💕ချစ်သောကိုကို💕
💖အခန်း(၃)💖"ဟင်..."
ဆွေး ခြေလှမ်းတွေတန့်သွားတော့သည်။ လက်ထဲကစာအုပ်လေးကိုလည်း သေချာလေးဆုပ်ကိုင်ထားလိုက် မိ၏။ အရင်ကဆို ဒီနေရာမှာ ဘယ်သူမှမရှိပါဘူး။ အဲ့ဒါကြောင့်လည်း ဆွေး ဒီအချိန်ဆို ဒီလိုနေရာကို လာလာနေတတ်တာ။ အခု ဘယ်လိုလုပ်ပြီး...
ထိုင်နေကျနေရာလေးကထိုင်ခုံလေးကိုကြည့်ကာ ဆွေး ထိုင်ခုံအနားကိုကပ်သွားလိုက်သည်။ ထိုင်ခုံမှာ ထိုင်နေတာ ဘယ်သူလဲတော့ ဆွေးမသိပါ။ ဒါပေမယ့် ဆွေး အဲ့ဒီ့ခုံမှာ သူ့ကိုမထိုင်စေချင်ပေ။ ဒီနေရာလေး က ဆွေး ကျောင်းစတက်တဲ့နေ့ကတည်းကရှာတွေ့ပြီး နေ့တိုင်းလာလာထိုင်ပြီး စာကျက်နေတဲ့နေရာလေး တစ်ခု။ ကျောင်းစာကြည့်တိုက်နဲ့နီးတော့ တိတ်ဆိတ်ငြိမ်သက်လှသည်။ ဆွေးက အဲ့လိုမျိုးဆို သဘော ကျတယ်။
သူငယ်ချင်းကလည်းမရှိတော့ ဒီနေရာမှာတစ်ယောက်ထဲအေးအေးဆေးဆေးနေနိုင်သည်။ သူငယ်ချင်း ဆိုတာကလည်း ကိုလေးက မထားခိုင်းခဲ့တာ။ တစ်ယောက်ယောက်ကများ ဆွေးကိုမထင်မှတ်ဘဲစကား လာပြောခဲ့ရင် ဆွေးရောသူရောနှစ်ယောက်လုံးကို ကိုလေးကပညာပေးသည်။ ဆွေးက ခံနေကျဆိုတော့ ကိစ္စမရှိပေမယ့် ဆွေးကို လာပတ်သက်တဲ့သူကတော့ မသက်သာပေ။
စာအုပ်ကိုစိတ်ဝင်တစားဖတ်နေတဲ့သူ့ကို နေရာကဖယ်ခိုင်းရမှာ ဆွေး အားနာသွားမိသည်။ ဒါပေမယ့် ဆွေးအတွက်တော့ ဒီနေရာလေးတစ်ခုသာရှိသည်မို့ အားနာမှုတွေကို ဘေးသို့ဖယ်လိုက်ကာ သူ့ရှေ့သို့ တိုးလိုက်ပြီး
"ဒီမှာရှင့်..."
ဆွေးခေါ်တာကို သူကကြားပုံမရ။ စာကိုသာ ဆက်ဖတ်နေလေသည်။ ဟင်း... ဆွေး သက်ပြင်းချလိုက်ကာ သူ့နားကို ပိုကပ်လိုက်ပြီး
"ဒီမှာရှင့်... ဒီမှာ..."
ဆွေးနောက်တစ်ခေါက်ခေါ်တော့မှပဲ သူ့အကြည့်တွေက ဆွေးဆီသို့ စိတ်ပျက်ပုံဖြင့်ရောက်လာကာ
"မင်းကဘယ်သူလဲ... ဘာကိစ္စလဲ..."
ဆွေး သူ့ကိုအားနာစွာကြည့်လိုက်ပြီး ထိုင်ခုံကိုလက်ညှိုးထိုးလိုက်ကာ
"ဟိုလေ... အဲ့ဒီ့ခုံက ဆွေးထိုင်ခုံပါ... အဲ့ဒါ ရှင် ဖယ်ပေးလို့ရမလား..."
"ဘာ..."
တိမ်လွှာ သူ့ရှေ့မှာ မတ်တပ်ရပ်ပြီးစကားပြောနေတဲ့ ကောင်မလေးကို အ့ံသြစွာကြည့်လိုက်မိ၏။ သူမပုံစံ ကတော့ တခြားမိန်းကလေးတွေလို သူ့ကို တမင်သက်သက်လာရောနေပုံတော့မပေါ်ပါ။
"ဟုတ်ပါတယ်... အဲ့ဒီ့နေရာက ဆွေးနေရာပါ..."
