အခန်း(၁၄)

45 2 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၁၄)💖

🎶🎶🎶🎶🎶🎶🎶
ဟိုးကတည်းကမင်းရှိတယ်…
ဒီရင်ဘတ်ဘယ်ဘက်အခြမ်းမှာ နေရာယူ
မင်းသာငါ့အချစ်ဦး… ငါ့အချစ်ထူး…
အပြောင်းအလဲကြီးသိပ်မလုပ်နဲ့…
ဒီလူသား ယိုင်နဲ့နဲ့ပါ ဒဿဂီရိမဟုတ်ပါဘူး…
ငါ့မျက်နှာအဲ့သလောက်မများပါဘူးလေ
နင်သာပုံမှန်မရှိသော မိုးသက်တိမ်စိုင်တွေလို…
ဘယ်နေရာမှာတစ်ကွက်ကြားမိုးအဖြစ်ရွာသွန်းဖြိုး…
နင်ဟာငါ့တစ်ယောက်ထဲအတွက် ငါ့ရဲ့ကိုယ်စောင့်နတ်လို့…
သိမ်ငယ်ဇောနဲ့ရေးတဲ့မြတ်နိုးခြင်းပန်းချီကားတစ်ချပ်လို…
အသက်ရှင်ခြင်းတစ်ခုရဲ့ဝင်သက်တစ်ခုလို…
🎶🎶🎶🎶🎶🎶🎶
ရှိန်းရဲ့အသံကို အားလုံးကဂရုတစိုက်နားထောင်နေကြလေသည်။ ရှိန်းရဲ့ရင်ထဲမှာလည်း ခံစားချက်အပြည့်နဲ့ သီဆိုနေတာဖြစ်သည်။ သီချင်းစာသားရဲ့အဓိပ္ပာယ်က သူ့အတွက်များလားအောက်မေ့ရလောက်အောင် တိုက်ဆိုင်လွန်းတော့လည်း သူ့ရင်ခုသံတွေဟာ သီချင်းနဲ့အတူ မြိုင်ဆိုင်လာကြသည်။ သူငယ်ချင်းတွေ ကလည်း အားပေးနေတော့ ဆိုရတာ ပိုပြီးကောင်းနေသလိုပါပဲ။
🎶🎶🎶🎶🎶🎶🎶
ဟိုးကတည်းကမင်းရှိတယ်…
ဒီရင်ဘတ်ဘယ်အခြမ်းမှာ နေရာယူ
မင်းသာငါ့အချစ်ဦး… ငါ့အဖြစ်ထူး…
တွေးတွေးပြီးမဆွေးရအောင် မလွန်ခင်လေးအချိန်မှာအဆုံးသတ်ပါ…
ငါ့ကိုယ်ငါလည်းမချစ်ပါဘူး… နင်ကိုငါ့အသက်ထက်ပိုချစ်တယ်…
နင်ဟာပုံမှန်မရှိသော မိုးသက်တိမ်စိုင်တွေလို…
ဘယ်နေရာမှာတစ်ကွက်ကြားမိုးအဖြစ်ရွာသွန်းဖြိုး…
နင်ဟာငါ့တစ်ယောက်ထဲအတွက် ငါ့ရဲ့ကိုယ်စောင့်နတ်လို့…
သိမ်ငယ်ဇောနဲ့ရေးတဲ့မြတ်နိုးခြင်းပန်းချီကားတစ်ချပ်လို…
နင်ဟာငါ့တစ်ယောက်ထဲအတွက် ငါ့ရဲ့ကိုယ်စောင့်နတ်လို့…
သိမ်ငယ်ဇောနဲ့ရေးတဲ့မြတ်နိုးခြင်းပန်းချီကားတစ်ချပ်လို…
အသက်ရှင်ခြင်းတစ်ခုရဲ့ဝင်သက်တစ်ခုလို…
ရှိုက်ငင်ခြင်းများရဲ့ဝင်သက်တစ်ခုလို…
🎶🎶🎶🎶🎶🎶🎶
“ဖြောင်း… ဖြောင်း… ဖြောင်း…”
လက်ခုပ်သံတွေက တဖြောင်းဖြောင်းနဲ့မြည်လာတော့ ရှိန်းပြံုးလိုက်ကာ ရစ်တာကို ဘေးမှာထောင်လိုက်ကာ စားပွဲခုံပေါ်မှာ ဘီယာခွက်ကို ဆွဲယူကာသောက်လိုက်လေသည်။ ပြင်းရှရှအရသာနဲ့အတူ သွေးတွေဟာ ပူနွေးသွား၏။
“ရှိန်း… မင်းကွာ အဆိုတော်လုပ်ဖို့ကောင်းတယ်…”
သီဟရဲ့စကားကြောင့် သူ ထပ်ပြီးပြံုးလိုက်မိလေသည်။ ရင်ထဲမှာတော့ ခါးသက်သက်ဖြင့်။ သူငယ်ချင်း ဖြစ်သူ ကိုဖြိုးရဲ့မွေးနေ့ပွဲမို့လို့ သူ အခုလိုဆိုပေးနေတာဖြစ်သည်။ မွေးနေ့ရှင်ဖြစ်သူ ကိုဖြိုးရယ် ၀ဏ္ဏ၊ သီဟနဲ့ သူရယ်သာကျန်ခဲ့တော့သည်။ တခြားသူငယ်ချင်းတွေကတော့ပြန်သွားကြပြီဖြစ်သည်။
ညက တဖြည်းဖြည်းနက်လာသလို အေးကလည်း အေးလာတော့၏။ လေးယောက်စလုံးကလည်း တော်တော်လေးသောက်မိထားကြသဖြင့် အရှိန်ရလာကြတော့ စကားတွေကလည်း များလာကြပြီဖြစ်သည်။ ဒါပေမယ့် သူ့လောက်တော့ ဘယ်သူမှမများပါ။ တစ်ခွက်ပြီးတစ်ခွက် ဘယ်နှစ်ခွက်ရှိနေပြီဆိုတာကို သူ မမှတ်မိတော့။
“ရှိန်း… မင်း ဘာလုပ်မှာလဲ…”
သူ ၀ဏ္ဏရဲ့အမေးကို နားမလည်စွာဖြင့် မေးငေါ့လိုက်ကာ
