အပိုင်း(၃၁)

2.1K 235 3
                                    

Unicode

စိတ်တိုတိုနဲ့သာထလာရတာ ဆိုင်ရှေ့ရောက်ရုံရှိသေး စိတ်ကောက်နေသူကိုတွေးမိတော့ အနောက်ပြန်ပြေးချင်စိတ်က ပြင်းပြင်းရှရှ။ ခုနကပဲဗြူးဗြဲလုပ်ပြီးထလာတာမို့ ချက်ချင်းပြန်သွားချင်စိတ်လေးအားချိုးနှိမ်ရင်းထွက်လာခဲ့ရသည်။စာသင်ဆောင်တွေဆီရောက်တော့ ခပ်ပေပေနဲ့သွားရပ်မိသည်က မြန်မာစာဌာနရှိရာ တောင်ငူဆောင်အရှေ့။ တ‌အောင့်စောင့်တော့ ပေါ်တော်မူသုံးယောက်ကရောက်လာသည်။ ညို့မပြုံးမိပေမယ့် ခေါ်ဖို့အနားကပ်သွားမိသည်။ သို့သော်ငြား တစ်စုံတစ်ယောက်ကတော့ ညို့အားရှောင်သွားလေသည်။

“နမော်နမဲ့!”

မယ့်ခြေလှမ်းတွေတုန့်ခနဲ။ ရယ်ချင်ချင်ဖြစ်သွားရသည်။ ဘယ့်နှယ်နာမည်အရင်းမခေါ်ပဲနဲ့။

“ကျွန်တော့်ကိုစကားမပြောတော့ဘူးလားဟင်”

ဒီစကားကြားတော့ အယ်ဝါးကသွယ့်ကိုတိုးတိုးလေးကပ်ပြောသည်။

“မှိုင်းညို့ရီကို ဘာဝင်ပူးထားတာလဲမသိဘူး”

“တိတ်တိတ်နေ နော်အယ်ဝါးရေ ဟိုကငါတို့ဘက်လှည့်လာမယ်”

တိုးတိတိုးတိနဲ့ ငြင်းခုံနေရင်း ရှေ့နားဆီမှ ဇာတ်လမ်းကိုလည်း အပြတ်မခံပါချေ။

“ဟင် ကျွန်တော့်ကိုမခေါ်တော့ဘူးလားလို့”

“ငါ့ကိုသိလို့လာပြောနေတာလား”

ညို့ခြေလှမ်းတွေအနားထိတိုးသွားလိုက်ပြီး အပြုံးလေးကိုဆင်ယင်လိုက်သည်။ အပြုံးရှားလွန်းတဲ့မိန်းမဆီကကြွေကျလာတဲ့အပြုံးပန်းဟာဘယ်လောက်လှလိုက်မလဲတွေးနေစရာပင်မလို မယ့်နှလုံးခုန်သံတွေ ဝုန်းဒိုင်းကြဲသွားလေပြီ။

“သိပါ့ သိတာမှ သိပ်သိပ်သိတာ”

“ငါတော့မသိဘူးနော်”

“ကျွန်တော့်မိန်းကလေးက ကျွန်တော့်မသိဘူးပြောတော့ ကျွန်တော့်နှလုံးသားလေနာလိုက်တာ”

“ကဲကဲ ဒီမှာ အပိုတွေမဝယ်ဘူးနော် ရောင်းမယ့်ရောင်း ကန်ဘောင်ပေါ်သာသွားရောင်း”

“ချစ်ရဲ့နဲ့”

ဒီစကားမှာတော့ မယ့်မျက်နှာဟာနီဆွေဆွေ။ မယ်မျက်စောင်းချီချင်ပေမယ့် ရှက်စိတ်ကတစ်ကိုယ်လုံးပြန့်သွားတာမို့ဘနှုတ်ခမ်းကိုက်ကာ ကျောခိုင်းလိုက်ရသည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now