့် အိမ်တွေ၊ လူတွေနှင့် ကောင်းကင်ကျယ်ကြီးကိုတောင် မမြင်ရတော့ပေ။

ပျဉ်တွေနှင့် တည်ဆောက်ထားပြီး ရေနံချေးသုတ်ထားသော အိမ်အိုကြီးဟာ လေအလျင်ကြောင့် လှုပ်ခတ်သွားသလိုတောင် ခံစားမိသည်။ ခြံဝန်းထဲက ငှက်ပျောပင်နှင့် ပန်းပင်တစ်ချို့ဟာ လေကြမ်းမှုကြောင့် ကျိုးကြေပျက်စီးသွားချေပြီ။

"သမီးတို့ကြောက်တယ် မေမေ"

စံဒေဝီလေးဟာ အငယ်ပီပီ လျင်မြန်စွာ မီးဖိုချောင်မှာ ဟင်းချက်နေသော မိခင်၏ ခါးအား ဖက်တွယ်နေလေသည်။ အကြီးဖြစ်တဲ့ သုဟိတလေးဟာလည်း အပေါ်ထပ်ကနေ လှေကားတစ်လျှောက် ပြေးဆင်းလာပြီး မိခင်ဆီကိုပဲ ပြေးလာသည်။

မိခင်မှာလည်း အသက် ၇နှစ် ရှိသော သမီးငယ် စံထိပ်ထားနှင့် ၁၂နှစ်ရှိသော သမီးကြီး သုဟိတတို့ကို ပြုံးလျက်ပင် ကြည့်ပြီး နှစ်ယောက်လုံးအား ပွေ့ဖက်လိုက်လေသည်။

"မေမေ့ သမီးတွေက ကြောက်နေကြတာလား"

"ဟုတ် မေမေ၊ မိုးတွေ တအားခြိမ်းတာပဲ"

ဒီတစ်ခါလည်း စံထိပ်ထားလေးက နှုတ်ခမ်းဆူစွာ မိခင်အား တိုင်နေလေသည်။ သုဟိတလေးကတော့ ညီမဖြစ်သူရဲ့ ပြောပုံဆိုပုံတွေက ချစ်စဖွယ် အမူအရာဖြစ်နေသောကြောင့် သဘောတကျ ရယ်နေလေရဲ့။

"မေမေ အဖေက ပြန်မလာသေးဘူးလားဟင်"

သုဟိတလေးဟာ အပြင်ဘက်က မိုးရွာနေတာကို မော့ကြည့်၍ တွေးဆဆဖြင့် မေးလိုက်လေသည်။ သူသည်လည်း မိုးတအားသည်းနေတော့ ဖခင်ကို စိတ်ပူနေရှာသည်မလား။

"ဖေဖေက နန်းတော်တွင်းထဲမှာ ဘုရင်ကြီးက အလုပ်ခိုင်းနေလို့ပေါ့ သမီးရဲ့၊ သမီးတို့ ဖေဖေကလေ ဓားကို ကိုင်ရတာလေ၊ ဒီည အဲ့ဒီမှာ အိပ်မယ်လို့ မေမေ့ကို ပြောသွားတယ်"

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Onde histórias criam vida. Descubra agora