နောက်တစ်ခါထပ်ပြောနေတဲ့ သူမကိုကြည့်ပြီး တိမ်လွှာရယ်ချင်စိတ်ကို မနည်းမြိုသိပ်ထားလိုက်မိသည်။ တက္ကသိုလ်ကျောင်းတော်ကြီးထဲက ထိုင်ခုံလေးတစ်ခုက သူမနေရာတဲ့လား...။ ရယ်ချင်စိတ်နဲ့အတူ တိမ်လွှာ သူမကို စချင်သွားကာ
"မင်းနာမည်က ဘယ်လိုခေါ်လဲ..."
"ဆွေးအရိပ်ပါ..."
ဆွေးရဲ့နာမည်ကိုမေးနေတဲ့သူ့ကို ဆွေး နားမလည်စွာငေးကြည့်နေမိသည်။ သူက ဆွေးကို ခေါင်းညိမ့်ပြပြီး ထိုင်နေရာကနေထကာ ခုံကိုပတ်ပြီးကြည့်နေလေသည်။ ဆွေး သူ့ကိုကြည့်ပြီး ထူးဆန်းနေမိ၏။ ပစ္စည်း တစ်ခုခုများ ကျပျောက်သွားလို့လား...?
"မင်းနာမည်ကိုမတွေ့ပါဘူး..."
"ရှင်..."
သူ့စကားကိုဆွေးနားမလည်သဖြင့် သူ့ကိုသေချာလေးကြည့်နေမိတော့ သူက ဆွေးကိုမကြည့်ဘဲ ခုံကိုသာ အရှေ့ကကြည့်လိုက် အနောက်ကကြည့်လိုက်နဲ့ အလုပ်တွေရှုပ်နေတော့သည်။
"ဟုတ်တယ်လေ... ဒီခုံမှာတော့ မင်းနာမည်ရေးထားတာမတွေ့ပါဘူး..."
"ဟင်... မဟုတ်ဘူးလေ... ဆွေးပြောချင်တာက ဒီခုံက ဆွေးပိုင်တဲ့ခုံမဟုတ်ပါဘူး..."
ဆွေး အဲ့လိုပြောတော့မှ သူ့အကြည့်တွေက ဆွေးဆီသို့ရောက်လာကာ
"မင်းပြောတော့ ဒီခုံကမင်းခုံဆို..."
ဆွေး သူ့ကို ဘယ်လိုပြောရမှန်းမသိတော့။ သူက နားလည်မှုလွဲသွားခဲ့တာပဲ။
"ဆွေး ပြောချင်တာက ဒီခုံက ဆွေးနေ့တိုင်းလာထိုင်နေတဲ့ခုံမို့လို့ပါ... ရှင်ထင်သလိုမဟုတ်ပါဘူး..."
"ဪ..."
အဲ့ဒီ့တော့မှ သူ့ပုံစံက ပုံမှန်ပြန်ဖြစ်သွားသည့်ပုံဖြင့် ခေါင်းငြိမ့်ကာ ဆွေးကိုကြည့်နေ၏။
"ကိုယ်ကလည်း ဒီနေ့မှ အေးအေးဆေးဆေးနေလို့ရမယ့်နေရာတစ်ခုလိုက်ရှာရင်းနဲ့ ဒီနေရာလေးကိုတွေ့ပြီး သဘောကျသွားမိတာ... ဒီနေရာလေးက ပိုင်ရှင်ရှိနေခဲ့တာပဲ..."
ဆွေး သူ့ကို ခေါင်းပဲငြိမ့်ပြလိုက်မိသည်။ ခုံမှာက မြန်မြန်ထိုင်ချင်နေပြီ။ သူက စကားတွေပြောနေပေမယ့် ဆွေးက ဘာမှပြန်မပြောတတ်ပေ။
"မင်းသူငယ်ချင်းတွေကရော..."
ဆွေး ခေါင်းရမ်းပြလိုက်တော့ သူက မျက်မှောင်ကြံု့သွားကာ ဆွေးကိုသေချာကြည့်ပြီး
"မရှိတာလား..."
"အင်း... "
"ဒါဆို ကိုယ်နဲ့သူငယ်ချင်းလုပ်ရအောင်လေ..."
"ဟင်..."
ဆွေး သူ့ကို အလန့်တကြားမော့ကြည့်လိုက်ကာ ကြောက်လန့်တကြား ခေါင်းရမ်းပြလိုက်မိလေသည်။
"ဘာဖြစ်လို့လဲ..."
