Unicode
နာကျင်ခဲ့ရသည့် အတိတ်တွေကို တွေးမိလေတော့ သူ၏ စိတ်တွင်းထဲမှာ အမုန်းတွေသာ ပိုတိုးပွားလာခဲ့ရသည်။ မိခင်က သူမကို ဘာ့ကြောင့် မညှာမတာ ရိုက်ရသနည်း?၊ သည်းခံပါသည် ဆိုသည့် သူမ၏ အမဖြစ်သူကရော သူ့ကို ဘာလို့ မချော့လေသနည်း?၊ အားလုံးကို သူမ မုန်းမိသည်။
လှပပြီး အေးချမ်းနေသော ဥယျာဥ်တော်တွင်းထဲတွင် သူတစ်ယောက်ထဲသာ အပူတွေခံစားနေရသည်။ အမုန်းတွေဟာလည်း သံယောဇန လို့ခေါ်တဲ့ သံယောဇဥ်တွေပင်။ ချစ်ခြင်းကြောင့်ပဲ သံယောဇဥ် ဖြစ်တတ်သလို အမုန်းအားကြောင့်လည်း သံယောဇဥ်ဖြစ်ပေါ်တတ်သည်။
မိမိဟာ ထိုသူနှင့် မတွေ့မဆုံချင်တော့လျှင် ချစ်ခြင်း၊ မုန်းခြင်း ကင်းသည့် ဥပေက္ခာကိုသာ လက်ကိုင်ထားသင့်သည်။ ထို့သို့ လျစ်လျူရှုလိုက်ပါက နောင်သံသရာတစ်လျှောက်လုံး ထိုသူနှင့် တွေ့ဆုံရတော့ မည်မဟုတ်။
ကြာဆိုသည်မှာ ရွံ့ညွှန်နှင့် ရေရှိမှ ဖြစ်တည်လာတတ်သလို၊ ချစ်ခြင်းတရားမှာလည်း အကြောင်းအရင်းနှစ်ချက်သာ ရှိသည်။ အတိတ်ဘဝက အထုံပါလာ၍ ဖြစ်တည်ခြင်းနှင့် လူနှစ်ဦး သူ့အကျိုးဆောင်၊ ကိုယ့်အကျိုးဆောင်ရင်း အနေနီး၍ ကြောင့်ပင်ဖြစ်သည်။
ဂေါတမမြတ်စွာဘုရားပင်လျှင် အရှင်ဒေဝဒတ်နှင့် ဘဝပေါင်းများစွာ စုံကြဖူးသည်။ အရှင်ဒေဝဒတ်က အရာရာပြည့်စုံနေသော ဘုရားရှင်အပေါ် အမုန်းတရားရှိနေခြင်းကြောင့် ထိုအမုန်းတရားတွေက မြစ်ဖျားခံ၍ ဘဝပေါင်းများစွာ စုံစည်းစေရန် အကြောင်းတရားပင်။
ယသော်ဓရာနှင့် ကျတော့ ဘဝပေါင်းများစွာ အတူတူ ပါရမီဖြည့်ကျင့်ခဲ့ကြ၍ ချစ်ခြင်းတရားတွေကနေ မြစ်ဖျားခံသောကြောင့် ဘဝပေါင်းများစွာ စုံစည်းခဲ့ရခြင်းပေ။ ဒါတွေဟာ သံယောဇန လို့ ခေါ်တဲ့ သံယောဇဥ်တွေပင်။
မှားယွင်းစွာ နေထိုင်နေသော လူတစ်ယောက်ကို ဆုံးမ ပြုပြင်မပေးပဲ ဥပေက္ခာပြုလိုက်လျှင် ထိုသူရဲ့ ဘဝတစ်လျှောက်လုံးကို သတ်ပစ်လိုက်တာနှင့် အတူတူပင်။
တစ်ခုသော အခါဝယ် မြတ်စွာဘုရားရှင်ကို ကေသီအမည်ရှိသော နန်းတွင်းထဲက မြင်းပေါင်းအကောင် ထောင်သောင်းမက ထိန်းရသော မြင်းထိန်းသမားဟာ ဤသို့ လျှောက်တင်လေသည်။ 'အရှင်ဘုရား တပည့်တော်ဟာ မြင်းတွေကို နည်းသုံးနည်းနဲ့ ထိန်းပါတယ် ဘုရား၊ ထိုနည်းတွေဟာ ပြောလို့ မရတဲ့ မြင်းတွေကို အသားကို တို့ထိတယ်၊ အဲ့လိုမှ မရဘူးဆိုလျှင် အရိုးကို ထိအောင်ရိုက်ပါတယ် ဘုရား' တဲ့လေ။
YOU ARE READING
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Historical Fictionတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! *Photo Cover Crd* Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical !!! Time...