အခန်း(၁၅)

110 3 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၁၅)💖

“ကျေးဇူးပဲ ကိုခန့်… ဒီမှာ ငါပြောထားတဲ့ပိုက်ဆံ…”
ငါးထောင်တန်အထပ်လိုက်ကိုပေးနေတဲ့ ရတုကိုကြည့်ကာ မင်းသူ မျက်လုံးပြူးသွားလေသည်။
“ရတုက ဘာလို့ အဲ့ဒီ့လူမိုက်ကို ပိုက်ဆံပေးရတာလဲ…”
ကိုခန့်ဆိုတဲ့ကောင်ရဲ့မျက်နှာကလည်းပြံုးနေလေသည်။ ရတုလက်ထဲက ပိုက်ဆံကိုယူလိုက်ပြီး
“ဒီပိုက်ဆံကို မယူချင်ပေမယ့်လည်း ရတုက မင်းသမီးဖြစ်နေပြီဆိုတော့ ယူလိုက်ပါ့မယ်…”
သူမရဲ့ပန်းနုရောင်နှုတ်ခမ်းဖျားလေးတွေ မသိမသာလှုပ်သွားကာ အနည်းငယ်တွန့်ကွေးသွားလေသည်။
“အပိုတွေပြောမနေစမ်းပါနဲ့… ဒီပိုက်ဆံက မနည်းပါဘူး… ဒါပေမယ့် ဒီကိစ္စကို ဘယ်သူမှ မသိစေနဲ့… ဒီသတင်းသာ ပေါက်ကြားသွားခဲ့ရင် နင့်ကို ငါ ဒီအတိုင်းထားမယ်မထင်နဲ့နော်…”
ပြောပြောဆိုဆို ရတုရဲ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသဖြင့် မင်းသူ ခန္ဓာကိုယ်လေးကို အနည်းငယ်ကျံု့လိုက်မိလေသည်။
“အေးပါဟာ ငါသိပါတယ်… စိတ်ချ ဘယ်သူမှမသိစေရပါဘူး… နောက်ပြီး ဒီကိစ္စက ငါတစ်ယောက်ထဲပဲ လုပ်တာ… နင်တောင်းတဲ့အကူအညီမို့လို့ ငါ ဘယ်သူနဲ့မှလည်းမတိုင်ပင်ဘူး…”
“နင် ဒေါ်နှင်းဆီကို ကိုယ်တိုင်သွားပြောတာလား…”
“အင်း… ဟုတ်တယ်… အဲ့ဒါမှ ယုံမှာလေ… ဓာတ်ပုံအထောက်အထားနဲ့ ငါပြတော့ သူ ယုံသွားတယ်… ကန်တင်းမှာ မင်းသားအက္ခရာမောင်ရယ်… မင်းသားရဲ့ညီ မင်းတိမ်လွှာရယ်… ဆွေးအရိပ်ဆိုတဲ့ ကောင်မလေးရယ် အတူတူထိုင်နေကြတဲ့ပုံကိုလည်း ပြလိုက်ရော… မင်းသားရဲ့အမေဖြစ်သွားတဲ့ရုပ်များ ရတုကိုမြင်စေချင်လိုက်တာ…”
“ဟွန်း… ငါ့ကို တစ်ပတ်ရိုက်ပြီး မင်းတိမ်လွှာက သူ့အကိုနဲ့ ဘာမဟုတ်တဲ့ ဟိုမိန်းမကို တွေ့ပေးတယ်… ငါ အဲဒီ့မိန်းမကို အရမ်းမုန်းတယ်…”
“အဲ့တော့ ငါဘာဆက်လုပ်ပေးရဦးမှာလဲ ရတု ပြောပါ… နင်ခိုင်းရင် ငါက ဘာမဆို လုပ်ပေးဖို့အဆင်သင့် ပဲ…”
သူမမျက်နှာက လှပသလောက် တင်းမာခက်ထန်နေလေသည်။ မျက်လုံးထဲမှာ မီးတောက်နေပြီလား ထင်ရ လောက်အောင် အကြည့်တွေက စူးရဲနေ၏။ တိမ်လွှာပြောတော့ ဆွေးအရိပ်ကို တိမ်လွှာကပဲ ကြိုက်နေ သလိုလိုနဲ့ တကယ်တမ်း ဆွေးအရိပ်ကိုကြိုက်နေတာက ခရာ။ အဲ့ဒါကို ရတုကိုလိမ်ပြီး ဆွေးအရိပ်နဲ့ ခရာ့ကိုတွေ့ပေးခဲ့သည်။ တိမ်လွှာလည်းအလိုတူအလိုပါတွေသိရတော့ ရတု ဒေါသထွက်သွားမိ၏။
အဲ့ဒီ့နေ့က ကိုခန့်က ကန်တင်းမှာ သူ ရိုက်လာတဲ့ဓာတ်ပုံတွေကို ရတုကိုပြတော့ ရတု ဒေါသတွေ ပေါက်ကွဲကာ တစ်ခုခုလုပ်ဖို့ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ ကိုခန့်ကနေတဆင့် ဒေါ်နှင်းဆီက အားလုံးသိသွားပြီဆိုတော့ ခရာလည်း ရှေ့ဆက်တိုးမှာမဟုတ်တော့ပါဘူး။