"ဟင့်အင်း... ဆွေး ဘယ်သူနဲ့မှသူငယ်ချင်းဖြစ်လို့မရဘူး..."
"ဟင် ဘာလို့လဲ..."
သူ့ပုံစံက စိတ်ဝင်တစားလေးမေးလာသဖြင့် ဆွေး အားနာစွာ ခေါင်းရမ်းပြလိုက်ပြီး
"ဒီနေရာမှာ ထိုင်ချင်တယ်ဆိုရင်လည်းထိုင်ပါ... ဆွေး အခန်းထဲပဲပြန်တော့မယ်..."
ဆွေး သူ့ကိုကျောခိုင်းလိုက်တော့သည်။
"ဟင်... ဘာဖြစ်လို့လဲ နေပါဦး..."
ဆွေး သူကိုလည်းလှည့်မကြည့် ဂရုလည်းမစိုက်နိုင်တော့ဘဲ မြန်မြန်လှည့်ထွက်လာလိုက်တော့သည်။ တန်ဖိုးထားရတဲ့နေရာလေးတစ်ခုကိုတော့ ဆွေး စွန့်လွှတ်လိုက်ရပြီပေါ့။
"အရိပ်..."
"ဟင်..."
ခြေလှမ်းတွေတန့်သွားကာ ခန္ဓာကိုယ်လေးကလည်း တောင့်သွားမိ၏။ ကိုလေးရဲ့ 'အရိပ်'ဆိုတဲ့အသံကို ဘယ်နေရာ ဘယ်အချိန်မှာပဲကြားရကြားရ အခုလိုမျိုး ခြေလှမ်းတွေတန့်သွားမိလာတာလည်း အကျင့် တခုပင်ဖြစ်လာခဲ့၏။
သူမသွားထိုင်နေကျနေရာကနေ အလောတကြီးထွက်လာတဲ့အရိပ်ကိုကြည့်ကာ ရှိန်းရဲ့စိတ်ထဲမှာ ထူးဆန်းသလိုဖြစ်သွားမိ၏။
"ဘာဖြစ်လာတာလဲ..."
"ဟင်... ဟင့်အင်း... ဆွေး ဘာမှမဖြစ်ပါဘူး ကိုလေး..."
အရိပ်နောက်ကလိုက်လာတဲ့အရိပ်တစ်ခုကိုတွေ့တော့ ရှိန်း ပိုပြီး အ့ံသြသွားတော့သည်။ မင်းတိမ်လွှာ... သူက ဘာလို့ အဲ့နေရာကနေ ထွက်လာရတာလဲ။ အရိပ်နဲ့ပတ်သက်နေတာလား...။
သူ့ကိုတွေ့တော့ တိမ်လွှာ့ခြေလှမ်းတွေလည်းတန့်သွားတော့၏။
"နတ်ဆိုး..."
အဲ့ဒီ့ကောင်မလေးနဲ့ တစ်ကျောင်းလုံးရဲ့အော့ကြောလန်နတ်ဆိုးနဲ့က ဘယ်လိုပတ်သက်နေတာလဲ။
"ဘာမှမဖြစ်ရင်လည်း သွားမယ်လေ... ဘာလုပ်နေတာလဲ..."
ဆွေး ခေါင်းငြိမ့်ပြလိုက်မိ၏။ ဆွေး အနောက်မှာ တိမ်လွှာရောက်နေတာကိုတော့ ဆွေးကသိပုံမပေါ်။
ရှိန်း တိမ်လွှာ့ကို မကြည်သလိုကြည့်လိုက်ကာ လက်ထဲကစာအုပ်တွေကို ဆွေးလက်ထဲကိုထိုးထည့် ပေးလိုက်ပြီး
"အိမ်ရောက်ရင် ဒီစာတွေကူးပေးထားကြားလား..."
"ဟုတ်..."
"လာ... သွားမယ်..."