“ဘာကိုလဲ…”
“ဆွေးအရိပ်ကို မင်း…”
ရှိန်း ၀ဏ္ဏကို လက်ကာပြလိုက်ကာ နောက်ထပ်တစ်ခွက်ကိုသောက်လိုက်လေသည်။ အဲ့ဒီ့နာမည်ကို ကြားလိုက်ရတာနဲ့ ရင်ထဲမှာ အလိုလိုနာကျင်လာမိတာ သူသာအသိဆုံးပါ။
“ငါ ဘယ်တော့မှဖွင့်ပြောမှာမဟုတ်ဘူး ၀ဏ္ဏ …”
သူ ငါးကင်ကိုတူနဲ့အနည်းငယ်ဖဲ့လိုက်ကာ ပါးစပ်ထဲသို့သွင်းလိုက်ပြီး နောက်ထပ် ဘီယာတစ်ငုံထပ်ငုံ လိုက်လေသည်။
“ရှိန်း… မင်းခံစားနေရတာကို ငါတို့နားလည်ပါတယ်ကွာ… ဟိုးငယ်ငယ်ကတည်းက သူနဲ့မင်းက တစ်အိမ်ထဲ နေနေကြတဲ့သူတွေဆိုတော့ မင်းရင်ထဲမှာ သူရှိနေတာကို မင်း ဘယ်လိုလုပ်ပြီးသိမှာလဲ…”
“အင်း… အေ့… ဟုတ်တယ်ကွ…”
သောက်တာများသွားပြီဆိုတော့ အာကလည်း လေးလာခဲ့၏။ လူသည်လည်းပဲ ယိုင်နဲ့နဲ့ဖြစ်လာခဲ့သည်။ ဒါပေမယ့် ရင်ထဲမှာတော့ ပူလောင်နေဆဲပင်။
“ဒါပေမယ့်… ငါ ဘာဆက်လုပ်ရမှန်းမသိတော့ဘူးကွ… မင်းတိမ်လွှာကြောင့်… မင်းတိမ်လွှာပြောတဲ့စကား တွေကြောင့်… ငါ… အေ့… ငါမယုံချင်ပေမယ့်… ငါ….”
အလိုလိုနေရင်း စကားတွေက ဆွံ့အသွားပြန်၏။
“ရှိန်းရယ်… ငါတို့ကတော့ မင်းတိမ်လွှာပြောတာကို လုံးဝမယုံဘူး… ဒါပေမယ့် မင်း အခုလို ချီတုံချတုံ ဖြစ်နေတာကိုလည်း ငါတို့နားလည်တယ်… မင်းက ချစ်မိတဲ့သူပဲလေ… ဆွေးအရိပ်နဲ့ပတ်သက်လာရင် ဘယ်သူတွေကပြောလာတဲ့ ဘယ်လိုစကားမျိုးကိုပဲဖြစ်ဖြစ် မယုံဘူးလို့သတ်မှတ်နိုင်မှာမဟုတ်သလို … ယုံတယ်လို့လည်း မင်းသတ်မှတ်နိုင်မှာမဟုတ်ဘူး ရှိန်း…”
၀ဏ္ဏပြောတာမှန်ပါတယ်။ အရိပ်နဲ့ပတ်သက်လာလို့ မင်းတိမ်လွှာပြောတဲ့စကားတွေကို သူ မယုံနိုင်သလို ဥပေက္ခာပြုထားလို့လည်းမရနိုင်ပေ။
“ရှိန်း… ဘာမှပူမနေနဲ့ ငါစုံစမ်းပေးမယ်…”
ကိုဖြိုးက ကြားထဲကနေ ၀င်ပြောလိုက်တော့ ရှိန်း ကိုဖြိုးကိုကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး
“ဟုတ်တယ် ကိုဖြိုး… မင်းဆီကပဲ အကူအညီတောင်းရမယ်… မင်းရဲ့အပေါင်းအသင်းတွေ့ အက္ခရာမောင်နဲ့ နီးစပ်တဲ့သူတွေဆိုတော့ မင်းပဲ ငါ့ကိုကူညီနိုင်မှာ…”
“ဖျက်…”
ရုတ်တရက် မီးကပျက်သွားတော့ သူတို့စားပွဲဝိုင်းလေးက အမှောင်လွှမ်းသွားလေသည်။ ခြံထဲမှာဆိုတော့ ညရဲ့လမင်းလေးက သာယာအေးချမ်းစွာ ထွန်းပနေ၏။ မှောင်မည်းသွားပေမယ့် လုံးဝမမြင်ရတာတော့ မဟုတ်ပေ။
“ခနလေး ငါ မီးအိမ်သွားယူလိုက်ဦးမယ်…”
“ရတယ် ကိုဖြိုး… ထားလိုက်ပါ… ဒီညတော့ ငါတို့တွေ သဘာဝအလင်းရောင်နဲ့ နေကြတာပေါ့…"
သီဟက ၀င်ပြောလိုက်တော့ ကိုဖြိုး သူ့နေရာသူပြန်ထိုင်လိုက်၏။
မီးပျက်သွားတော့ ရှိန်း ရင်ထဲမှာ အနည်းငယ် စိုးရိမ်သွားမိလေသည်။ အခုချိန်ဆို အိမ်မှာ အရိပ် တစ်ယောက်ထဲ။ မေမေကလည်း အိမ်မှာရှိတာမဟုတ်ဘူး။ အလုပ်ကိစ္စနဲ့ ခရီးတွေထွက်နေတာ။ အရိပ် နေရဲပါ့မလား။
“ရှိန်း… နောက်တစ်ပုဒ်မဆိုချင်တော့ဘူးလား…”
သူ့ခေါင်းထဲမှာ ရီဝေဝေဖြစ်လာသလို မူးနောက်လာလေတော့သည်။ သူ အားယူပြီး မတ်တပ်ရပ်လိုက်တော့ ခန္ဓာကိုယ်က ယိုင်သွား၏။ အနီးမှာရှိနေတဲ့ ၀ဏ္ဏက သူ့ကိုဘေးကနေ အမြန်ထိန်းလိုက်ကာ
