ဒုတိယတွဲ အခန်း(၆)

133 4 0
                                        

💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၆)💖

⏳(၃)နှစ်ခန့်ကြာပြီးနောက်⌛
"သာဂိ ဘာထူးလဲ..."
စံပယ် ကိုရှိန်းနဲ့ ကိုကြီးသာဂိတို့ပြောနေတဲ့စကားတွေကို သစ်ပင်အကွယ်ကနေ မထင်မှတ်ဘဲ နားထောင်နေမိလေသည်။
"သူ အခုချိန်ထိ မမအရိပ်ကို အသည်းအသန်ရှာနေတုန်းပဲ ကိုရှိန်း..."
"ဘာ..."
စံပယ် သစ်ပင်အကွယ်ကနေ ကိုရှိန်းရဲ့အမူအရာကိုလှမ်းပြီးခိုးကြည့်လိုက်တော့ ကိုရှိန်းက ခါးကိုထောက်ကာ အလိုမကျသလို မျက်နှာကလည်း တင်းမာနေလေသည်။ ဆံပင်တွေကတော့ ပခုံးအပေါ်မှာ ဒီအတိုင်း ကျနေကြ၏။ ခုနကမှ ကိုရှိန်းခေါင်းလျှော်ထားတာကို စံပယ်သိထား၏။
"ကျွတ်... ဒီလေးနှစ်တာအချိန်အတွင်းမှာ မင်း မြို့ကိုအခေါက်ခေါက်အခါခါသွားခဲ့တယ်... သွားတဲ့အခါတိုင်းလည်း အက္ခရာမောင်အကြောင်းကို မင်း ငါ့အတွက် စုံစမ်းပေးခဲ့တယ်..."
"ဟုတ်... ဟုတ်ပါတယ် ကိုလေး..."
ကိုကြီးသာဂိရဲ့အသံကလည်း တုန်ခါနေတယ် စံပယ်ထင်လိုက်မိလေသည်။ ကိုရှိန်းက ကိုကြီးကို ဘာလို့ ဒီလောက်တောင်မှ စိတ်ဆိုးနေတာလဲ။
"မင်းစုံစမ်းပြီးလို့ ပြန်လာတဲ့အခါတိုင်း ငါကြားရတဲ့သတင်းက ဘယ်တော့မှပြောင်းလဲမလာခဲ့ဘူး... မေးလိုက်တိုင်း အက္ခရာမောင်က အရိပ်ကို လိုက်ရှာနေတုန်းပဲ..."
ဟင်... အက္ခရာမောင် ဆိုတာ နိုင်ငံကျော်သရုပ်ဆောင်ကိုပြောတာပဲ... ဟုတ်တယ် ဒီနာမည်ကတော့ နာမည်တူရှိစရာအကြောင်းမရှိပါဘူး...
စံပယ် သစ်ပင်နောက်ကနေ ငြိမ်ငြိမ်လေးတွေးနေမိလေသည်။
"ဟုတ်ပါတယ် ကိုလေး... သူ အခုချိန်ထိ မမအရိပ်တို့ကိုလိုက်ရှာနေတုန်းပဲ... သတင်းစာထဲမှာလည်း သူ့မိန်းမနဲ့သူ့ရင်သွေးကိုလိုက်ရှာတဲ့သတင်းတွေထည့်ထားပါတယ်..."
"တောက်... သူ အရိပ်ကို ဘယ်တော့မှ လက်လျှော့မှာလဲ..."
ကြားလိုက်ရတဲ့စကားတွေကြောင့် စံပယ် ရင်ဘတ်လေးကို အသာဖိလိုက်ကာ
ဘုရား... ဘုရား... ဒါဆို မမအရိပ်က မင်းသားအက္ခရာမောင်ရဲ့မိန်းမပေါ့...