သူ့ဘေးမှာ ကိုယ့်လို မိန်းမလှလေးတစ်ယောက်ရှိနေတာတောင် မမြင်တတ်တဲ့မျက်လုံးက ဘာမဟုတ်တဲ့ ဟိုမိန်းမကြောင့် ကွယ်ပျောက်နေခဲ့တာလား။ ဟင့်အင်း… အဲ့လိုအဖြစ်မခံနိုင်ပါဘူး။ ဆောင်းရတုဆိုတာ အက္ခရာမောင်ရဲ့ မဟေသီပဲဖြစ်ရမယ်။ လူကြီးချင်းကလည်း သဘောတူထားပြီးသား။
“ရတု…”
ကိုခန့်အသံကြောင့် သူမအတွေးတွေက ပစ္စုပ္ပန်ဆီသို့ ပြန်ရောက်လာကာ
“ဘာလဲ…”
“ငါ နင့်အတွက် ဘာလုပ်ပေးရဦးမလဲ ပြောလေ…”
သူမအတွက်ဆို ဘာမဆိုလုပ်ပေးမယ့် ကိုခန့်လိုလူမျိုးကြောင့် သူမအတွက်တော့ ကိုယ်တိုင်ဘာမှလုပ်စရာ မလိုလောက်အောင်ကို အရာရာအဆင်ပြေပါသည်။ တကယ်တော့ ကိုခန့်က သူမကို ဟိုးငယ်ငယ်ကတည်း က ကြိုက်နေခဲ့တာ။ ရတုသိပေမယ့် သူ့ကို စိတ်မဝင်စားခဲ့ပါ။ ရတုစိတ်ဝင်စားတာဆိုလို့ ခရာတစ်ယောက်ပဲ ရှိခဲ့တာ။
“နေဦး ငါ သေချာစဉ်းစားလိုက်ဦးမယ်…”
“အင်း… နင်လိုတဲ့အချိန်ငါ့ကိုခေါ်လိုက်ပါ… ငါချက်ချင်းလာခဲ့မယ်…”
“အင်း.. ငါသွားတော့မယ်…”
ရတုထွက်သွားတာကို ကြည့်နေရင်းနဲ့ကျန်ခဲ့တဲ့ ကိုခန့်ကို မင်းသူ အကွယ်ကနေလှမ်းကြည့်ကာ နားမလည် နိုင်သလို အဖြစ်မှန်ကို သိခဲ့ရတဲ့အတွက်လည်း အ့ံသြဝမ်းသာသွားမိတော့သည်။ ဟုတ်တယ် ဒီကိစ္စ တိမ်လွှာ့ကိုပြောပြရမယ်။ တိမ်လွှာ ဒီနေ့ကျောင်းကိုလာတာမဟုတ်ဘူး။ အဲ့ဒါလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူအမေက ကျောင်းမသွားခိုင်းတာလားမသိဘူး။ မင်းသူ တွေးရင်းနဲ့ ဖုန်းကိုထုတ်ကာ တိမ်လွှာ့ဆီကို ဖုန်းဆက်လိုက်လေသည်။
“တီ…တီ…တီ…”
“ဟယ်လို မင်းသူ…”
“တိမ်လွှာ မင်း အိမ်မှာလား.. ဘာလို့ကျောင်းကိုမလာတာလဲ…”
တိမ်လွှာ ရင်ခွင်ထဲကခေါင်းအုံးကို ကုတင်ပေါ်တင်လိုက်ကာ ကုတင်ပေါ်ကဆင်းလိုက်ပြီး ပြတင်းပေါက် နားမှာ မတ်တပ်ရပ်လိုက်လေသည်။
“ငါ ကျောင်းလာချင်စိတ်မရှိလို့…”
“ဟင်… ဘယ်လိုဖြစ်ရတာလဲ မင်းနေမကောင်းလို့လား… ဒါမှမဟုတ် မင်းအမေကြောင့်လား…”
မင်းသူအမေးကြောင့် တိမ်လွှာ အ့ံသြသွားမိလေသည်။
“မင်းသူ မင်း တစ်ခုခုကို သိနေတာလား…”
“ဟုတ်တယ် တိမ်လွှာ… မင်းတို့ညီအကို ဆွေးအရိပ်နဲ့ပတ်သက်ပြီး အခု အပြင်ကိုမထွက်ရဘူးဖြစ်နေတာ မို့လား….”
“ကိုကိုကတော့ ဟုတ်တယ်… ငါကတော့ ဘယ်မှမသွားချင်တာနဲ့ ကျောင်းကိုလည်း မလာတော့တာ… ဒါနဲ့ နေပါဦး… မင်း ဘာတွေသိထားတာလဲ ငါ့ကိုပြောပြပါဦး..”
“အေးကွ… ငါလည်း မယုံနိုင်ဘူး… ဒါပေမယ့် အခုပဲ ငါ့နားနဲ့ ဆက်ဆက်ကြားလိုက်ရတာမို့လို့ မင်းကို ဖုန်းလှမ်းဆက်လိုက်ရတာကွ…”
မင်းသူ ပြောမယ့်စကားကို တိမ်လွှာ စိတ်ဝင်စားသွားမိတော့သည်။
“ဒါဆိုလည်း မြန်မြန်ပြောပါကွာ…”
“ဒီလိုကွ… ခုနက ငါ့မျက်စိရှေ့မှာတင် ဆောင်းရတုက ကိုခန့်ကို ပိုက်ဆံတွေပေးတာ ငါမြင်လိုက်တယ် တိမ်လွှာ… နောက်ပြီး သူတို့ပြောနေတဲ့စကားတွေကိုလည်း ငါကြားရတယ်…”
“အင်း… ဘာတဲ့လဲ…”