“ရှိန်း… တော်တော့ မဆိုနဲ့တော့ မင်း မရတော့ဘူး… ဒီည များသွားပြီ…”
ဒီည ဘာလို့ ဒီလောက်သောက်မိလည်း ရှိန်း သူ့ကိုယ်သူလည်း နားမလည်တော့။ သောက်ရင်းသောက်ရင်း နဲ့ များသွားတာမဟုတ်ပေမယ့် ရင်ထဲကဒဏ်ရာကိုဆေးရင်းဆေးရင်းနဲ့ များသွားတာပဲဖြစ်မှာပါ။
“ဟေ… ငါ.. မများပါဘူးကွာ… နောက်ထပ်လည်း သောက်ဦးမှာ… ဂစ်တာလည်းတီးမယ်… သီချင်းလည်း ထပ်ဆိုဦးမှာကွ… အသည်းကွဲသီချင်းတစ်ပုဒ်လောက်ပေါ့ကွာ…”
ရှိန်းကိုကြည့်ကာ သူတို့တွေအားလုံးနားလည်သွားကြလေသည်။ အရင်က ဒီလောက်တစ်ခါမှ မသောက် ဖူးလို့ သူတို့တွေ အ့ံသြနေခဲ့တာ။ ကိုဖြိုးရဲ့မွေးနေ့မို့လို့ ရှိန်း သောက်တယ်လို့ပဲထင်ခဲ့မိတာ… အခုတော့ ဆွေးအရိပ်ကြောင့် ရှိန်း အရက်တွေသောက်နေခဲ့တာပါလား။
“ဆောရီးရှိန်းရာ… မင်း ဒီလောက်အထိမသောက်အောင် ငါတို့တွေ ထိန်းထားခဲ့ရမှာ… မင်း ပျော်နေတယ်ပဲ ငါတို့က ထင်ခဲ့တာ… ဒါပေမယ့် မင်းက ဆွေးအရိပ်ကြောင့်…”
“ရှူး… မပြောနဲ့… အရိပ်ရဲ့နာမည်ကို ငါ့ရှေ့မှာ မခေါ်နဲ့…”
နဂိုညိုနေတဲ့နှုတ်ခမ်းက အနည်းငယ်နီကာစိုစွတ်နေတဲ့ ရှိန်းကို သူတို့တွေ ဘာပြန်ပြောရမှန်းမသိတော့။ အသည်းကွဲတာနဲ့ အရက်သောက်တာ ဘာများဆိုင်လို့လဲ။ အသည်းကွဲတာအတွက် ဆေးက ဒီတစ်မျိုး ထဲရှိတာမို့လို့လား။ ဒါပေမယ့်ဒီနည်းလမ်းကို ယောက်ျားလေးတော်တော်များများ ကျင့်သုံးကြတယ်ဆိုတာကို သူတို့လည်း နားလည်ပါတယ်။ မဆိုင်ပေမယ့်လည်း တော်တော်များများက အသည်းကွဲပြီဆိုတာနဲ့ အရက်သောက်ကြတာ။
“မင်း ဘာလို့အသည်းကွဲတာလဲ ရှိန်း… ဘယ်သူ့ကြောင့် မင်းရဲ့အသည်းက ကွဲရတာလဲ…”
၀ဏ္ဏက နားမလည်စွာမေးလာသဖြင့် ရှိန်း ပြံုးလိုက်ကာ စားပွဲပေါ်က ပုလင်းဆီကို လက်ကရောက်သွား လေသည်။ ၀ဏ္ဏက အဲ့ဒီ့ပုလင်းကိုဆွဲထားလိုက်ပြီး
“ဘာလဲ ဆွေးအရိပ်ကြောင့် မင်းအသည်းကွဲတယ်လို့ ပြောချင်တာလား…”
“အေ့…”
ပြန်ဖြေတာလည်းမဟုတ် ဘာမှလည်းမပြောဘဲ ငြိမ်သက်ကာ စားပွဲခုံကြီးကို အဓိပ္ပာယ်မဲ့ငေးကြည့်နေတဲ့ ရှိန်းရဲ့ပခုံးကို ၀ဏ္ဏ အလိုမကျစွာ ဆုပ်ကိုင်လိုက်ပြီး
“မင်း သူ့ကို ဖွင့်ပြောပြီးသွားပြီလား… သူကရော မင်းကို အဖြေပေးလိုက်ပြီလား… သူ မင်းကို ငြင်းလိုက် လို့လား… ဒါမှမဟုတ် မင်းတိမ်လွှာပြောသလို အက္ခရာမောင်က ဆွေးအရိပ်ကို ကြိုက်နေလို့လား…”
ရှိန်း ၀ဏ္ဏရဲ့မျက်နှာကို ဒေါသထွက်စွာကြည့်လိုက်လေသည်။ ရှိန်းရဲ့မျက်လုံးတွေက နဂါးတစ်ကောင်ရဲ့ မျက်လုံးတွေလို နီရဲတောက်ပနေ၏။
“ဟင့်အင်း အဲ့လိုမဖြစ်ရဘူး… အရိပ် ဘယ်သူ့ကိုမှမချစ်ရဘူး… ငါ အရိပ်ကိုချစ်တယ် ဒါပေမယ့် ဖွင့်ပြောမှာ မဟုတ်ဘူး…”
“မဟုတ်သေးဘူး ရှိန်း… မင်းရဲ့အတွေးတွေက လွဲမှားနေတယ်… မင်းချစ်ရင် ချစ်တယ်လို့ ဖွင့်ပြောရမှာ လေ.. အဲ့ဒါမှ သူလည်းသိပြီး မင်းကိုစဉ်းစားပေးနိုင်မှာပေါ့…”