စံပယ် အသာလေးငြိမ်ကာ ဘာဆက်ပြောမလဲဆိုတာကို ဆက်ပြီးနားထောင်လိုက်၏။
"ဒီလောက်အချိန်တွေအကြာကြီး အရိပ်တို့ကို ငါ ဖြူဖြူစင်စင်နဲ့ စောင့်ရှောက်လာပြီးပြီပဲ... သူ ဘာလို့စိတ်မချဖြစ်နေရတာလဲ..."
"ကိုလေး..."
ရှိန်း သာဂိရဲ့မျက်နှာကိုကြည့်ကာ နားမလည်နိုင်အောင်ဖြစ်သွားမိလေသည်။
"သာဂိ... မင်း ဒီတစ်ခေါက် မြို့မှာဘာဖြစ်လာတာလဲ... မင်းပုံစံက အရင်အခေါက်တွေတုန်းကလိုမဟုတ်ဘူး... ဘာဖြစ်လာတာလဲဆိုတာ ငါ့ကိုပြောစမ်း သာဂိ..."
သူ ဒေါသထွက်နေသလောက် သာဂိကလည်း လန့်နေလေသည်။
"ဒီတစ်ခေါက် မြို့ကိုသွားတော့ ကိုလေးသူငယ်ချင်းတွေနဲ့ တွေ့ခဲ့တယ် ကိုလေး..."
"ဘာ..."
ကိုရှိန်းအသံက ကျယ်လောင်စွာထွက်ပေါ်လာသဖြင့် စံပယ် ခေါင်းထောင်ကာ လှမ်းကြည့်လိုက်မိလေသည်။ ကိုကြီးသာဂိနဲ့ ကိုရှိန်းရဲ့အနေအထားက ဘေးတစောင်းအနေအထားဖြစ်နေပေမယ့် စံပယ်ကတော့ ကိုရှိန်းရဲ့မျက်နှာကို သေချာမြင်နေရလေသည်။ အမှောင်မှာတောင်မှ ညိုနေတဲ့ နှုတ်ခမ်းက မျက်နှာနဲ့လိုက်ဖက်ညီစွာထင်းနေလေသည်။.
"ဟုတ်ပါတယ် ကိုလေး... သူတို့က ကျွန်တော့်ကို စကားတွေအများကြီးပြောကြတယ်..."
"ဘာတွေပြောကြတာလဲ..."
"ကိုအက္ခရာမောင်က မမအရိပ်တို့သားအမိကို လိုက်ရှာနေကြတာရယ်... နောက်ပြီး ကိုလေးခေါ်သွားတယ်ဆိုတာကိုလည်း သူတို့သိကြတဲ့အကြောင်း... ကိုအက္ခရာမောင်က ကိုလေးကို မယားခိုးမှုနဲ့တရားစွဲမယ်ဆိုတဲ့အကြောင်းရယ်... အဲ့ဒါကြောင့် ကိုလေးကိုတွေ့ရင် သူတို့ကိုဆက်သွယ်ဖို့ ကျွန်တော့်ကို မှာလိုက်ပါတယ် ကိုလေး..."
ဒါဆို မမအရိပ်က ကိုရှိန်းရဲ့မိန်းမမဟုတ်ဘူးပဲ။ ငါ ဒီအချိန်တွေမှာ ကိုရှိန်းကိုချစ်ခဲ့မိတာတွေအတွက် ငါ့မှာအပြစ်မရှိဘူးပေါ့ ပျော်လိုက်တာ ငါ ကိုရှိန်းကို ချစ်ခွင့်ရှိသေးတယ်။
"တရားစွဲမယ်ဟုတ်လား... စွဲစမ်းပါ... ငါ ဘာကိုမှမကြောက်ဘူး သာဂိ... သူတို့တရားစွဲလို့ ငါ ထောင်ကျသွားလည်း အရိပ်နဲ့ သမီးလေး သစ်ရိပ်မေ ကို လုံးဝအဆုံးရှုံးမခံဘူး..."
"ကျွန်တော် သိပါတယ် ကိုလေး..."