“ဆောင်းရတုက ကိုခန့်ကိုပိုက်ဆံတွေပေးပြီးတော့ စကားတွေပြောနေကြတယ်… သူတို့ပြောတဲ့စကားအရ ဆိုရင် ကန်တင်းမှာ မင်းတို့ညီအကိုရယ် ဆွေးအရိပ်ရယ် ထိုင်ပြီး စကားပြောနေတဲ့ဓာတ်ပုံကို မင်းအမေကို သွားပြတာတဲ့ကွ…”
“ဘာ… တောက်… ငါထင်သားပဲ…”
သူထင်ထားတဲ့ကိစ္စဖြစ်နေတဲ့အတွက် တိမ်လွှာ ဒေါသထွက်သွားမိလေသည်။
“ဟုတ်တယ် တိမ်လွှာ… ငါလည်း မင်းကျောင်းမလာတာ ဒီကိစ္စနဲ့ပတ်သက်မယ်ထင်လို့ ဖုန်းဆက်ကြည့် လိုက်တာ… အခုရော မင်းတို့တွေ ဘယ်လိုဖြစ်သွားပြီလဲ…”
တိမ်လွှာ ခြံထဲက ခုံပေါ်မှာထိုင်နေကြတဲ့ ဦးအောင်သူတို့လင်မယားကိုလှမ်းကြည့်လိုက်လေသည်။ ခြံထဲမှာ မေမေ့ကားတော့မရှိ။ ကိုကို့ကားနဲ့ သူ့ကားပဲရှိကြတာဆိုတော့ မေမေ အိမ်မှာမရှိပေ။
“အခု ကိုကိုကအိမ်မှာပဲနေနေရတယ်… ရှူတင်တွေရှိတာကိုလည်း မသွားရဘူးလို့ မေမေက ပြောထား တယ်ကွ…”
“ဒါဆို အကျယ်ချုပ်ပေါ့…”
မင်းသူစကားကြောင့် တိမ်လွှာ ပြံုးလိုက်မိလေသည်။
“အင်း… ဆိုပါတော့… ဒါနဲ့ ဆွေးအရိပ်ရော ဒီနေ့ ကျောင်းကိုလာရဲ့လား…”
“အင်း လာပါတယ်… ဘာဖြစ်လို့လဲ…”
“မဟုတ်ပါဘူး… ”
“ဘာလို့လဲ နတ်ဆိုးသိသွားမှာစိုးလို့လား…”
“ပြောလို့ရတာတော့မဟုတ်ဘူးလေ… ဆောင်းရတုသိသွားပြီဆိုတော့ နတ်ဆိုးလည်း သိချင်သိမှာ…”
“သူတို့နှစ်ယောက်က ဘာမှပတ်သက်တာမဟုတ်ပါဘူး တိမ်လွှာရာ… နတ်ဆိုး သူ့ကိုကြိုက်တယ်ဆိုတာ လည်း မဟုတ်ဘူး… လျှောက်ပြီးဖွနေကြတာ…”
“ဟင် အဲ့ဒါအမှန်လား…”
“ဟုတ်တယ် ဘာလို့လဲ…”
တိမ်လွှာ ကိုကို့အတွက်စိုးရိမ်သွားတော့၏။ အစကတော့ နတ်ဆိုးက ဆောင်းရတုကို ကြိုက်နေတယ်လို့ သူထင်ထားခဲ့တာ။ ဆွေးအရိပ်နဲ့ ဘာမှမပတ်သက်ပေမယ့် နတ်ဆိုးက ဆောင်းရတုကိုမကြိုက်ဘူးဆိုရင်…? မဖြစ်ပါစေနဲ့… နတ်ဆိုး ဆွေးအရိပ်အပေါ်မှာ ဘာစိတ်မှမရှိပါစေနဲ့လို့ပဲ သူဆုတောင်းရတော့မှာ။ ဒါလည်း ကိုကို့အတွက်ပဲ။
“ဟယ်လို တိမ်လွှာ… ဘာဖြစ်တာလဲ…”
“မင်းသူ ငါ အခုဖုန်းချလိုက်တော့မယ်… တစ်ခုခုဆို မင်း ငါ့ဆီပဲ ဖုန်းဆက်ပါ…”
“အင်း… အင်း… ဒါပဲလေ တိမ်လွှာ…”
“အင်း…”
တိမ်လွှာဖုန်းချလိုက်ပြီး အခန်းထဲကနေ ထွက်လာလိုက်သည်။ ကိုကိုလည်း အခုချိန်ဆို အခန်းထဲမှာ တစ်ယောက်ထဲဘာလုပ်နေမလဲမသိ။ တိမ်လွှာ ခရာ့အခန်းဘက်သို့ ထွက်လာလိုက်သည်။ အခန်းက ကပ်ရပ်ဆိုပေမယ့် တစ်ခန်းနဲ့တစ်ခန်းအကျယ်ကြီးဖြစ်တာရယ်… ကိုကို့အခန်းက ထောင့်မှာဖြစ်နေတာရယ် ကြောင့် နည်းနည်းတော့လမ်းလျှောက်ရသည်။
“ဒေါက်… ဒေါက်… ကိုကို…”
တံခါးခေါက်သံနဲ့အတူ ညီ့အသံကိုကြားလိုက်ရသဖြင့် ခရာ လက်ထဲကဖုန်းကို စားပွဲပေါ်တင်လိုက်ကာ တံခါးကို လှမ်းကြည့်လိုက်ပြီး
“ညီ… တံခါးဖွင့်ထားတယ်… ၀င်ခဲ့လေ…”
“ဟုတ်…”
ညီက တံခါးဖွင့်ကာ အခန်းထဲကိုဝင်လာပြီး သူထိုင်နေတဲ့ကုတင်ပေါ်ကို တက်ထိုင်လိုက်ကာ
“ကိုကို… ညီသိပြီ…”
“ဘာကိုလဲ ညီ…”