“ဟုတ်တယ် ရှိန်း… သူက မင်း ထာဝရကြည့်ရှုနေရမယ့် အရုပ်တစ်ရုပ်မဟုတ်ဘူး… ဟိုးအရင်ကတည်းက မင်းပိုင်ဆိုင်ထားတဲ့အရုပ်မို့လို့ မင်းပဲထာဝရပိုင်ဆိုင်ရမယ်လို့ မင်းသတ်မှတ်ထားလို့ မရဘူးရှိန်း… တကယ်လို့ ဆွေးအရိပ်က အရုပ်လေးတစ်ရုပ်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ လိုချင်တဲ့လူကတော့ မင်းလက်ထဲ ကနေ လုယူသွားမှာပဲ…”
သူ ခါးခါးသီးသီး ခေါင်းရမ်းမိလိုက်ပြန်လေသည်။ ဟင့်အင်း… သူ အဲ့လိုလည်း အဖြစ်မခံနိုင်ဘူး။ အရိပ်ကို ဘယ်သူကမှ သူ့လက်ထဲကနေ လုယူသွားခွင့်မပေးနိုင်ဘူး။ အဲ့ဒါအက္ခရာမောင်မကလို့ ဘယ်သူပဲဖြစ်ဖြစ် သူ ရင်ဆိုင်ရမှာပဲ။ အချစ်မှာ တရားတာ… မတရားတာမရှိပေမယ့် သူကတော့ အရိပ်ကို မစွန့်လွှတ်ရဖို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကာကွယ်ရမှာပဲ။ သူ့အသက်နဲ့လဲရမယ်ဆိုရင်တောင်မှပေါ့…။
💕💕💕💕💕💕💕
“ကြောက်ပါတယ်ဆိုမှ မီးကလည်း အခုထိမလာသေးဘူး… အန်တီခင်ကလည်း ဖုန်းဆက်လို့မရဘူး… ဘယ်လိုလုပ်ရမလဲ…”
ဆွေး အခန်းရဲ့ထောင့်လေးမှာထိုင်ကာ ကြောက်နေမိ၏။ အပြင်မှာ လသာနေပေမယ့်လည်း ဆွေး မကြည့်ရဲ ခဲ့ပါ။ ဒီနေ့မှ အန်တီခင်က ခရီးထွက်နေသလို အိမ်ကအလုပ်သမားတွေကလည်း ကိုယ့်အိမ်ကိုယ်ပြန်အိပ် ကြတာ။ အိမ်စောင့်ကြီးတစ်ယောက်ပဲရှိပေမယ့် ခြံထဲမှာ အိပ်နေလောက်ပြီ။
“ဒီအချိန်မှာ ဖေဖေနဲ့မေမေသာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ… အနည်းဆုံးတော့ မေမေ့ရင်ခွင် ထဲမှာ မေမေ့ခါးကိုဖက်ပြီး အကြောက်တွေပြေနိုင်သေးတယ်… အခုတော့ ဆွေးတစ်ယောက်ထဲ…”
တွေးမိတော့ ပိုပြီး ငိုချင်လာမိ၏။
“ဂျိန်း… ဒလိန်း…”
“အမေ့…”
ဆွေး လန့်သွားကာ အော်လိုက်မိသည်။ မိုးတွေကလည်းခြိမ်းလာကာ လျှပ်စီးတွေလည်း လက်လာခဲ့၏။ အပြင်မှာ ရာသီဥတုသာယာနေတာပဲ ဘယ်လိုလုပ်ပြီး မိုးတွေကခြိမ်းလာရတာလဲ။ ဆွေး ဘာလုပ်လို့ လုပ်ရမှန်းမသိတော့။ ဒူးလေးကိုထောင်ထားလိုက်ကာ မျက်နှာကို ဒူးပေါ်မှာတင်ထားလိုက်ပြီး မျက်ရည်တွေ ကျလာလေတော့သည်။
ကိုလေးလည်း အိမ်မှာမရှိဘူး။ ဆွေး ဘာလုပ်ရမလဲ။ အခုချိန်မှာ ဆွေးတောင့်တမိတဲ့သူဆိုလို့ ကိုလေး တစ်ယောက်သာရှိတော့သည်။ အိမ်မှာ ဆွေးတစ်ယောက်ထဲဆိုတာသိရဲ့သားနဲ့ ကိုလေး ဘယ်တွေသွားနေ တာလဲ။ အရင်တုန်းကဆို အခုလိုနေ့မျိုးရှိခဲ့လည်း ကိုလေးက ဆွေးရဲ့အနားမှာ အတူတူ ကစားရင်းနဲ့ပဲ ဖြစ်ဖြစ် အမြဲတမ်းရှိခဲ့သည်။
ဆွေး အရဲကိုးလိုက်ကာ အခန်းထဲကနေထွက်လိုက်လေသည်။ ထို့နောက် ဧည့်ခန်းအနားသို့ ကပ်သွား လိုက်၏။ တံခါးတွေအကုန်လုံးပိတ်ထားသဖြင့် အပြင်ကလျှပ်စီးလက်တာတွေကို မမြင်ရလို့သာတော်သေး သည်။ မြင်ရလို့ကတော့ ဆွေး ဘယ်လိုမှနေရဲမှာမဟုတ်။ ဧည့်ခန်းထဲက ကြိုးဖုန်းရှိတဲ့နေရာသို့ ဆွေး ဖြည်းဖြည်းချင်း သွားလိုက်လေသည်။
ဖုန်းက ဧည့်ခန်းရဲ့ဘေးကဗီရိုပေါ်မှာတင်ထားတော့ သိပ်တော့မဝေးပါ။
ဆွေး ဖုန်းကိုအမြန်ကိုင်လိုက်ကာ ဂဏန်းတွေကိုနှိပ်လိုက်လေတော့သည်။ ဖုန်းလိုင်းတွေမပြတ်ပါစေနဲ့ လို့လည်း စိတ်ထဲကနေ ဆုတောင်းနေမိ၏။ အလွတ်ရတဲ့ဖုန်းနံပါတ်ဆိုလို့ အန်တီခင့်ဖုန်းနံပါတ်နဲ့ ကိုလေး ဖုန်းနံပါတ်ပဲရှိတာ။