သွားမယ်လို့ပြောပြီး သူကရှေ့ကထွက်သွားတော့ ဆွေးလည်းမြန်မြန်လိုက်သွားရတော့၏။
တိမ်လွှာ့အကြည့်တွေက ဆွေးနဲ့ရှိန်းတို့ရဲ့ကျောပြင်တွေမှာသာ ရောက်နေပေမယ့် စိတ်ထဲမှာတော့ စဉ်းစား နေလေသည်။ သူတို့တွေ ဘယ်လိုပတ်သက်နေတာလဲ။ နတ်ဆိုးနဲ့ အဲ့ဒီ့ကောင်မလေးက တစ်အိမ်ထဲ နေကြတာလား။ ဘယ်လိုပတ်သက်မှုတွေရှိနေလို့ နတ်ဆိုးက အဲ့ဒီ့ကောင်မလေးကို အခုလိုဆက်ဆံရ တာလဲ။ နားမလည်မှုများစွာနဲ့အတူ စိတ်ဝင်စားခြင်းတွေကလည်း ရင်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက် လာကြတော့သည်။
💕💕💕💕💕💕💕
ခရာ စာအုပ်ကိုသာဖတ်နေတာ စိတ်ကမပါပေ။ အိမ်ထဲမှာပဲ နေနေရတာ ငြီးငွေ့နေပြီ။ အပြင်ကို သွားချင်တယ်။ မေမေကသွားခိုင်းမှာမဟုတ်ဘူး။
"သား ဘာတွေလုပ်နေတာလဲ..."
မေမေက သူ့နားကိုရောက်လာကာ သူ့ဘေးမှာထိုင်ပြီးပြောလိုက်တော့ သူ မေမေ့ကိုမော့ကြည့်လိုက်ကာ
"မေမေ... သား အပြင်သွားချင်လို့..."
"ဟင်..."
မေမေက သူ့စကားကြောင့် သူ့ကို တအ့ံတသြပြန်ကြည့်နေလေသည်။ သူ အရဲစွန့်ပြီးသာ ပြောလိုက်တာ မဖြစ်နိုင်မှန်းသူသိပါတယ်။
"သား... သား အပြင်ကိုသွားလို့မရဘူးလေ... သားသိရဲ့သားနဲ့..."
"မေမေရယ် သား ရုပ်ဖျက်ပြီးတော့ သွားမှာပါ... ဒါဆို သားကို ဘယ်သူမှ မမှတ်မိပါဘူး..."
မေမေက ခေါင်းကိုသာ တွင်တွင်ခါရမ်းနေတော့သည်။ သူ စိတ်ညစ်သွားမိ၏။
"နောက်ပြီး မနက်ဖြန် ရုပ်ရှင်နောက်တစ်ကားအတွက် သား လက်မှတ်ထိုးပွဲရှိတယ်... အဲ့ဒီ့ကို မေမေနဲ့သား သွားရမှာ... အဲ့ဒီ့အတွက်လည်း သား ပြင်ဆင်ရဦးမယ်... အဲ့ဒါကြောင့် သား ဘယ်မှသွားလို့မရဘူး..."
ဘယ်တုန်းကများ သူ အပြင်ကိုထွက်ခွင့်ရခဲ့လို့လဲ။ အပြင်ထွက်ချင်ပါတယ်လို့ တခါလောက်တောင်းဆို မိတာနဲ့ မေမေ့ဆီကနေ အကြောင်းပြချက်အမျိုးမျိုးကြောင့် သူ အပြင်ကိုထွက်ခွင့်မရခဲ့ပေ။ သူ့အသက် ၂၆ နှစ်ရှိနေပေမယ့် အပြင်ကို ဘယ်တုန်းကမှ တစ်ယောက်ထဲသွားခွင့်မရှိခဲ့။ သူ တော်တော်လေးကို စိတ်ကုန် နေပါပြီ။
"သား... သားကိုမေမေပြောစရာရှိတယ်..."
ခရာ ခေါင်းပဲငြိမ့်ပြလိုက်မိသည်။ မေမေက ခရာ့ပခုံးကိုကိုင်ထားကာ ခရာ့ကိုကြည့်ပြီး
"သားအိမ်ထောင်ပြုဖို့ မစဉ်းစားသေးဘူးလား..."
"ဗျာ..."
မေမေ့စကားကြောင့် သူ မေမေ့ကို တအ့ံတသြလေး ကြည့်လိုက်မိ၏။ မေမေ့မျက်နှာက ခရာ့ကို နောက်ပြောနေပုံမပေါ် တကယ်အတည်ပြောနေပုံပင်။
"ဟုတ်တယ် သား... သားအသက်က မငယ်တော့ဘူးလေ... မေမေကတော့ သားကို အိမ်ထောင်ချပေးချင်နေပြီ... သားသဘောကရော..."
ခရာ ခေါင်းရမ်းလိုက်ကာ
"ဟင့်အင်း သား အိမ်ထောင်မပြုချင်သေးဘူး မေမေ..."