ခရာ ကျောနောက်မှာမှီထားတဲ့ ခေါင်းအုံးကို အောက်သို့လျှောချလိုက်ပြီး ခြေထောက်ကို ကုတင်ပေါ်ကနေ ချလိုက်ပြီး ညီ့ကိုကြည့်လိုက်ကာမေးလိုက်တော့ ညီကလည်း သူ့လိုပင် ခြေထောက်ကို ကုတင်ပေါ်ကနေ ချလိုက်၏။
“ဒီကိစ္စကို မေမေသိသွားအောင် ဆောင်းရတုလုပ်တာကိုကို…”
“ဟင်…”
ကိုကို့မျက်ခုံးတွေက ကျံု့တက်သွားကာ တိမ်လွှာ့ကို သေချာကြည့်လာလေသည်။
“ဟုတ်တယ် ကိုကို… အခုပဲ ညီ့သူငယ်ချင်းတစ်ယောက်ပြောပြတာ… ဆောင်းရတုနဲ့ ကိုခန့်တို့က အဲ့ဒီ့အကြောင်းကိုပြောနေကြတာတဲ့…”
“ကိုခန့်ဆိုတာက…”
ဟုတ်သားပဲ ကိုခန့်ကို ကိုကိုမှမသိတာ…။
“ကိုခန့်ဆိုတာ ဆောင်းရတုနဲ့ ငယ်သူငယ်ချင်းတွေ… ဒီကိစ္စမှာလည်း ဆောင်းရတုက ပိုက်ဆံပေးပြီး ခိုင်းထားတဲ့လူ…”
“ဒါဆို သူမေမေ့ကိုပြောပြလိုက်တာပေါ့… သူကရော ဘယ်လိုလုပ်ပြီးသိတာလဲ ညီ…”
သူ ကိုကို့အတွက် စိတ်မကောင်းဖြစ်သွားမိလေသည်။
“ကိုကို့ကို ကန်တင်းမှာ ဆွေးအရိပ်နဲ့ တွေ့ပေးတဲ့နေ့က ဓာတ်ပုံရိုက်ထားတာ ကိုခန့်ဆိုတဲ့ကောင်ပဲ ကိုကို…”
“ကျွတ်…”
ကိုကိုက စိတ်ညစ်သွားသည့်ပုံဖြင့် ခေါင်းကို ငုံ့သွားလေသည်။
“ကိုကို… စိတ်မညစ်ရဘူးလေ… ကိုကို့ကို ညီပြောစရာရှိသေးတယ်…”
ကိုကိုက ခေါင်းပြန်မော့လာကာ သူ့ကို သေချာကြည့်လာပြီး
“ကိုကိုက ပျော့ညံ့တာမှန်ပါတယ် ညီရယ်… ဒါပေမယ့် ဆွေးနဲ့ပတ်သက်လာရင်တော့ ကိုကိုက သံမဏိ လူသားတစ်ယောက်ပါ… ကိုကို စိတ်ညစ်တာမဟုတ်ဘူး… ဆောင်းရတုကို စိတ်ပျက်သွားမိတာ…”
သူ ကိုကို့ကို နားလည်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး
“ညီ စိုးရိမ်တာတစ်ခုပဲရှိတယ် ကိုကို… အဲ့ဒါက ကိုကိုမပြတ်မသားဖြစ်မှာကိုပဲ…”
ကိုကိုကလည်း သူ့စကားကို နားလည်ကာ သက်ပြင်းတစ်ခုကို အသာလေးချနေလေသည်။ အခုနောက်ပိုင်း ကိုကို သက်ပြင်းတွေ ခနခန ချနေတာကို တိမ်လွှာသိပါတယ်။ ဒါဟာလည်း ဆွေးအရိပ်နဲ့ပတ်သက်ပြီးမှ ဖြစ်လာတဲ့ ကိုကို့ရဲ့အပြုအမူတစ်ခုပါပဲ။
“ကိုကိုက မေမေ့ကိုကြောက်တာမဟုတ်ပေမယ့်… အခုချိန်ထိ လွန်ဆန်နိုင်သေးတာမဟုတ်ဘူးဆိုတာ ညီသိတယ် ကိုကို… ဒါပေမယ့် ဆွေးနဲ့ပတ်သက်ပြီးတဲ့နောက်ပိုင်း ကိုကို အရင်လို တွေဝေနေလို့မရတော့ ဘူးနော် ကိုကို…”
“ကိုကို သိပါတယ် ညီရယ်… ကိုကို ဆွေးနဲ့ပတ်သက်ပြီး အရမ်းကြီးလောဘကြီးတာမဟုတ်ပါဘူး… ကိုကို ကမ္ဘာကြီးနဲ့ ဆွေး ဘယ်သူ့ကိုရွေးမလဲဆိုရင် ကိုကို ဆွေးကိုပဲရွေးမှာ… ကိုကို ပိုင်ဆိုင်ချင်ခဲ့တာ ကမ္ဘာကြီး မဟုတ်ပါဘူး… ဆွေးကို ပိုင်ဆိုင်ချင်ခဲ့တာ…”
တိမ်လွှာ သဘောကျစွာပြံုးလိုက်မိလေသည်။ ကိုကို့ရင်ခုန်သံတွေဟာ တစ်နေ့ထက်တစ်နေ့ မြန်မြန်လာ ပေမယ့်လို့ ကိုကို့ရဲ့ကြိုးစားအားထုတ်မှုတွေဟာတော့ ဘာမှအရာမထင်သေးပေ။