“တီ… တီ… တီ…”
ဖုန်းကဝင်သွားပေမယ့် တဂျစ်ဂျစ်နဲ့အသံတွေထွက်နေလေသည်။ ဘုရား… ဘုရား။ ဆွေး ဘုရားတမိ လေတော့သည်။ ဖုန်းလိုင်းကမကောင်းတာလား။
“ဟယ်လို…အရိပ် ဘာဖြစ်လို့လဲ…”
ကိုလေးရဲ့စိုးရိမ်နေတဲ့အသံကိုကြားတော့မှ ဆွေး သက်ပြင်းချလိုက်မိတော့သည်။ တော်သေးတာပေါ့။
“ကိုလေး… အိမ်ကိုပြန်မလာသေးဘူးလား… အိမ်မှာမီးပျက်နေတယ်… ဆွေး တစ်ယောက်ထဲ ကြောက်လို့…”
ကိုလေးဘက်က ငြိမ်သွားလေသည်။ ကိုလေးစကားပြောတာ လေးနေတယ်လို့ ဆွေးထင်မိ၏။
ရှိန်း စဉ်းစားနေတာဖြစ်သည်။ အရိပ်ဆီရောက်တဲ့အထိ သူ အမူးမပြေသေးဘူးဆိုရင် တစ်ခုခုမှားသွားမှာကို သူကြောက်တာ။ ဒါပေမယ့် မသွားလို့ကလည်းမဖြစ်။ အရိပ်က အရမ်းကြောက်နေတာ။
“အင်း… ကိုယ် လာပြီနော် အရိပ်…”
သူလည်း ဖုန်းချလိုက်ရော သူငယ်ချင်းတွေအားလုံးရဲ့အကြည့်တွေက သူ့ဆီမှာသာရောက်နေတော့သည်။ သူ ပြန်ပြီးကြည့်လိုက်ကာ
“ဘာလို့ အဲ့လောက်တောင်ကြည့်နေကြတာလဲ…”
သူ့ရဲ့ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကို သူငယ်ချင်းတွေကကြည့်နေကြတာကို သိပေမယ့် သူ မသိချင်ယောင် ဆောင်လိုက်ကာ
“ငါအိမ်ကိုပြန်ရတော့မယ် … အိမ်မှာ အရိပ်တစ်ယောက်ထဲ…”
အားလုံးကတော့ ဘာမှပြန်မပြောဘဲ သူ့ကိုပဲကြည့်နေလေသည်။ သူ ကိုဖြိုးကိုကြည့်လိုက်ကာ
“ကိုဖြိုး… ငါ သံပုရာရည်ပဲဖြစ်ဖြစ်… သကြားဖျော်ရည်ပဲဖြစ်ဖြစ် ခုချက်ချင်းရမလား… ”
ကိုဖြိုးက ခေါင်းငြိမ့်ပြီး အိမ်ထဲသို့ဝင်သွား၏။ သူ မတ်တပ်ရပ်လိုက်ကာ မိုးပေါ်ကိုမော့ကြည့်လိုက်မိ လေသည်။ တိမ်တွေကင်းစင်နေတာတောင်မှ ရာသီဥတုက မိုးတွေခြိမ်းနေတော့ အရိပ် ကြောက်နေပြီပေါ့။
“မင်း ဆွေးအရိပ်ကို တော်တော်ချစ်တာပဲနော် ရှိန်း…”
သူ ကိုဖြိုးလာမယ့် အိမ်ထဲသို့လှမ်းကြည့်လိုက်ကာ
“မင်းတို့ ခုမှသိတာလား…”
“ငါတို့တွေ ခုမှပိုသိသွားတာ ရှိန်း… အင်း.. ပြောသာပြောရတာပါ… ဆွေးအရိပ်ကတော့ သူကံကောင်း တာကို ကံကောင်းတယ်လို့လည်း သိတာမဟုတ်…”
ရှိန်း ပြံုးလိုက်ပေမယ့် သူ့ရဲ့အပြံုးတွေက အသက်မပါဘူးဆိုတာကို သိနေလေသည်။
“ရှိန်း… ဒီမှာ သံပုရာရည်… အမူးပြေသွားအောင် ချဉ်ချဉ်လေးဖျော်ခဲ့တယ်…”
ရှိန်း ကိုဖြိုးလက်ထဲက သံပုရာရည်ဖလားကိုယူလိုက်ကာ မော့သောက်လိုက်ပြီး ကိုဖြိုးရဲ့လက်ထဲသို့ ဖလားကိုပြန်ထည့်လိုက်လေသည်။
“ကျေးဇူးပဲ ကိုဖြိုး… ကဲ အားလုံးပဲ ငါ သွားတော့မယ်… မနက်ဖြန် ကျောင်းမှာ ပြန်တွေ့မယ်…”
“ကားကို ဂရုစိုက်မောင်းဦး ရှိန်း… မင်းဖြစ်ပါ့မလားကွာ…”
၀ဏ္ဏက စိုးရိမ်စွာပြောလိုက်တော့ သူ ခေါင်းငြိမ့်လိုက်ကာ
“ရပါတယ်ကွာ… ငါ နည်းနည်းအမူးပြေသွားပါပြီ…”
“အေးကွာ ဂရုစိုက်ဦးနော်…”
“အိုကေ…”