မေမေက ပြံုးကာ ခရာ့ကိုပဲ သေချာကြည့်နေလေသည်။ မေမေ့အကြည့်တွေကို ခရာ နားမလည်ပါ။
"မေမေ ပွင့်ပွင့်လင်းလင်းပဲပြောမယ် သားရယ်... မော်ဒယ် ဆောင်းရတုကို မေမေသဘောကျတယ်... နောက်ပြီး သူ့မိဘတွေနဲ့ မေမေက မိတ်ဆွေတွေပဲ သား..."
သူ မေမေ့စကားတွေကို သေချာနားထောင်နေမိ၏။ ဆောင်းရတုကို သူသိပါတယ်။ သရုပ်ဆောင် တကယ်တော်တဲ့မော်ဒယ်တစ်ယောက်။ ဒါပေမယ့် အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖို့တော့ သူ လက်မခံနိုင်ပါ။ သူစဉ်းစားထားတာက သူရဲ့အိမ်ထောင်ဖက်က သာမန်အပြင်လူတစ်ယောက်ပဲ ဖြစ်စေချင်ခဲ့တာ။
"သား... သား စဉ်းစားနေတာလား... မေမေ အဲ့ဒီ့မိန်းကလေးကို သေချာအကဲခတ်ပြီးသွားပြီ... သားအတွက်တကယ်သင့်တော်တဲ့အိမ်ထောင်ဖက်ပဲ... နောက်ပြီး ဆောင်းရတုကလည်း သားကို သဘောကျပုံပဲ..."
"မေမေ... သားက သားအိမ်ထောင်ဖက်ကို အပြင်လူပဲဖြစ်စေချင်တာ..."
မေမေက သူ့လက်ထဲကစာအုပ်ကိုဆွဲယူလိုက်ပြီး စားပွဲပေါ်တင်လိုက်ကာ သူ့ပခုံးကို ဆွဲလှည့်လိုက်ပြီး
"ဒီမှာ သား မေမေပြောတာသေချာနားထောင်... ဆောင်းရတုရဲ့အဖေက သားညီရဲ့ကျောင်းက ပါမောက္ခ... အမေက ထုတ်လုပ်သူ... သား စိတ်ကူးမလွဲပါနဲ့..."
ခရာ ခေါင်းပဲရမ်းပြလိုက်မိသည်။
"မေမေရယ်... သား အိမ်ထောင်မပြုချင်ဘူး..."
မေမေက သက်ပြင်းချလိုက်ပြီး
"သားက မေမေ့ကိုကောင်းစေချင်တာပါ သားရယ်... သား စဉ်းစားပါ... လုံးဝတော့ မငြင်းလိုက်ပါနဲ့..."
ခရာ မေမေ့ကိုကြည့်ပြီး ခေါင်းကိုအသာငြိမ့်ပြလိုက်မိ၏။ လုံးဝငြင်းလို့ရမယ့်ကိစ္စတော့မဟုတ်။ မေမေ ကိုယ်တိုင်က ဖြစ်စေချင်နေတာ။
"ဟုတ်ကဲ့..."
"အင်းပါ... သား စာဖတ်နေတာမို့လား... ဆက်ဖတ်လေ... မေမေ မီးဖိုထဲဝင်လိုက်ဦးမယ်..."
"ဟုတ်..."
မေမေမီးဖိုထဲဝင်သွားတော့လည်း သူ ပိုပြီး စိတ်ညစ်လာမိပြန်သည်။ မဖြစ်ဘူး... ညီ့ကိုအကူအညီတောင်းမှ ဖြစ်မယ်။ ခရာ ဖုန်းကိုကိုင်လိုက်ပါ ညီ့ကိုမက်ဆေ့စ်တစ်စောင်ရိုက်ပြီး လှမ်းပို့လိုက်လေသည်။ ပြီးတော့မှ ပြံုးလိုက်ကာ ဖုန်းကိုချပြီး စာဆက်ဖတ်နေလိုက်တော့သည်။
မေမေ့ဖုန်းလာသံကိုကြားတော့ ခရာ ဝမ်းသာသွားမိတော့သည်။ မေမေက စကားတွေအချေအတင်ပြောနေ သည်။ အဆင်မပြေမှာကိုတော့ ခရာ ကြောက်မိသည်။ သူ ဒီနေ့မှ ဘာလို့ ဒီလောက်တောင် အပြင်ထွက်ချင် နေမှန်းမသိခဲ့ပေ။ အဲ့ဒါကြောင့် ညီ့ကို မက်ဆေ့လှမ်းပို့ပြီး အကူအညီတောင်းလိုက်တာ။
စိတ်ကစာအုပ်ဆီကိုမရောက်တော့ပြန်။ အတွေးထဲမှာက အပြင်လောကဆီသို့သာ။ သာမန်လူတစ်ယောက် လို သွားလာလှုပ်ရှားချင်တယ်။ ဘာတွေခက်ခဲနေလို့များ မေမေကခွင့်မပြုရတာလဲ။
"သားရေ... သား..."