"ကောင်းပြီ... သာဂိ မင်း ဒီနေ့ကစပြီး မြို့ကိုလုံးဝမသွားနဲ့ဦး... ဝဏ္ဏတို့ ကိုဖြိုးတို့ကို မင်းဖုန်းနံပါတ်မပေးခဲ့ဘူးမို့လား..."
"ဟုတ်ကဲ့ ကျွန်တော် မပေးခဲ့ပါဘူး ကိုလေး..."
"အေး ကောင်းတယ်... သူတို့ ဘယ်တော့မှ ရှာမတွေ့စေရဘူး... ဒါဆို ငါ သွားတော့မယ် သာဂိ... မင်းလည်း သွားနားတော့..."
"ဟုတ်ကဲ့ ကိုလေး..."
ဒါဆို ကိုရှိန်းက မမအရိပ်ကို မင်းသားအက္ခရာမောင်ရဲ့လက်ထဲကနေ ခိုးလာခဲ့တာပေါ့။ မမအရိပ်က အတိတ်မေ့သွားပြီး ဘာမှမမှတ်မိတော့လို့ မင်းသားဆီကို ပြန်မသွားတော့တာပဲ။ အဲ့ဒါကြောင့် မမအရိပ်က ကိုရှိန်းကို သူ့ယောက်ျားလို့ပဲထင်နေခဲ့တာ။ ကိုရှိန်းက မမအရိပ်ကိုချစ်လို့ ဒါတွေလုပ်ခဲ့တာပဲ။
မမအရိပ်ကိုချစ်တဲ့ ကိုရှိန်းရဲ့အချစ်တွေက အားကျဖို့ကောင်းလိုက်တာ။ ကိုရှိန်း မမအရိပ်ကို သိပ်ချစ်တာပဲ။ အဲ့လိုမျိုး ငါလည်း အချစ်ခံချင်လိုက်တာ။ ငါ ဘယ်လိုလုပ်ရမလဲ။ မင်းသားကလည်း မမအရိပ်ကိုလိုက်ရှာနေတာဆိုတော့
ဟာ ဟုတ်ပြီ အကြံရပြီ။ စံပယ် ကိုယ့်အကြံကိုယ်သဘောကျစွာဖြင့် ပြံုးလိုက်လေသည်။ ဟုတ်တယ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ မနက်ဖြန် ရွာမြောက်ပိုင်းက အေးမြတို့ သာလှတို့နဲ့တိုင်ပင်ပြီး ဒီကိစ္စကို မြန်မြန်အကောင်အထည်ဖော်ရမယ်။ ဟင် သာလှနဲ့တော့ တိုင်ပင်လို့မဖြစ်ဘူး... သူက ငါ့ကိုကြိုက်နေတာဆိုတော့ လက်ခံမှာမဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် စံပယ် တွေးပြီးပျော်နေပြီ ကိုရှိန်းရယ်... စံပယ် ကိုရှိန်းကို စတွေ့ကတည်းက ခိုးချစ်နေခဲ့မိတာ။ ကိုလေးမှာ အိမ်ထောင်ရှိနေလို့သာ စံပယ်ရှေ့ဆက်မတိုးရဲတာပါ... ဒါပေမယ့် ကိုရှိန်း စံပယ့်အတွေးထဲရောက်လာတိုင်း ဘယ်တုန်းကမှ ဖျောက်ဖျက်လို့မရခဲ့ပါဘူး။ အခုတော့ စံပယ် ကိုရှိန်းကို လွတ်လပ်စွာချစ်ခွင့်ရှိသွားပြီ...။ စံပယ် အရမ်းပျော်တာပဲ ကိုရှိန်းရယ်။ ကိုရှိန်း စံပယ့်ကို မမအရိပ်လောက်မချစ်ရင်တောင်မှ မမအရိပ်ကိုချစ်တဲ့အချစ်တွေရဲ့ သုံးပုံတစ်ပုံဆိုလည်း စံပယ် ကျေနပ်တယ် ကိုရှိန်း...။ အဲ့ဒါကြောင့် ကိုရှိန်း စံပယ့်ကိုချစ်ပါ ကိုရှိန်းရယ်...။
💕💕💕💕💕💕💕
"ဒီအချိန်ထိစည်းတွေစောင့်နေခဲ့တာ ဘာအတွက်လို့များ မေမေထင်နေခဲ့တာလဲ..."
