အပိုင်း(၃၃)

2K 234 3
                                    

Unicode

လေပြည်နုနုတွေ ရစ်သိုင်းနေသည့်ရာသီဥတုနှင့်လိုက်ဖက်လှစွာ သီရိဆောင်မှမိန်းမပျိုလေး၃ယောက်ဟာ လှလှပပ‌ ကျော့ကျော့ရှင်းရှင်း။ ဘေးနားမှ နှစ်ယောက်က ပြုံးရုံသာပြုံးပေမယ့် အလယ်ကမိန်းကလေးကတော့ စာကလေးအလား အရမ်းစကားပြော၏။

“နင်တို့ကလည်းဟာ ငါတစ်ယောက်တည်းပြောနေရတာ ပျင်းလာပြီ”

အလယ်ကနေဆူပုတ်ပုတ်ပြောလာသည့်အယ်ဝါးကြောင့် ညို့နဲ့သွယ်ပိုပြုံးမိသွားရသည်။

“အယ်ဝါး”

“ဘာလဲ”

ညို့ရဲ့ခေါ်သံကိုဘုဆက်ဆက်နဲ့သာပြန်ဖြေလာသည်။

“နင်စကားအရမ်းများတယ်”

“ဘာ! အီ..ဟီးး မယ်နဲ့တိုင်မှာနင့်ကို”

မယ်နဲ့တိုင်မှာဆိုသည့်စကားကြောင့် ညို့တစ်ယောက် တစ်ဖက်သို့လှည့်ရင်း သွားပေါ်သည်အထိကိုပြုံးလိုက်မိသည်။ အယ်ဝါးကသိထားပြီးသားမလား။သုံးယောက်သားလမ်းလျှောက်လာရင်း ဂျက်ဆင်လမ်းချိုးနားရောက်လာခဲ့သည်။ဂျက်ဆင်ဘုရားကျောင်းနားရောက်မှအမောတကောပေါ်လာသူကတော့ မယ်ရှင်လင်္ကာပါပင်။

“ဟဲ့ ချော်လဲဦးမယ် မယ်ရှင်ရယ်”

အယ်ဝါးက မယ်ရှင့်ကိုတော့ အတော်လေး ခင်မင်ပြီး နှစ်ယောက်သားကအမြဲစိတ်တူသည့် သူငယ်ချင်းတွေပင်။

“ကားမပါဘူး ဒီနေ့ အဲ့ဒါ နင်တို့နဲ့မတွေ့မှာစိုးလို့ ပြေးလာတာ မောတာ”

“ထူးထူးဆန်းဆန်း ဘာလို့ကားမပါတာတုန်း”

“ငါ့ကိုကိုရောက်နေတယ်လေ သူရောက်နေရင် ငါ့ကားလေးက သူ့လက်ထဲမှာပဲ ခုလည်းငှားသွားတယ်”

မယ့်ကိုကိုကအမြဲ အဝေးမှာရှိနေတတ်တဲ့သူ။ အရမ်းအရေးကြီးတဲ့ကိစ္စရှိမှရန်ကုန်ကိုခြေချတတ်တဲ့သူ။ ဒါတောင် မယ့်အိမ်ကလွဲရင် ဘယ်မှာမှမနေ။ တွေ့ချင်လွန်းလို့ ငိုယိုနေတဲ့အမေကိုတောင် သွားမတွေ့တဲ့ သား။ ကိုကို့ခံစားချက်တွေပြင်းပြင်းရှရှဖြစ်နေတဲ့အကြောင်းအရင်းကို မယ်ကအသိဆုံးမို့ အပြစ်မဆိုရက်ပါ။ မေမေ့စိတ်ကိုလည်း မယ်နားလည်တာမို့ ဘယ်သူမှအပြစ်မဆိုရက်နိုင်ပါ။ မေမေကကိုကို့ကိုသိပ်လွမ်းနေတာလို့ပြောရင် ကိုကိုကအံကြိတ်ရင်း မေမေ့ဆီသွားတွေ့မှာပါ ဒါပေမယ့်ကြာဦးမှာတဲ့။ သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း အတွေးတွေပြောင်းပစ်လိုက်ရသည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now