မေမေ့ခေါ်သံကြားရတော့ ခရာ ပျော်သွားတော့လေသည်။
"ဗျာ... မေမေ..."
မေမေက မီးဖိုထဲကထွက်လာကာ သူ့ကိုကြည့်ပြီး
"အခုတော့ သားကိုမဖြစ်မနေ အပြင်ထွက်ခိုင်းရတော့မယ်..."
"ဗျာ... ဘာလို့လဲ မေမေ..."
"တိမ်လွှာလေ ကျောင်းမှာ ကားဘီးပေါက်သွားလို့တဲ့... အဲ့ဒါ သားသွားကြိုပေးလိုက်ပါလား..."
မေမေ့မျက်နှာက အတော်လေး စိတ်ညစ်နေပုံပင်။ ခရာ မေမေ့ကို အားနာမိသွား၏။
"ဒီနေ့မှ သူ့သူငယ်ချင်းတွေကလည်း ကျောင်းမလာဘူးတဲ့ သားရယ်.. သားသွားလို့ဖြစ်ပါ့မလား..."
ခရာ စာအုပ်ကိုစားပွဲပေါ်တင်လိုက်ကာ မေမေ့ကိုကြည့်လိုက်ပြီး
"ဟုတ် ရပါတယ် မေမေရဲ့..."
"မေမေလည်း ခနနေ သားနဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စကြောင့် အပြင်ကိုသွားရမှာမို့လို့ သားရယ်..."
မေမေ့ပုံစံက ပြာယာခတ်နေတော့ ခရာ ခေါင်းငြိမ့်လိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။
"သားမြန်မြန်သွားလိုက်ပါ့မယ် စိတ်မပူပါနဲ့ မေမေမရယ်..."
မေမေက သူ့ကိုသေချာကြည့်နေပြန်လေသည်။
"သား... သေချာတော့ပြင်သွားဦး... သားကို ဘယ်ပရိသတ်မှ မှတ်မိလို့မဖြစ်ဘူးနော်..."
"Mask တပ်ထားလိုက်ရင် ရပါတယ် မေမေရဲ့... ဘယ်သူမှမသိပါဘူး..."
"အေးပါကွယ်... ဒါဆိုလည်း မြန်မြန်သွား... ကားပေါ်ကနေ မဆင်းနဲ့နော် သား..."
"ဟုတ် မေမေ..."
ခရာ မေမေ့ရှေ့မှာ ပျော်နေတဲ့ပုံမပေါ်အောင် ထိန်းထားလိုက်သည်။ သူက သရုပ်ဆောင်တစ်ယောက်ပဲ ဒါမျိုးက သူ့အတွက် မခက်ခဲပေ။ သူ မေမေ့ရှေ့ကနေ မြ်နမြန်ထွက်လာလိုက်သည်။
ကားပေါ်ရောက်တော့ ကားပေါ်မှာ အသင့်ရှိနေတဲ့ mask ကိုတပ်လိုက်ကာ ကားမောင်းလိုက်လေသည်။ အခု ခနတော့လွတ်လပ်ပြီဆိုတော့ ဘယ်သွားရင်ကောင်းမလဲ။ အင်း... ညီ့ကျောင်းကိုပဲသွားတာ ကောင်းမယ်ထင်တယ်။ ကျောင်းမရောက်တာတောင်ကြာပြီ။ ခရာ အတွေးနဲ့အတူ တိမ်လွှာတက်တဲ့ ကျောင်းဆီသို့ ကားကိုဦးတည်မောင်းလိုက်တော့သည်။
💕💕💕💕💕💕💕
ဆွေး ကားပါကင်ကိုရောက်တော့ ခေါင်းတောင်မူးသွားတော့သည်။ ကားပါကင်ကို ဆွေး တစ်ခါမှ မရောက် ဖူးခဲ့။ ဆွေး ကျောင်းကိုလာတာတောင် လိုင်းကားစီးပြီးလာခဲ့ရတာ။ ကိုလေးကတော့ သူ့ကားနဲ့သူလာတာ ဖြစ်သည်။ ကိုလေးက စာအုပ်တွေကို ကားပါကင်ကို လာပေးဆိုလို့သာ လာခဲ့ရတာ။
ကားတွေက အများကြီးနဲ့ ပုံစံတူတွေဆိုတော့ ကိုလေးကားကိုမနည်းလိုက်ရှာနေရသည်။ ကိုလေးရဲ့ ကားနံပါတ်ကိုတော့ မတွေ့သေး။
တချို့ကားတွေက နံပါတ်ကိုသေချာမမြင်ရသဖြင့် ဆွေး သေချာငုံ့ကြည့်နေရသည်။ ကိုလေးကားက ခဲရောင် ကား။ ဆွေး ခဲရောင်ကားတစ်စီးကို အဝေးကနေ လှမ်းတွေ့လိုက်သဖြင့် ဝမ်းသာသွားလေသည်။ အဲ့ဒီ့ကားက ကိုလေးကားနဲ့တစ်ပုံစံထဲပဲ။ ဆွေးနဲ့ အဲ့ဒီ့ကားနေရာက အနည်းငယ်ဝေးကာ ကြားထဲမှာလည်း ကားတွေဖြတ်သွားနေတဲ့လမ်းတစ်လမ်းကလည်း ခြားထားသေး၏။ ဆွေး ကိုလေးကားဆီသို့ ဝမ်းသာစွာ ပြေးသွားလိုက်တော့သည်။
"တီ... တီ..."