“ညီလည်း ကိုကို့ကို ကူညီမှာပါ… အဓိကကတော့ ကိုကို ဆောင်းရတုနဲ့မပတ်သက်ဖို့ပဲ ကိုကို… ကိုကိုတို့က မိဘချင်းသဘောတူထားတဲ့လူတွေဆိုတာ နှစ်ဖက်မိသားစုရဲ့အသိုင်းအဝိုင်းတွေက သိနေကြပြီ… အဲ့ဒီ့စကား ကျောင်းကိုရောက်မလာဖို့ရယ် ဆွေးအရိပ်မသိဖို့ရယ်ကတော့ အရေးကြီးတယ် ကိုကို…”
ခရာ ညီ့စကားကို ထောက်ခံသည့်သဘောဖြင့် ခေါင်းငြိမ့်လိုက်ကာ စားပွဲပေါ်တင်ထားတဲ့ဖုန်းကို လှမ်းယူ လိုက်ပြီး
“ကိုကို အခု ဆွေးကိုအရမ်းလွမ်းနေတယ် ညီရယ်… မဖြစ်နိုင်မှန်းသိရဲ့နဲ့ တွေ့လည်းတွေ့ချင်တယ်… အပြင်မှာမတွေ့ရတော့ ဖုန်းထဲကဓာတ်ပုံလေးတွေကိုကြည့်ပြီး အလွမ်းဖြေနေရတာ ပိုပြီးတွေ့ချင်စိတ်တွေ ပေါ်လာခဲ့တယ် ကိုကို ဘယ်လိုလုပ်ရမလဲ ညီ… ကိုကို ရူးသွားပြီထင်တယ်နော်…”
“ကိုကို ရူးသင့်ပါတယ်…”
ညီ့စကားကြောင့် ခရာ နှစ်ခြိုက်စွာပြံုးလိုက်မိ၏။
“ဟုတ်တယ်နော်… ဆွေးလိုမိန်းကလေးကိုချစ်မိမှတော့ ကိုကို ရူးသင့်တာပေါ့…”
ထို့နောက် နှစ်ယောက်သား ပြိုင်တူရယ်လိုက်မိပြန်၏။
“ကိုကို ဘယ်တော့မှ အရှုံးမပေးရဘူးနော်…”
ကိုကိုက ရယ်နေရင်းကနေ သူ့ကို ခေါင်းရမ်းပြနေလေသည်။ ဟင့်အင်း… ဘယ်တော့မှ ကိုကိုအရှုံးမပေးဘူး ညီ။ ဟုတ်တယ် ဆွေးကိုပိုင်ဆိုင်ချင်လာတော့မှ သူ အရာအားလုံးကို ကြောက်ရွံ့မှုကင်းလာတာ။ သူ့မှာ အစီအစဉ်တွေ အများကြီးရှိပေမယ့် အကောင်အထည်မဖော်ရသေးပေ။ တွေဝေနေတာမဟုတ်ဘဲ အချိန်တွေဆွဲနေခဲ့တာမို့။ ဒီထက်တော့ကြာလို့မဖြစ်တော့ဘူးဆိုတာကို သူသိပါတယ်။
💕💕💕💕💕💕💕
“ရှိန်းအာကာ… မင်း အခြေအနေဘယ်လိုလဲ…”
ရှိန်း ခေါင်းကိုအသာရမ်းပြလိုက်ကာ စားပွဲပေါ်မှာရှိနေတဲ့ ရှမ်းခေါက်ဆွဲပန်းကန်ကိုယူပြီး စားလိုက်လေ သည်။
“မင်းခေါင်းရမ်းတဲ့အဓိပ္ပာယ်က ဘာလဲကွ…”
ရှိန်း စားနေရင်းကနေ ကိုဖြိုးကိုမော့ကြည့်လိုက်တော့ ခေါက်ဆွဲဖတ်တန်းလန်းက ပါးစပ်ထဲကနေ ပန်းကန် ထဲသို့ ထွက်ကျသွားလေသည်။ သူ ပန်းကန်ကိုချလိုက်ပြီး တစ်ရှူးယူလိုက်ကာ ပါးစပ်ကိုသုတ်လိုက်ပြီးမှ ဟင်းရည်ကို သောက်လိုက်၏။ ထို့နောက် ကိုဖြိုးကို ပြန်ကြည့်လိုက်ကာ
“ကိုဖြိုး… ငါ အစားလေးကောင်းကောင်းစားပါရစေဦးကွာ… စားပြီးမှပြောပါလား… ငါ ဘယ်မှ ထွက်မပြေး ပါဘူးကွ… မင်းဟာကလည်း တရားခံတစ်ယောက်ကို စစ်မေးနေသလိုပါပဲလား…”
သူ့စကားကြောင့် သူ့သူငယ်ချင်းတွေက ရယ်နေကြတော့သည်။ သူလည်း ရယ်လိုက်ကာ တစ်ရှူးကို ထပ်ယူပြီး ပါးစပ်ကို သုတ်လိုက်၏။
“အေးပါကွာ… အဲ့ဒီ့ညက မင်းတို့ဘာမှမဖြစ်ကြဘူးလား…”
ကိုဖြိုးရဲ့အမေးကို နားမလည်သဖြင့် ရှိန်း သူ့ကိုကြည့်လိုက်ကာ
“မင်း ဘာကိုမေးတာလဲ ကိုဖြိုး…”
ကိုဖြိုးမျက်နှာကလည်း နားမလည်သလိုဖြစ်သွားသဖြင့် အချင်းချင်း နားမလည်တဲ့အကြည့်တွေနဲ့သာ ကြည့်နေကြမိတော့သည်။
“ကိုဖြိုးရာ… ရှိန်းက ဘယ်လောက်မူးမူး အသိစိတ်ကင်းတဲ့အထိ မမူးတတ်ဘူးကွ… အဲ့တော့ ဘာမှဖြစ်စရာ အကြောင်းမရှိဘူး….”
