အပိုင်း(၃၂)

2.1K 239 4
                                    

Unicode

လှိုင်းရာတစ်ယောက် ဦးခန့်ထည်ရဲ့အိမ်သို့အိမ်အကူအဖြစ် ဝင်ရောက်ခွင့်ရခဲ့သည်။ ခပ်ရွယ်ရွယ်မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုရဲတင်းလိုက်တာဟာ သိပ်အန္တရာယ်များမှန်းသိသည်။ သို့သော် ရွေးချယ်စရာရှိမနေခဲ့ပေ။ မမလေးအပေါ် ပြောခဲ့မိတာအတွက် ‌လွန်တယ်လို့ခံစားမိပေမယ့် နောင်တတော့မရပါ။ မပျော့ညံ့စေချင်ရုံပါ။

လှိုင်းရာဆိုတဲ့သူက မွေးကတည်းက မိသားစုနဲ့မနေခဲ့ရတဲ့သူ။အမေရော၊အဖေရောကိုမမြင်ဖူးခဲ့။ မွေးကတည်းက သိခဲ့တာက အစ်မတစ်ယောက်တည်း။ မမစိုးကသာအမေ၊အဖေ။ တစ်ယောက်တည်းသောမိသားစုဝင်ကိုဆုံးရှုံးလိုက်ရချိန်ဟာ သူ့အတွက်ကမ္ဘာပျက်မတတ်ဖြစ်ခဲ့ရသည်။ သူ့လိုမိသားစုဝင်တစ်ယောက်တည်းမဟုတ်ပဲ အကုန်ဆုံးရှုံးလိုက်ရတဲ့မမလေးဆို ဘယ်အတိုင်းအတာထိနာကျင်ရမလဲနားလည်ပါသည်။ အစွမ်းကုန်ကူညီချင်သည်။ နာကျင်ခြင်းတွေပေါ် ဒဏ်ရာတော့ထပ်မတိုးစေချင်တော့။

မမလေးကိုကူညီရတဲ့အကြောင်းအရင်းကရှိပါသေးသည်။ လှိုင်းရာက မမစိုးကြောင့် အစစအရာရာအဆင်ပြေပြေအသက်ရှင်ခဲ့ရပေမယ့် ပညာတော့မတတ်ပါချေ။ ပညာအဆင့်အတန်းရော၊ငွေကြေးပါမပြည့်စုံသည့်သူ့အတွက်မမလေးကိုကူညီကာမှ ဒီခရီးကို လျှောက်လှမ်းလို့ရမည့် အဖြစ်။ ပြောရရင် ကိုင်းကျွန်မှီ၊ကျွန်းကိုင်မှီဆိုတဲ့စကားပုံဟာ မမလေးနဲ့ သူ့အတွက်သာ။ ဆုံးရှုံးစရာမရှိတဲ့လူကဘာပဲဖြစ်ဖြစ်လုပ်ရဲသည်တဲ့။ ဒီစကားဟာ သွေးထွက်အောင်ပင်မှန်ပါသည်။ တစ်ဦးတစ်‌ယောက်ကိုတွယ်တာချင်နေသည့်အတွင်းစိတ်ကိုမျက်ကွယ်ပြုမိထားသည်။ တွယ်တာမိရင်ဆုံးရှုံးရမှာကြောက်လာမှာမို့ သွေးအေးပစ်ခဲ့သည်။ မုန်းနေမှာပေါ့။ လှိုင်းရာလို အညတရတစ်ယောက်ကအသုံးချသွားခဲ့လို့မုန်းနေလောက်ရောပေါ့။

အတွေးတွေကတစ်စုံတစ်ယောက်ဆီအထပ်ထပ်ရောက်သွားတော့ ဘယ်ဘက်ရင်အုံကတဆစ်ဆစ်။ နာသည်။ နာတာထက်ပိုတဲ့နာကျင်မှုဟာ ဒီနှလုံးသားမှာတည်ရှိသည်။ နောက်ဆုံးမြင်တွေ့ခဲ့ရသည့်စူးရှရှနဲ့အကြည့်က လှိုင်းရာဆိုတဲ့သူ့ကို ဆုံးရှုံးစရာဘာမှမရှိတော့ဘူးဆိုတာထပ်ကာထပ်ကာသတိပေးနေခဲ့ပါသည်။ ဒါပေမယ့်နာကျင်ရသည်ကအကြိမ်ပေါင်းများစွာ။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now