"ဟာ... ဟေ့..."
ရုတ်တရက် ပြေးဝင်လာတဲ့ အရိပ်တစ်ခုကြောင့် ခရာလန့်သွားကာ ကားဘရိတ်ကို ဆောင့်အုပ် လိုက်မိသွား၏။
"အမေ့... အား..."
ခရာ အသံနဲ့အတူ ပစ်လဲသွားတဲ့သူမကြောင့် လန့်သွားလေတော့သည်။ ကောင်မလေးတစ်ယောက်ပဲ။ သွားပြီ... ဘာဖြစ်သွားတာလဲမသိဘူး။ ခရာ ကားပေါ်ကမြန်မြန်ဆင်းလိုက်ကာ ကားရှေ့ကိုအပြေးအလွှား သွားကြည့်လိုက်လေသည်။ ကားရှေ့မှာ ကောင်မလေးတစ်ယောက်ကငုတ်တုတ်ထိုင်ကာ ခြေထောက်ကို ကိုင်ပြီး နာကျင်စွာ ညည်းတွားနေ၏။
"မင်း... ဘာဖြစ်သွားသေးလဲ..."
သူ့အသံကြားတော့ ကောင်မလေးက အလန့်တကြား မတ်တပ်ထရပ်နေ၏။ ဒါပေမယ့် ဒဏ်ရာရထားတော့ မတ်တပ်ကောင်းကောင်းမရပ်နိုင်ဘဲ ဘေးသို့ယိုင်လဲသွားသဖြင့် ခရာ သူမအနားပြေးသွားကာ သူမခန္ဓာကိုယ်လေးကို ဘေးကနေ ထိန်းထားပေးလိုက်လေသည်။ လူတွေရှင်းနေလို့သာ တော်သေးသည်။
သူမက သူ့လက်တွေကို ရုန်းဖယ်လိုက်ကာ msak တပ်ထားတဲ့ သူ့မျက်နှာကိုကြည့်ပြီး
"ဆွေး... ဆွေး တောင်းပန်ပါတယ်... ဆွေး သတိမထားမိဘဲ ပြေးလိုက်မိလို့ အခုလိုဖြစ်သွားတာပါ..."
ကားတစ်စီးလုံးတိုက်မိမလိုဖြစ်သွားခဲ့တာတောင် တောင်းပန်စကားပြောနေတဲ့သူမကို ခရာ အ့ံသြနေမိ တော့သည်။
"မင်း... ဘာဖြစ်သွားသေးလဲ..."
"ရပါတယ် ခြေထောက်နည််းနည်းနာသွားတာပါ..."
ဒီအသံကို ဆွေး ရင်ထဲကနေ ရင်းရင်းနှီးနှီးကိုသိနေမိလေသည်။
ခရာ ဆွေးဆိုတဲ့ကောင်မလေးကို သနားသွားမိ၏။ ဖြစ်နိုင်ရင် သူကိုယ်တိုင် ဆေးရုံကိုလိုက်ပို့လိုက်ချင်တာ။ ဒါပေမယ့် အဲ့လိုသာလုပ်ခဲ့ရင် သူ့အကြောင်းကို အားလုံးကသိသွားကြမှာ။ အဲ့လိုတွေဖြစ်လာရင် ပြဿနာ တွေလည်း တက်လာနိုင်သည်။
"လမ်းလျှောက်ကြည့်ပါဦး..."