ကြားထဲကနေ ၀ဏ္ဏကဖြေပေးတော့မှ ကိုဖြိုးမေးတဲ့မေးခွန်းကို ရှိန်းနားလည်သွားကာ ကိုဖြိုးကို ကြည့်လိုက်ပြီး
“ဟုတ်တယ် ကိုဖြိုး… ငါ ဘယ်လောက်ပဲမူးမူး အဲ့လိုအမှားမျိုးကို မကျူးလွန်ဘူးကွ… အထူးသဖြင့် အရိပ် အပေါ်မှာပေါ့…”
“ဆောရီးပါ ရှိန်းရာ… မင်း ဒီမှာသောက်နေတုန်း ဆွေးအရိပ်က ဖုန်းလှမ်းဆက်တာဆိုတော့ ငါကလည်း စိုးရိမ်သွားလို့ပါ…”
“ငါ နားလည်ပါတယ်… အဲ့ဒါကြောင့်လည်း မင်းဆီကနေ သံပုရာရည်သောက်သွားခဲ့သေးတာ…”
“အင်း… အင်း… ကဲပါ မင်းဗိုက်ဆာနေတာမို့လား... စားလေ ရှိန်း…”
“မင်းတို့က မစားကြဘူးလား…”
သူက နောက်မှရောက်ကာ စားပွဲပေါ်မှာအသင့်တွေ့တဲ့ ရှမ်းခေါက်ဆွဲကိုယူစားနေပေမယ့် သူ့သူငယ်ချင်း တွေကတော့ ဘာမှမစားကြသဖြင့် သူမေးလိုက်တာဖြစ်သည်။
“ငါတို့မှာထားတာက အခုထိမရောက်သေးပါဘူးကွာ… အဲ့ဒါကြောင့်…”
“လာပါပြီ အကိုတို့ရာ… ကျွန်တော်တို့ဆိုင်မှာ ဒီနေ့မှ လူတွေများနေတာနဲ့ နည်းနည်းကြာသွားတာ ဆောရီးပါကွာ…”
စားပွဲထိုးလေးက ရောက်လာကာ စားပွဲပေါ်ကို အစားပန်းကန်တွေချရင်းနဲ့ ပြောနေ၏။
“အေးပါ သာဂိရာ… ငါတို့လည်း သိလို့ စောင့်ပေးနေတာပါကွ… မဟုတ်လို့ရှိရင် မင်းကိုတိုင်ပြောပစ်မှာ ပေါ့ကွ…”
သာဂိဆိုတဲ့ စားပွဲထိုးလေးက ရှိန်းရဲ့စကားကြောင့် ရယ်မောနေလေသည်။
“မင်းကိုသာ တိုင်ပြောမယ်ဆိုရင် …. ဆိုင်ရှင်တွေက မင်းကို ရွာပြန်ပို့မှာပေါ့နော် သာဂိ…”
သာဂိက ခေါင်းငြိမ့်လိုက်ကာ
“ဒါပေါ့ ကိုရှိန်းရာ… ကျွန်တော် ရွာတော့မပြန်ချင်ပါဘူးဗျာ… နွားလည်းမကျောင်းချင်ဘူး… လယ်အလုပ် လည်း မလုပ်ချင်ဘူးဗျ…”
သာဂိက ပန်းကန်တွေ တစ်ပန်းကန်ပြီးတစ်ပန်းကန်ချကာပြောနေလေသည်။
“အေးပါကွာ မင်းကိုစတာပါကွ…”
ပန်းကန်တွေ အကုန်ချပေးပြီးသွားပြီဖြစ်သဖြင့် သာဂိက ရှိန်းကို ကြည့်ကာ
“ကိုရှိန်းက ခင်ဖို့ကောင်းတယ်နော်… တစ်ကျောင်းလုံးရဲ့ အော့ကြောလန်ဆိုပေမယ့် သဘောတော့ ကောင်းပါတယ်…”
သူ သာဂိကို ပြံုးပဲပြံုးပြလိုက်မိ၏။
“ကဲပါ ကျွန်တော်သွားတော့မယ် ကောင်းကောင်းစားကြနော်… လိုတာရှိရင်လည်းပြောပါ…”
“ကျေးဇူးပါ သာဂိ…”
သာဂိကထွက်သွားတော့ သူတို့တွေ စားစရာရှိတာစားလိုက်ကြလေသည်။
“ဒါနဲ့ မင်းသားအက္ခရာမောင် ဒီကျောင်းမှာ ရုပ်ရှင်မရိုက်တော့ဘူးဆို…”
သီဟရဲ့စကားကို ရှိန်းစိတ်ဝင်စားသွားမိလေသည်။
“ဘယ်လိုဖြစ်လို့လဲ…”
“ပြဿနာတစ်ခုခုဖြစ်လို့ထင်တယ်… သူ့အမေနဲ့ ဒါရိုက်တာ မနက်က ဒီကျောင်းကိုရောက်လာသေးတယ်…”
“ဟင်… ဟုတ်လား…”
“အင်း…”
ရှိန်းရဲ့ရင်ထဲမှာ စိုးရိမ်စိတ်နည်းနည်းတော့ဖြစ်သွားမိလေသည်။
“မင်းတို့ အရိပ်ကို ဘယ်မှာ တွေ့လိုက်သေးလဲ…”
“သူရှိနေကျနေရာမှာပဲနေမှာပေါ့…”
သူ စားလက်စပန်းကန်ကို ဒီအတိုင်းချထားလိုက်ကာ ကန်တင်းကနေ ထွက်လာလိုက်တော့သည်။
“ဟာ ရှိန်း… စားစရာရှိတာစားသွားဦးလေကွာ…”
သူငယ်ချင်းတွေပြောတာကို သူ ပြန်မပြောနိုင်တော့ပေ။ ဒါတွေက မင်းတိမ်လွှာပြောသလိုတွေပဲလား။ အက္ခရာမောင်က အရိပ်နဲ့ပတ်သက်လို့များလား။ ကျွတ်… ဘာလို့ အရိပ်ကိုမှလာပတ်သက်ရတာလဲ အက္ခရာမောင်။ တကယ်လို့ မင်းကြောင့် အရိပ်ကိုသာထိခိုက်လာမယ်ဆိုရင် ငါ ဘယ်သူ့ကိုမှ ဒီအတိုင်း ထားမှာမဟုတ်ဘူး။
💕💕💕💕💕💕💕