ရှိန်း လက်ကို နောက်ပြန်ပြကာ သူတို့ရှေ့ကနေ ထွက်သွားတော့၏။ အပြင်မှာ မိုးတွေကတော့ ခြိမ်းနေ ဆဲပင်။ အရိပ် ဘယ်လောက်တောင်ကြောက်နေပြီလဲ။ ကိုဖြိုးတို့အိမ်နဲ့ ရှိန်းရဲ့အိမ်က သိပ်တော့မဝေးပေ။ ကားနဲ့ ငါးမိနစ်လောက်မောင်းပြီးရင် ရောက်တာမို့လို့ တော်သေးတယ်လို့ပြောရမယ်။ ရှိန်း ကားကို အရှိန်လည်းသိပ်မတင်ရဲ။ အမူးက နည်းနည်းသာပြေသွားတာ ထိန်းတော့ထိန်းနေရသေးသည်။
အိမ်ရောက်တော့ မီးကမလာသေးပေ။ ဒီအချိန်ဆို ခြံစောင့်ကလည်းအိပ်နေပြီဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ ခြံဝန်းတံခါးကိုဆင်းပြီးဖွင့်လိုက်၏။ ကားနဲ့အတူဝင်ပြီးတော့မှ ခြံတံခါးကို မြန်မြန်ပြန်ပိတ်လိုက်ကာ အိမ်ထဲကို မြန်မြန်ဝင်လိုက်လေသည်။
မှုန်ပျပျအလင်းရောင်တစ်ခုကြောင့် ဆွေး မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိလေသည်။
“ဟင်… ကိုလေး… အပြင်မှာ မိုးတွေခြိမ်းနေလို့ တံခါးကိုမြန်မြန်ပြန်ပိတ်လိုက်ပါ…”
ဧည့်ခန်းရဲ့ထောင့်မှာ ထိုင်နေတဲ့ဆွေးကိုတွေ့တော့ ရှိန်း တံခါးကိုအမြန်ပြန်ပိတ်လိုက်ကာ အိမ်ထဲသို့ ၀င်လိုက်၏။
“အရမ်းကြောက်နေတာလား အရိပ်…”
အရိပ်က သူ့ကိုခေါင်းငြိမ့်ပြလိုက်ကာ အနံ့တစ်ခုခုကိုရသွားသည့်ပုံဖြင့် သူ့ရဲ့မျက်နှာသို့ မော့ကြည့်လာ လေသည်။
“ကိုလေး… အရက်တွေသောက်လာတာလား…”
မလိမ်ချင်၍ ခေါင်းပဲငြိမ့်ပြလိုက်ကာ ဧည့်ခန်းက ဆိုဖာပေါ်မှာ ရှိန်း ထိုင်လိုက်ပြီး အရိပ်ကိုကြည့်လိုက် လေသည်။
“ထိုင်လေ မကြောက်နဲ့တော့… ကိုယ် ရောက်လာပြီပဲ…”
“ဟုတ်… ကျေးဇူးတင်ပါတယ် ကိုလေး…”
ဆွေး ကိုလေးထိုင်နေတဲ့ခုံရဲ့တစ်ခုံကျော်က ဆိုဖာပေါ်မှာ ၀င်ထိုက်လိုက်ပြီး ကိုလေးကို သေချာကြည့် လိုက်ကာ
“ဆွေး… သံပုရာရည်ဖျော်ပေးရမလား…”
ကိုလေးက ဆိုဖာကိုမှီပြီး မျက်လုံးကိုမှိတ်ထားရင်းနဲ့ ခေါင်းရမ်းလိုက်ပြီး
“ရတယ်… ကိုယ်သောက်လာပြီ… ကိုယ် အဲ့လောက်လည်း မမူးပါဘူး အရိပ်ရယ်… ဘာလဲ ကိုယ့်ကို ကြောက်လို့လား…”
ဆွေး ပြန်မဖြေဘဲ ငြိမ်နေလိုက်သည်။ တကယ်တော့ ဆွေး ကိုလေးကိုကြောက်တာမဟုတ်ပါဘူး။ ကိုလေး ရောက်လာတော့ ဆွေး ဘယ်လောက်တောင်ပျော်သွားလဲဆိုတာလည်း ကိုလေးမသိပါဘူး။
“ဖျက်…”
ရုတ်တရက်လင်းလာတဲ့ အလင်းရောင်စူးစူးကြောင့် ရှိန်း မျက်လုံးကို အားယူပြီး ဖွင့်လိုက်လေသည်။
“ကိုလေး… မီးပြန်လာပြီ…”
“အင်း… ဒါဆိုမကြောက်တော့ဘူးမို့လား… ကိုယ် သွားအိပ်တော့မယ်…”
“ဟုတ်… ကိုလေး… ဆွေး ကျေးဇူးတင်ပါတယ်…”
သူ သူမကိုဘာမှပြန်မပြောဘဲ သူ့အခန်းရှိရာအိမ်အပေါ်ထပ်သို့သာ တက်လိုက်တော့သည်။ သူမနဲ့ သိပ်ပြီး ရင်ဆိုင်ချင်တာမဟုတ်။ ခံစားချက်တွေ ပေါက်ကွဲလာတာနဲ့အမျှ ဒဏ်ရာတွေဟာ ပိုပိုပြီး နာကျင်လာရ တော့မှာ။ နာကျင်ရမှာကြောက်တာက တခြားကြောင့်တော့မဟုတ်ပါဘူး ခံနိုင်ရည်မရှိမှာကိုပဲ စိုးရိမ်တာ။ ချစ်မိသူတိုင်းနာကျင်ရတာ မဆန်းပေမယ့် မပိုင်ဆိုင်နိုင်သေးတာတော့ ဆန်းကြယ်လွန်းပါတယ် ကံတရားကြီး ရက်စက်တယ်ပဲ ပြောရမလား…? ဟင့်အင်း… ကံတရားကြီးကိုတော့ သူ ရိုးမယ်မဖွဲ့လို တော့ပါ။ ဒါကို ၀ဋ်ကြွေးလို့ပဲ သတ်မှတ်လိုက်ရတော့မှာလား…?