ဆွေး ခေါင်းညိမ့်လိုက်ကာ လမ်းတစ်လှမ်းနှစ်လှမ်းလျှောက်ပြလိုက်၏။ ကားနဲ့တိုက်မိတာမဟုတ်ဘဲ ကားဘရိတ်အုပ်လိုက်တဲ့အချိန်ကြောင့် လန့်ပြီးလဲသွားတာဆိုတော့ နည်းနည်းပဲနာသွားခဲ့တာဖြစ်သည်။ တော်ပါသေးတယ် ဘာမှမဖြစ်လို့။
"ရပါတယ်... ဆွေး ဘာမှမဖြစ်ပါဘူး..."
သူမကိုကြည့်ကာ ခရာ စိတ်ပူတာတွေအနည်းငယ်တော့ ပျောက်သွားတော့သည်။ သူမလက်ထဲကနေ ပြုတ်ကျသွားတဲ့စာအုပ်တွေကို ကမန်းကတမ်းကောက်လိုက်ပြီး သူမကိုကြည့်လိုက်လေသည်။ သူမမျက်နှာ မှာ ကြောက်လန့်မှုကြောင့် ချွေးတွေပျံနေခဲ့သည်။ ခရာ သူမကိုကြည့်ကာ သနားသွားမိလေသည်။ သူ့ရင်ခုန်သံတွေဟာလည်း သာမန်ထက်သုံးဆလောက်ပိုမြန်နေတာကို သူ သတိထားမိနေ၏။ ဒါဟာ ခံစားချက်အစစ်အမှန်တွေပါ။
"အဲ့ဒါ ဆွေးစာအုပ်တွေပါ..."
"ဪ... အင်း.."
ခရာ သူမလက်ထဲကို စာအုပ်တွေထည့်ပေးလိုက်ကာ
"မင်း ဆေးခန်းသွားပါလား... ကိုယ် ကိုယ်တိုင် မင်းကိုလိုက်ပို့ပေးချင်ပေမယ့် ဘယ်လိုမှ အဆင်မပြေ လို့ပါ..."
"ဟုတ် ရပါတယ်... ဆွေး ဘာမှမဖြစ်လို့ ဆေးခန်းလည်းမသွားတော့ပါဘူး... အိမ်ရောက်မှ ဆေးလူး လိုက်ပါ့မယ်..."
ခရာ သူမကို ပိုပြီးသနားသွားမိပြန်လေသည်။
"ဆွေး သွားတော့မယ်..."
သူ ဘာမှပြန်မပြောခင် သူမက ထွက်သွားတော့သည်။ ခရာ သူမရဲ့ကျောပြင်ကိုငေးရင်းနဲ့ ပုံမှန်မဟုတ်သော ရင်ခုန်သံတွေနဲ့အတူ ကျန်ခဲ့တော့သည်။
ဒါကို ဘယ်လိုခေါ်မလဲ။ သူ့အသက် နှစ်ဆယ့်ခြောက်နှစ်ရှိပြီ နာမည်အကြီးဆုံး အလှဆုံး သရုပ်ဆောင် မင်းသမီးတွေနဲ့ထိတွေ့ခဲ့ရတာတောင် ဒီလိုမျိုးမခံစားဖူးခဲ့ဘူး။ အမှတ်မထင် ဒီကောင်မလေးရဲ့ခန္ဓာကိုယ် လေး ယိုင်လဲသွားမယ့်အချိန်မှာ သူ ပြေးပြီးထိန်းပေးလိုက်တော့မှ ပေါ်ပေါက်လာတဲ့ခံစားချက်။ ဒါကို ဘယ်လိုခေါ်ရမလဲ။ သူ ဒါကို အချစ်လို့သတ်မှတ်လို့ရမလား။ ဟင်... ဆွေးဆိုတာကလွဲပြီး သူမနာမည် အပြည့်အစုံလေးတောင်မသိလိုက်ရဘူး။ သူမပုံစံလေးကတစ်မျိုးလေးပဲ။ ညီ့ကို အကူအညီတောင်းရမှာပဲ။ ဒါပေမယ့် ညီက သိပါ့မလား...။ အင်း ညီသိပါစေလို့ မျှော်လင့်ရတာပဲ။ သူမပုံစံလေးကတော့ သူ့ရင်ထဲမှာ စွဲမြဲသွားခဲ့ပါပြီ။
💕💕💕💕💕💕💕#####
အိပ်မက်ကြယ်
أنت تقرأ
ချစ်သောကိုကို (Completed)
عاطفيةနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...