အပိုင်း(၂၀)

2.2K 249 19
                                    

Unicode

စာမေးပွဲပြီးတဲ့နေ့တွင်ပင် ညို့တစ်ယောက်အဆောင်ပြန်ပြီး အထုတ်ပြင်ကာ အဆောင်အောက်ရှိအသင့်ရပ်ထားသော ကားလေးပေါ်အလျင်စလိုပါသွားချေသည်။ ဦးတည်ရာသည် သူ့အတွက်အိမ်ရှိရာအရပ်ဆီသို့သာ။ နှုတ်ဆက်ခြင်းကို ဆုပ်ကိုင်ချင်ပေမယ့် အချိန်မရတော့တာ‌ကြောင့် နှုတ်မဆက်ဖြစ်တော့။ လွယ်အိတ်အညိုရောင်လေးထဲမှ အနက်ရောင်‌ဒိုင်ယာရီစာအုပ်လေးကို လက်သွယ်သွယ်တွေဖြင့် ဖွင့်ဟစေသည်။ အလယ်ခေါင်စာရွက်ကြားရှိ မခြောက်သွေ့သေးသော ကံ့ကော်အနွမ်းလေးဟာအသင့်စောင့်ကြိုနေသည်။

“ကျွန်တော်ပြန်ခဲ့မယ် မယ် နှုတ်မဆက်ခဲ့လို့ စိတ်မဆိုးဖို့မျှော်လင့်တာပဲ ကျွန်တော့်ကိုစိတ်ဆိုးရင်လည်း မင်းပြောသမျှလိုက်လုပ်ဖို့ကျွန်တော်သဘောတူပါ့မယ်”

ဘယ်သူမှမကြားလည်း ညို့နှလုံးသားတွေကကြားသည်။ တတွတ်တွတ်ရေရွတ်ရင်း စာအုပ်အနက်လေးအား သူ့ရဲ့ခိုးကိုးရာလွယ်အိတ်လေးထဲသို့။

“အယ်ဝါး နင်ဖြေနိုင်လား”

“ငါကဘယ်သူလဲ အယ်ဝါးလေ ဖြေနိုင်လားမေးစရာလား”

“အော်ဖြေနိုင်တယ်ပေါ့”

“သေချာပေါက်မဖြေနိုင်ဘူးပေါ့လို့ အဟင့် ခက်ရယ်ဝမ်းနည်းလိုက်တာ”

“ဒီဟာတွေကတော့ ”

ရယ်မောသံတွေညံစီလျက် လမ်းတစ်လျှောက်ပြုံးပျော်ခဲ့သမျှသည် ဒဂုံလမ်းမအားကူးမည်အပြုတွင်တော့ ကျကွဲပျက်စီးသွားသည်။ ဂျက်ဆင်လမ်းသွယ်ဘက်မှ ဒဂုံလမ်းဘက်သို့ချိုးတက်လာသော ကားပေါ်ဝယ် ညို့တစ်ယောက် ပါသွားချေသည်။ အခါတိုင်းအပြင်သွားမည့်ပုံစံမဟုတ်တာတော့သေချာသည်။ မြင်မိသည့်မြင်ကွင်းနောက် ခြေလှမ်းတို့ကအလျင်စလိုလျှောက်ပြေးလိုက်သည်။

“ညို့ ညို့..ညို့!”

အလျင်စလိုထွက်သွားသောကားအနောက် ပြေးလိုက်ကာ အော်ခေါ်နေသော်လည်းဘယ်မှာများကြားပါလိမ့်မလဲ။ ခေါ်သံတွေဟာ လေထဲတွင်ပင်ရပ်တန့်ပစ်သည်။ ကားပေါ်ကသူဆီတော့ မရောက်နိုင်ပေ။

“မယ်ရှင် ဘာလို့လဲ”

“အဲ့ကားပေါ် ညို့ပါသွားတယ်”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now