"စည်း ဟုတ်လား ခရာ..."
မေမေ့ရဲ့မျက်နှာက ခေါင်းကဆံထုံးနဲ့လိုက်ဖက်အောင် တောက်ပနေလေသည်။
"ဒီနှစ်တွေမှာ အဲ့ဒီ့မိန်းကလေးကိုပဲ မင်းလိုက်ရှာနေခဲ့ပေမယ့် တွေ့ခဲ့လို့လား... အဲ့ဒါကို မင်းက စည်း လို့ ပြောချင်တာလား... မင်းပြောတဲ့ စည်း ဆိုတာကရော အခုချိန်ထိ စောင့်ထိန်းဖို့လိုလို့လား..."
"ရှာမတွေ့မချင်း သားကရှာနေမှာ မေမေ... အဲ့ဒါကြောင့် မေမေ ထပ်ပြီး ဇွတ်အတင်း မစီစဉ်ချင်ပါနဲ့တော့... နောက်တစ်ခါမှားလို့ နောင်တရမယ့်လူက မေမေတို့မဟုတ်ဘဲ သားဖြစ်နေလိမ့်မယ်..."
သားအမိနှစ်ယောက် ခြံထဲက နားနေအိမ်လေးထဲမှာ စကားပြောနေကြလေသည်။ နားနေအိမ်လေးက အမိုးပဲပါကာ အကာကိုတော့ လိုက်ကာတွေနဲ့ပဲ တမင်ကာထားခဲ့သည်။ လေကတိုက်နေတော့ လိုက်ကာစတွေက လွင့်နေကြလေသည်။ ခြေထောက်တစ်ဖက်အပေါ်ကို ခြေထောက်တစ်ဖက်ကိုချိတ်ကာထိုင်နေတဲ့ ခရာ့ရဲ့ခြေထောက်တွေကို လိုက်ကာစလေးတွေက တိုးဝှေ့နေကြလေသည်။
"သား... ဒီအချိန်ထိ အဲ့ဒီ့မိန်းကလေးအပေါ် သစ္စာရှိနေတဲ့မင်းကို မေမေချီးကျူးတယ်... ဒါပေမယ့် အရာရာတိုင်းမှာ သူ့အတိုင်းအတာနဲ့သူရှိတယ် သား... အခုကိစ္စမှာ ရတုတို့ဘက်က တောင်းဆိုလာတယ်ဆိုတော့ ငြင်းဖို့အတွက်က..."
"မေမေ အားနာတယ်လို့ပြောချင်တာလား... တော်တော့မေမေ... ဒီတစ်သက်တော့ မေမေ စီစဉ်တာကို သားလက်ခံမှာမဟုတ်ဘူး..."
"ရတုက သားအပေါ် အခုချိန်ထိ မေတ္တာရှိနေတုန်းပဲ သား..."
သူ စိတ်မဝင်စားစွာ ဘေးတစောင်းအနေအထားဖြစ်နေတဲ့မေမေ့ကို ကျောပေးလုနီးပါး နေရာပြင်ထိုင်လိုက်လေသည်။
"သားကို ရတုက ဒီနှစ်တွေမှာ အနီးကပ်နေပြီး အစစအရာရာ ကူညီပေးနေတာကရော ဘာအတွက်လို့များ သားထင်နေတာလဲ... သူ သားအပေါ်မှာ တကယ်မေတ္တာရှိနေခဲ့လိုပဲ သား..."
"အဲ့ဒါ သူ့ကိစ္စ... သားစိတ်မဝင်စားဘူးမေမေ... သူ့ကိုကူညီပေးပါလို့လည်း သားတခါမှမပြောဖူးခဲ့ဘူး..."
