အပိုင်း(၂၈)

2.2K 260 9
                                    

Unicode

ဦးပိန်တံတားလိုက်ပို့မယ်ပြောထားပေမယ့် ညို့တို့နေတဲ့နေရာနဲ့ ဦးပိန်တံတားဆိုတာ အလှမ်းခပ်ဝေးဝေးရယ်။ ဒါပေမယ့် ညို့ကတော့ လိုက်ပို့ချင်သည်။ ညို့ရဲ့ထုံးစံအတိုင်း ဆံနွယ်တွေကိုတစ်လွှာစည်းလိုက်ပြီး ချည်ထည်ဝမ်းဆက်ကလေးလဲလိုက်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။

ညို့ခြေလှမ်းတွေလှမ်းလာရင်း ခြံထဲမှာ သဘောတကျရယ်နေတဲ့မိန်းကလေးကိုတွေ့ရသည်။ ထူးထူးဆန်းဆန်း ဂုတ်ဝဲဆံပင်လေးကို စုစည်းထားလေရဲ့။ ဆံမှိတ်ကလေးလှုပ်စိလှုပ်စိနဲ့ အတည်ကြီးအသဲယားစဖွယ်။ဘာတွေများသဘောကျနေသလဲဆိုတော့ မပုရဲ့ ကလေးနဲ့စကားပြောရင်းသဘောကျနေခြင်းပင်။ ညို့မြင်ကွင်းထဲကမိန်းကလေးကြောင့်တံခါးနားတွင်ရပ်နေကာ ငေးကြည့်နေမိခဲ့ပါသည်။

“ညို့ ပြီးပြီလား ”

ညို့ကိုအခုမှမြင်ပုံရပြီး ဆက်ခနဲ ထလာသည်။ မပုရဲ့သားလေးကညို့ကို ကြောက်တာမို့ အနားကိုမလာပဲ မယ်ထားတဲ့နေရာတွင်သာမတ်တပ်ကလေးရပ်နေချေသည်။

“ညို့ ငါပြောစရာရှိလို့”

“ဘာ‌တုန်း ပြောလေ”

“သားပုလေးကို ခေါ်လာချင်လို့”

“ဘာ!”

အံ့ဩခြင်းသည်အထွဋ်အထိပ်။ နှစ်ယောက်တည်းသွားမို့ အစ်မမေရီကိုတောင်မခေါ်ပါဘူးဆို အဲ့ကလေးကိုဘာကိစ္စနဲ့ခေါ်မယ်ပြောနေရပြန်တာလဲ။ ညို့ရဲ့အော်သံအဆုံး မယ်ကဂုတ်ကလေးပုလို့။

”ညို့..ညို့ကလည်း သားပုလေးကငါနဲ့ဆော့နေတာလေ။ ညို့ကပြင်နေတာကြာတာကို ငါလည်းစောင့်နေရတာပေါ့။ အဲ့လိုစောင့်နေတဲ့အချိန် သားပုလေးကစကားတွေလာပြောနေတာ။ တကယ်ဆို ငါမပျင်းအောင်သားပုကစကားလာပြောတာလေ။ ညို့ကနောက်ကျမှလာပြီး...”

“ကဲကဲ ရပြီ ရပြီ ဒီမယ် ကျွန်တော်တို့သွားရမယ့် ဦးပိန်တံတားကလှမ်းတယ် ဒီတော့ အဲ့ကလေးခေါ်လာပြီပဲထား သူ့အမေဆီပြန်ချင်တယ်ဆိုရင် ချက်ချင်းလိုက်မပို့နိုင်ဘူး မင်းလည်းကောင်းကောင်းလည်ရမှာမဟုတ်ဘူး”

“ဟွန့်ညို့ကလည်း”

ညို့စကားအရှည်ကြီးပြောပေမယ့် သူကတော့ ညို့ကလည်းနေတုန်း။တကယ့်အာဂ။ သူမှမဟုတ်။ ညို့တို့စကားပြောနေတာကို မတ်တပ်လေးရပ်ကြည့်နေတဲ့ အာဂလူ့အသေးလေးကလည်း ပေကလပ်ပေကလပ်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now