“မိဘတိုင်းက သားသမီးတိုင်းကို ဆင်စီးပြီး မြင်းရံတာကိုပဲ ကြည့်ချင်ကြတာ … မင်းလို နိုင်ငံကျော်ရုပ်ရှင် မင်းသားတစ်ယောက်က ဘာမှမရှိတဲ့သာမန်မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်စရာအကြောင်း လုံးဝမရှိ ဘူး ခရာ…”
သူတို့ညီအစ်ကိုနှစ်ယောက်ကို မေမေ့ကိုသာကြည့်နေမိသည်။ ပြောစရာစကားလုံးတွေက ရင်ထဲမှာ များလွန်းနေတော့ ခရာ ဘယ်ကနေစပြောရမှန်းမသိခဲ့။
“မေမေ့စကားတွေက ရင့်သီးလွန်းပါတယ် မေမေရယ်…”
ဒေါ်နှင်းဆီ သားဖြစ်သူကို လှည့်ကြည့်လိုက်ကာ
“ဘာ မေမေ့စကားက ရင့်သီးလွန်းတယ် ဟုတ်တယ် ခရာ… မင်း ဘယ်တုန်းက မေမေ့ကို အခုလိုပြန်ပြော ဖူးလို့လဲ…”
တိမ်လွှာလည်း မေမေနဲ့ကိုကို့ကို ကြည့်ကာ ဘာဝင်ပြောရမလဲဆိုတာ မြန်မြန်စဉ်းစားလိုက်မိ၏။
“သားရဲ့ဘဝတစ်လျှောက်လုံး မေမေခိုင်းတာလုပ် မေမေထားရာနေ မေမေကျွေးတာစားပြီး နေခဲ့ပြီးပြီပဲ မေမေရယ်… သားရဲ့နှလုံးသားရေးရာကိစ္စကိုတော့ သားကိုယ်တိုင် ဆုံးဖြတ်ပါရစေ…”
ဒေါ်နှင်းဆီမျက်နှာက တော်တော်လေးကို ဒေါသထွက်သွားသည့်ပုံပင်။ မျက်လုံးတွေက ဓားတစ်ချောင်းလို စူးရဲလာခဲ့၏။
“တော်စမ်း အက္ခရာမောင်… အမြင့်ရောက်စေချင်လို့ အမြင့်ကိုတင်ပေးထားပါမှ ခုန်ချဖို့တော့ ဘယ်တော့မှ မကြိုးစားနဲ့ … မေမေက တစ်ခုခုလုပ်တော့မယ်ဆိုရင် မဖြစ်ဖြစ်အောင်လုပ်တတ်တာ သားသိပါတယ်…”
“သားကလည်း မေမေ့သားဆိုတာ မေမေသိပါတယ်…”
“ဘာ…”
တစ်ခွန်းမကျန်ပြန်ပြောနေတဲ့ သားဖြစ်သူကို ဒေါ်နှင်းဆီ အံ့သြတကြီးစိုက်ကြည့်နေမိတော့သည်။ ဒီလိုမျိုး စကားတွေက ဘယ်ကတတ်လာတာလဲ၊ သူမကို ပြန်ခံပြောဖို့အတွက် ဘယ်နေရာကနေ သင်ခဲ့တာလဲ။ အဲ့ဒီ့မိန်းကလေးကြောင့်လား… တစ်ခါမှမလုပ်စဖူး ဒီလိုသတ္တတွေရှိလာတာ အဲ့ဒီ့မိန်းကလေးကြောင့်လား။
“မေမေရယ် ကိုကိုပြောတာလည်း ဟုတ်ပါတယ်… ကိုကိုမှ ဆောင်းရတုကို မချစ်တာ… မေမေ အတင်းကြီး မလုပ်ပါနဲ့လား… ကိုကိုက ဟိုးတုန်းကလို ကလေးမှမဟုတ်တော့တာ…”
“မင်းတိမ်လွှာ မင်း ပါးစပ်ပိတ်ထားစမ်း… မင်း ဘာသိလို့လဲ… မင်းကိုကိုချစ်နေတဲ့မိန်းကလေးအကြောင်းကို မင်း ဘယ်လောက်များသိလို့လဲ…”
ကျွန်တော်ကိုယ်တိုင် ကူညီပေးခဲ့တာမေမေရေ လို့ သူ ပြောချင်ပေမယ့် မပြောဖြစ်ခဲ့ပါ။
“သား.. ခရာ… မေမေ့စကားကိုနားထောင်ပါသားရယ်… မေမေပြောနေတာတွေအားလုံးက သားအတွက် ပါ…”
သားဖြစ်သူက တင်းမာလာသဖြင့် သူမ အနည်းငယ်လျှော့လိုက်မိသည်။ သားဖြစ်သူ သူမကို ဘယ်တော့မှ အခုလို ပြန်ခံပြီးပြောလာမယ်လို့မထင်ခဲ့တာအမှန်ပါ။
“သားလည်း နားလည်ပါတယ် သားရယ်… ရတုတို့မိဘတွေက ထုတ်လုပ်သူတွေ… သားရဲ့ရုပ်ရှင်တိုင်းကို သူတို့ပဲ ထုတ်လုပ်ပေးမှာ… အဲ့ဒါကြောင့် သူတို့ရဲ့သမီးနဲ့သားကို သူတို့က နေရာချပေးချင်တာ…”
“မေမေက သားကို ရောင်းစားနေတာလို့တော့ သားမပြောလိုဘူး မေမေ…. ဒါပေမယ့် သား လက်မခံပါရ စေနဲ့… သား အခု ရိုက်နေတဲ့ရုပ်ရှင်ပြီးရင် အနုပညာလောကကနေ သားထွက်တော့မယ် မေမေ…”
“ဟင်…  မင်းရူးနေလား အက္ခရာမောင်… ဒီနေရာကို မင်း လွယ်လွယ်နဲ့ရလာတယ်များအောက်မေ့နေလား… မင်း ဒီနေရာကိုရဖို့ မေမေဘယ်လောက်တောင်မှ ရုန်းကန်ကြိုးစားခဲ့ရတယ်ဆိုတာ မင်း မသိဘူးလား… ဟင်… မင်းက ဘာမဟုတ်တဲ့မိန်းကလေးတစ်ယောက်အတွက်နဲ့ ဒီနေရာကို အဆုံးရှုံးခံမယ်ပေါ့ ဟုတ်လား…”
“သား တောင်းပန်ပါတယ် မေမေ…”
ကိုကို အခုမှပဲ ပြတ်သားလာတော့တယ်လို့ တိမ်လွှာ ထင်မိလိုက်သည်။