💕💕💕💕💕💕💕
“မင်းတို့နှစ်ယောက် ဒီအမေပြောတာတွေကိုရော ကြားကြရဲ့လား… မင်းတို့တွေ အမေကို ဘာများ ထင်နေကြတာလဲ ဟင်… ပြောပါဦး…”
ဒေါ်နှင်းဆီ ဒေါပွနေပြီဖြစ်သည်။ နှစ်ယောက်စလုံးက တစ်ခွန်းမှ ပြန်မပြောကြပေမယ့် ငြိမ်သက်စွာ နားထောင်နေကြလေသည်။
“ခရာ… တိမ်လွှာ …”
သားနှစ်ယောက်စလုံးရဲ့အကြည့်တွေက သူမဆီသို့ ရောက်လာကြသည်။ သားကြီးဖြစ်သူတော့ မျက်နှာမကောင်း။ တစ်ခုခုအတွက် စိုးရိမ်သွားသလိုလို။
မတ်တပ်ရပ်ကာပြောနေတဲ့ ဒေါ်နှင်းဆီရဲ့မျက်နှာက နှင်းဆီနီတစ်ပွင့်လို နီရဲနေလေသည်။
“မေမေ ကြားထားတဲ့သတင်းတွေက ဘာတွေလဲ ခရာ… မင်း အဲ့ဒီ့ကျောင်းမှာ ရုပ်ရှင်ရိုက်ချင်တာ အခုလို သတင်းတွေကြောင့်လား…”
“မေမေ…”
မေမေက မေးလာတော့လည်း ခရာ ဘယ်လိုပြန်ဖြေရမှန်းမသိခဲ့။ တစ်ခွန်းပြောလိုက်လို့ အမှားတွေ ပါလာခဲ့ရင် ပိုဝေးသွားမယ့်အဖြစ်တွေကြောင့် ပြောရမှာကို တွန့်ဆုတ်နေမိသည်။ မေမေ ဘယ်လိုသိသွား တယ်ဆိုတာ သူ မသိပေမယ့် အခုချိန်မှာ စိုးရိမ်နေမိတာတော့ ဆွေးအတွက်ပါ။ ညီကလည်း လှုပ်လို့ မရတော့ ငြိမ်နေသည်။
“တိမ်လွှာ… မင်းကလည်း မင်းအကိုဘက်ကနေ အကုန်ကူညီပေးတာဆိုတော့ မင်းလည်း အဲ့ဒီ့မိန်းကလေး အကြောင်းသိမှာပေါ့… မေမေ့ကို ပြောပြစမ်း တိမ်လွှာ…”
တိမ်လွှာ ခေါင်းမကုတ်မိရုံတမယ်ဖြစ်သွားမိ၏။ ကျွတ်… ဒီသတင်းက ဘယ်လိုလုပ်ပြီး မေမေ့နားထဲ ရောက်သွားတာလဲ။ ဒီလောက် လျှို့လျှို့ဝှက်ဝှက်လုပ်နေတဲ့ကြားကနေ ဘယ်လိုလုပ်ပြီး မေမေက သိသွား ရတာလဲ။ ညီအစ်ကိုနှစ်ယောက်လုံး ငြိမ်သက်နေတာကို မေမေကတော့ ကျေနပ်မှာမဟုတ်ဘူး။
“ပြော ခရာ… အဲ့ဒီ့မိန်းကလေးက ဘယ်သူလဲ… ပညာတတ်လား… ရုပ်ချောလား… ပိုက်ဆံရှိလား… သူ့မိဘ တွေက ဘယ်သူတွေလဲ… ဘာတွေလုပ်လဲ မေမေ့ကို အကုန်ပြောပြ သား… ဆောင်းရတုထက်သာတယ် ဆိုရင် မေမေကိုယ်တိုင် သွားတောင်းပေးမယ် သား…”
ခရာ ပိုပြီးတောင်မှ ဆွံ့အသွားလေတော့သည်။ ဆွေးအကြောင်းကိုလည်း အမှန်အတိုင်း မပြောရဲခဲ့ပါ။
“ဘာလို့လဲ… အဲ့ဒီ့မိန်းကလေးက သူများအိမ်မှာ အိမ်ဖော်တစ်ယောက်လို ခိုကပ်နေနေရတဲ့ဘဝမို့လို့ မင်းမပြောရဲတာလား အက္ခရာမောင်…”
“ဟင်…”
ခရာ မေမေ့မျက်နှာကို အ့ံသြစွာ မော့ကြည့်လိုက်မိတော့ မေမေ့မျက်နှာက တင်းမာခက်ထန်နေလေသည်။ မေမေ့ရဲ့ဒီလိုမျက်နှာမျိုးကို ခရာ မမြင်ဖူးခဲ့ပါ။ နောက်ပြီး ဆွေးအကြောင်းကို မေမေ ဘယ်လိုသိသွားတာလဲ။ စိုးရိမ်စိတ်တွေက ပိုပြီးကြီးမားလာခဲ့တော့၏။
“မေမေ…”
တိမ်လွှာလည်း ခရာ့လိုပဲ အ့ံသြသွားကာ မေမေ့မျက်နှာကို သေချာကြည့်လိုက်မိ၏။ ဒါပေမယ့် ချက်ချင်းပဲ မျက်နှာကို အောက်သို့ ပြန်ငုံ့လိုက်တော့သည်။ ကိုကိုကတော့ မေမေ့ကို အ့ံသြတကြီး ကြည့်နေလေသည်။
“ဟုတ်တယ် ခရာ… မေမေ အဲ့ဒီ့မိန်းကလေးနဲ့ လုံးဝသဘောမတူဘူး…”
“ဘာလို့လဲ မေမေ… သား ဆောင်းရတုကို လုံးဝလက်မထပ်နိုင်ဘူးနော်…”
မေမေက သူ့ဘေးကခုံမှာထိုင်နေရင်းကနေ မတ်တပ်ရပ်လိုက်ကာ သူ့ကိုကြည့်လိုက်ပြီး