ဒေါ်နှင်းဆီ နားလည်စွာဖြင့် မျက်တောင်တစ်ချက်ခတ်လိုက်ကာ လက်ပိုက်ပြီး ခြေထောက်ချိတ်ကာ ထိုင်လိုက်လေသည်။ ဆံစတစ်ချို့က အစည်းအနှောင်လွတ်စွာ မျက်နှာရှေ့မှာ ပျံဝဲနေကြ၏။
"သားပြောတာမမှားဘူးဆိုတာ မေမေသိတယ် သား... ဒါပေမယ့် ပရိသတ်တွေအားလုံးက သားတို့ကို ချစ်သူတွေလို့ပဲထင်နေကြပြီ... နောက်ပြီး သားအနုပညာလောကထဲမှာ အခြေကျနိုင်အောင်လည်း ရတုပဲကူညီပေးခဲ့တာလေ သား..."
"သားက အနုပညာလောကထဲကို အခုမှဝင်လာတဲ့ သူငယ်နှပ်စားမဟုတ်ဘူး မေမေ... ကိုယ်အရှိန်နဲ့ကိုယ့်ပရိသတ်နဲ့ကိုယ် ရှိပြီးသား..."
"သား မင်းဘယ်လိုစကားတွေပြောနေတာလဲ...."
သူ ထပ်မဖြေရှင်းချင်တော့သဖြင့် မေမေ့ကို ဘာမှဆက်မပြောတော့ဘဲ ငြိမ်သက်နေမိလေသည်။
"မေမေ မင်းကိုတောင်းဆိုနေတာပါ သား... ဟိုမိန်းကလေးကို ပြန်ရှာမတွေ့တော့မယ့်အတူတူ..."
"မေမေ..."
သူ့အသံမှာ ဒေါသထွက်နေသည့်အသံပါသွားသဖြင့် မေမေက စကားပြောရင်းကနေ ရပ်သွားလေသည်။
"ဆွေးကို မတွေ့မချင်း ကျွန်တော်ပြန်ရှာမှာ... ဆွေးကိုပြန်တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ဘယ်မိန်းမကိုမှ သားလက်မထပ်ဘူး... အဲ့ဒါ မေမေ့ကို သားအရှင်းဆုံးပြောထားတာပါ... မေမေ ဇွတ်အတင်းစီစဉ်မယ်ဆိုရင်တော့ ဒီတစ်ခါ မေမေ သားကိုထာဝရဆုံးရှုံးသွားလိမ့်မယ်..."
"သား..."
ဒေါ်နှင်းဆီ ခေါင်းကို ခါးခါးသီးသီး ရမ်းလိုက်မိလေသည်။
"ဘယ်လိုစကားတွေပြောနေတာလဲ သားရယ်... အဲ့ဒီ့မိန်းမက ဘယ်လိုမိန်းမမျိုးမို့လို့ သား ဒီလောက်တောင်မှ သစ္စာတွေရှိနေရတာလဲ..."
"ဆွေးက ကျွန်တော့်ရဲ့မိန်းမဖြစ်သလို မေမေ့ရဲ့ချွေးမလည်းဖြစ်တယ် မေမေ..."
မေမေက ဘာမှမပြောတော့ဘဲ ငြိမ်သက်နေလေသည်။ မေမေ့စိတ်ထဲမှာ ဘာတွေတွေးနေတာလဲဆိုတာ သူမစဉ်းစားတတ်သလို အခုချိန်ထိ ဆွေးကို ရှာမတွေ့သေးတာကိုလည်း စဉ်းစားမရတော့။
"ဘာလို့လဲသားရယ်... မတွေ့ချင်လို့ရှောင်နေတဲ့လူတစ်ယောက်ကို ဘာလို့များ အခုချိန်ထိ အပင်ပန်းခံပြီးရှာနေရတာလဲ.."