“အေး မေမေလည်း အပြတ်ပြောလိုက်မယ် သား… အဲ့ဒီ့မိန်းကလေးနဲ့ လုံးဝသဘောမတူဘူး… သား ဆောင်းရတုနဲ့ပဲ လက်ထပ်ရမယ်… ဒါ မေမေ စကားအကုန်ပြောတာနော်… ပြောနေတဲ့ကြားက သား ရှေ့ဆက်တိုးမယ်ဆိုရင် သား မေမေ့အကြောင်းကိုသိပါတယ်… မေမေ့အဆိုးမဆိုပါနဲ့ သား…”
“မေမေ…”
မေမေက သူခေါ်တာကိုလည်း လှည့်မကြည့်တော့ဘဲ သူ့ရှေ့ကနေ ထွက်သွားလေတော့သည်။ သူ့အကြည့် တွေက ညီ့ဆီသို့ ရောက်သွားကာ
“ညီ… ကိုကို ဘယ်လိုလုပ်ရမလဲ ပြောပါဦးညီရယ်… ကိုကို့ကို အကူအညီပေးပါဦး…”
ဆွေးအရိပ်အတွက် ကိုကို ဘယ်လောက်စိုးရိမ်နေပြီလဲဆိုတာ သူနားလည်ပါတယ်။ ကိုကို့မျက်နှာက အိုမင်းရင့်ရော်သွားတယ်လို့တောင် သူ ထင်မိသွား၏။
“မပူပါနဲ့ ကိုကိုရယ်… ညီတစ်ယောက်လုံး ရှိတာပဲ… ညီ ကူညီမှာပေါ့…”
ကိုကို့မျက်နှာမှာ ပြံုးယောင်သမ်းသွားပေမယ့် ချက်ချင်းပဲ ညိုသွားပြန်လေသည်။ ကိုကို ဘာတွေတွေးပြီး ဘာတွေစိုးရိမ်နေတယ်ဆိုတာ ကိုကို့မျက်နှာမှာ အထင်းသားပေါ်နေ၏။
“ဒီကိစ္စကို မေမေ ဘယ်လိုလုပ်ပြီး သိသွားတာလဲမသိဘူး … ဒီလောက် လျှို့ဝှက်ပြီး လုပ်တာကိုတောင်မှ… မေမေ့ပုံစံက ဆွေးအရိပ်အကြောင်းကို အကုန်သိသွားတဲ့ပုံပဲနော် ကိုကို…”
“အဲ့ဒါကြောင့် ကိုကို စိုးရိမ်နေတာပေါ့ ညီရယ်… မေမေသာ ဆွေးကိုတစ်ခုခုသွားလုပ်ရင် ကိုကိုလေ ကိုကို…”
သူ နားလည်စွာနဲ့ခေါင်းငြိမ့်လိုက်ကာ
“ညီလည်း ကိုကို့ကို စိတ်မပူပါနဲ့လို့သာပြောနေတာ… မေမေက ဒီကိစ္စနဲ့ပတ်သက်ပြီး ညီ့ကိုလည်း အရင်လို လွှတ်ထားတော့မှာမဟုတ်ဘူး…”
ညီပြောတာကို သူ လက်ခံပါတယ်။ အရင်ထက်တောင်မှ ပိုခက်ခဲသွားတော့မှာ။ သူက နဂိုကတည်းက လွတ်လွတ်လပ်လပ်နေရတဲ့သူမဟုတ်ပေမယ့် ညီ့အတွက်က လွတ်လပ်ခွင့်တွေဆုံးရှုံးသွားတော့မှာ။ အဲ့ဒါဆို ဆွေးနဲ့ပတ်သက်ပြီး ကူညီဖို့လည်း ညီက ခက်ခဲသွားတော့မှာ။
“ဒါပေမယ့် ကိုကိုစိတ်မပူပါနဲ့… ညီ့သူငယ်ချင်းတွေရှိပါသေးတယ်… ကိုကို ဆောင်းရတုကိုမချစ်ဘူးမို့လား… ကိုကိုမချစ်ရင် လုံးဝလက်မထပ်ရပါဘူး… ကိုကို လက်ထပ်ရမယ့်သူက ဆွေးအရိပ်ပဲ… အဲ့ဒါလည်း ညီပဲ ကူညီပေးမှာ… ဘာမှမပူနဲ့ ကိုကို… လောလောဆယ်တော့ ကိုကို မေမေ့ရှေ့မှာ အရင်လိုမျိုး အလုပ်ကို ကြိုးစားပြလိုက်ပါ… မေမေ့အမြင်မှာ ကိုကိုက ဆွေးအရိပ်ကို လုံးဝကိုမသိတဲ့ပုံစံမျိုးဖြစ်နေရမှာနော် ကိုကို…”
သူ ရင်နာစွာဖြင့် ခေါင်းငြိမ့်လိုက်မိလေသည်။ မလုပ်နိုင်တဲ့အလုပ်တစ်ခုကို သူလုပ်ရဦးမှာလား။ အင်းပေါ့… ဒါဟာ ဆွေးနဲ့နီးစေမယ့်အလုပ်တစ်ခုဆို သူ လုပ်မှာပါ။ အဓိကက ဆွေးနဲ့နီးစပ်ဖို့ပဲလေ။ အချစ်စစ်မှန်ရင် အခက်အခဲရှိတယ်ဆိုတာအမှန်ပါလား။ အခက်အခဲကိုရင်ဆိုင်ဖို့လည်း ခွန်အားတွေဟာ အလိုလိုရှိလာပြီပဲ။ သူမကြောက်တော့ပါဘူး။ သူ ဘယ်အရာကိုမှ မကြောက်တော့ဘူး။ မေမေ့ကိုတောင်မှ သူ လွန်ဆန်နိုင် နေပြီပဲ။ သူ မေမေ့ကိုစိတ်နဲ့ပဲ လွန်ဆန်ရသေးတာ။ မေမေသိအောင် သူမှ တစ်ခါမှမလုပ်ခဲ့တာ။ ဒါကို မေမေကတော့ ဘယ်သိမလဲ။ ဒါပေမယ့် ဆွေးကိုချစ်တဲ့အချစ်တွေကြောင့် သူ့မှာ သတ္တတွေရှိလာပြီဆိုတာ ကတော့ အမှန်တစ်ရားတစ်ခုပါ။ အချစ်အတွက် အမှန်တရားတစ်ခုပေါ့…။
💕💕💕💕💕💕💕

#####
အိမ်မက်ကြယ်

ချစ်​သောကိုကို (Completed)Onde histórias criam vida. Descubra agora