"ဆွေးက မတွေ့ချင်လို့ရှောင်နေတာ မဟုတ်ဘူး မေမေ... နတ်ဆိုးက ဆွေးကိုဖွက်ထားတာ... အဲ့ဒါကြောင့် ကျွန်တော် အခုချိန်ထိ ရှာမတွေ့တာ... သားရဲ့ကွယ်ရာမှာ ဆွေးဘယ်လောက်ထိခံစားနေရမယ်ဆိုတာ ပြေးကြည့်တာထက် သား တွေးကြည့်လို့ရတယ် မေမေ..."
"သားရယ်..."
"သား ဆောင်းရတာကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်သလို... ဆွေးကိုလည်း ဘယ်တော့မှ အဆုံးရှုံးခံမှာမဟုတ်ဘူး မေမေ..."
"မေမေ့မှာ ပြောစရာစကားမရှိတော့ပါဘူး သားရယ်..."
မေမေက သူ့ကိုနားလည်သွားတာလား... ဒါမှမဟုတ် မပြောချင်တော့တာလားဆိုတာ သူ မစဉ်းစားချင်မိတော့ပေ။
"တီ... တီ... တီ..."
ဒေါ်နှင်းဆီ ဖုန်းကိုကိုင်လိုက်ကာ
"ဟယ်လို... သီတာ..."
"......."
"အခုလား..."
"......"
"အင်း... အင်း... လာခဲ့မယ်လေ..."
"....."
ဒေါ်နှင်းဆီ ဖုန်းချလိုက်ကာ မျက်နှာမကြည်ဖြစ်နေတဲ့သားဖြစ်သူကိုကြည့်လိုက်လေသည်။
"သား မေမေ အပြင်ကိုသွားလိုက်မယ်..."
သူ ခေါင်းငြိမ့်ပြလိုက်တော့ မေမေက နားနေအိမ်လေးထဲကနေထွက်သွားလေသည်။ မေမေထွက်သွားတော့ သူ စိတ်ရှုပ်စွာဖြင့် ခေါင်းကဆံပင်တွေကို ဖွလိုက်ကာ
"နတ်ဆိုး... မင်း ဆွေးကို ဘယ်မှာဖွက်ထားလို့ ငါ အခုချိန်ထိရှာမတွေ့ရတာလဲ... မင်း တစ်နှစ်လောက်ခံစားရတဲ့ဝေဒနာတွေအတွက် ငါ့ကို ဝဋ်လည်စေခဲ့တာလား... မင်းခံစားရတာက ငါခံစားရနဲ့စာရင် မပြောပလောက်ပါဘူး နတ်ဆိုးရာ... ကိုယ့်ကိုမချစ်တဲ့သူနဲ့ ဝေးရတာထက် ကိုယ့်ကိုချစ်တဲ့သူနဲ့ဝေးရတဲ့ဝေဒနာကို မင်း ဘယ်နားလည်ပါ့မလဲ... ဘာလို့လဲဆိုတော့ ဆွေးက မင်းကိုချစ်ခဲ့တာမှမဟုတ်တာ..."
ရင်ထဲက နာကျင်လွန်းသဖြင့် ဘယ်နားကဘယ်လိုနာနေမှန်းတောင်မှ မသိတော့ပေ။ ရင်ဘတ်တခုလုံးစုတ်ပြတ်သတ်နေခဲ့တာ သူ့ဘဝထဲမှာ ဆွေးမရှိတော့တဲ့အချိန်ကတည်းကပဲဖြစ်သည်။ တခါတလေ နာကျင်လာသဖြင့် စမ်းသပ်ကြည့်တော့လည်း ဘယ်နေရာကလဲဆိုတာ မသိရ။ ဒဏ်ရာတွေကသာ ပိုပြီးနာကျင်လာရတာ ဝေဒနာရဲ့အရင်းအမြစ်က တခုပဲရှိသည်။ ဆွေးနဲ့ ဝေးရလေခြင်းဆိုတဲ့ဝေဒနာပဲဖြစ်သည်။
💕💕💕💕💕💕💕

#####
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Wo Geschichten leben. Entdecke jetzt