“တော်စမ်း … မေမေ ကြားချင်တာ တောင်းပန်ပါတယ်ဆိုတဲ့စကားမဟုတ်ဘူး…”
ခရာ့ရဲ့ မထင်မှတ်ထားတဲ့စကားတွေကြောင့် ဒေါ်နှင်းဆီ စကားပြောရင်းနဲ့ ဒေါသနဲ့အတူ ၀မ်းနည်းတဲ့ အသံပါ ပါလာလေတော့သည်။
“အမေလုပ်တဲ့လူက နေ့မနား ညမနား ခရီးတွေထွက်… ဒီသားအတွက် ရုပ်ရှင်ကားတွေ အဆက်မပြတ် ရိုက်နိုင်အောင် ကြိုးစားခဲ့တာ… ဒီသားကတော့ မိန်းကလေးတစ်ယောက်အတွက်နဲ့ ဒီအမေရဲ့ ကြိုးစား အားထုတ်မှုတွေကို အလဟသဖြစ်အောင် စွန့်လွှတ်တော့မယ်တဲ့လား အဓိပ္ပာယ်မရှိလိုက်တာ… မေမေ ဘယ်တော့မှ အဲ့လိုအဖြစ်မခံနိုင်ဘူး သား…”
မေမေ့ခံစားချက်တွေကလည်း ပြင်းထန်လာသလို ခရာ့ခံစားချက်တွေဟာလည်း မလျော့ခဲ့ပါ။ သားအမိ နှစ်ယောက်ရဲ့အဖြစ်က ပင်လယ်ပြင်မှာရှိတဲ့ လှိုင်းလုံးနဲ့ ကျောက်ဆောင်တွေလိုဖြစ်နေကြလေသည်။ ဘယ်လောက်အားပြင်းပြင်းနဲ့ပဲတိုက်ခိုက်တိုက်ခိုက် ကျောင်ဆောင်ကတော့ နည်းနည်းလေးမှ မတုန်လှုပ် ခဲ့ပါ။ ဒါပေမယ့် ခရာသိပါတယ်။ ခရာ ဘယ်တော့မှ ရေတိုက်စားခံမယ့် ကျောက်ဆောင်အဖြစ်ခံမှာ မဟုတ်ဘူး ခရာက လှိုင်းလုံးပဲအဖြစ်ခံမှာ။
“သား ဆွေးကိုတကယ်ချစ်ခဲ့တာမေမေ… သား ဆွေးအတွက် ဘာကိုပဲစွန့်လွှတ်ရ စွန့်လွှတ်ရ အကုန် စွန့်လွှတ်နိုင်တယ်…”
ဦးအောင်သူ ခြေလှမ်းတွေ အပေါက်ဝမှာတင် တန့်သွားကာ မတ်တပ်ရပ်နေမိလေတော့သည်။ မင်းသားရဲ့ နှုတ်ကနေ ထွက်လာတဲ့ နာမည်လေးတစ်ခု။ ဆွေး….တဲ့။ အဲ့ဒါ သူ့ရဲ့သမီးများလား…။ ဦးအောင်သူ အပေါက်ဝကနေ သွက်သွက်ကလေး ပြန်လှည့်သွားတော့၏။
“ဘာလဲ ဒီအမေရဲ့အသက်ကိုရော မင်း စွန့်လွှတ်နိုင်လား…”
“မေမေ…”
ကိုကို့အသံကကျယ်သွားသလို တိမ်လွှာ့အကြည့်တွေကလည်း မေမေ့ဆီသို့ အံ့သြစွာရောက်ရှိသွားလေ တော့သည်။
“မေမေ သားကို ဖိအားတွေ အရမ်းမပေးပါနဲ့မေမေရယ်… သား တောင်းပန်ပါတယ်…”
ခရာ မေမေ့ကိုချစ်ပါတယ်…။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဘဝမှာ မေမေဆိုတာ မျှော်လင့်ချက်ရောင်ခြည် လေးတစ်ခုပါပဲ။ မေမေ့ကြောင့်ရခဲ့တဲ့ အောင်မြင်မှုတွေကို သူ မမက်မောပေမယ့် သူ တန်ဖိုးထားခဲ့တယ်။ အဲ့ဒါဟာ ဆွေးအတွက်ကြောင့်နဲ့တော့ ပျောက်ပျက်သွားမှာမဟုတ်ပါဘူးမေမေရယ်။ ဒါပေမယ့် မေမေ သားတို့ကို သဘောတူမှဖြစ်မှာ။
“ဖိအားပေးတာမဟုတ်ဘူး အက္ခရာမောင် … မယုံရင် မင်းစမ်းကြည့်လိုက်လေ… မင်း ငါ့ကို အသက် ရှင်လျှက်မမြင်ချင်ရင် မင်းရှေ့ဆက်တိုးပြီးလုပ်လေ…”
“မေမေ…”
ခရာ စိတ်မတိုပေမယ့် အလိုမကျဖြစ်မိသွားတာတော့အမှန်ပင်ဖြစ်သည်။
“ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ မင်းနဲ့ရတုကို လူကြီးတွေရှေ့မှာ စေ့စပ်ပေးမယ် အက္ခရာမောင်… မင်း ဘယ်မှ သွားဖို့ မစဉ်းစားနဲ့…. အေး မေမေ့ကိုတစ်ခုခုဖြစ်စေချင်တယ်ဆိုရင်တော့ မင်း လုပ်လိုက်လေ…”
“ဗျာ… စေ့စပ်ပေးမယ် ဟုတ်လား မေမေ…”
ဒီတစ်ခါတော့ ခရာတစ်ယောက်ထဲမဟုတ်ဘဲ တိမ်လွှာပါ အ့ံသြသွားလေတော့သည်။ ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်သွားရတာလဲ။ မေမေက ကိုကို့ကိုအကြပ်ကိုင်တာမဟုတ်ပေမယ့် ဆွေးအရိပ်ကြောင့် ဒါမျိုးတွေ လုပ်လာပြီဆိုတာကို တိမ်လွှာရော ခရာပါသိလေသည်။
“ဟုတ်တယ်… မင်းကိုမေမေရှင်းရှင်းလင်းလင်းပြောထားပြီးသားနော် … မင်း ရတုကိုပဲလက်ထပ်ရမယ်… မင်းရဲ့မဟေသီက ဆောင်းရတုပဲဖြစ်ရမယ် ခရာ… စေ့စပ်ပြီးတာနဲ့ မင်းရဲ့လုပ်လက်စတွေကို အမြန် လက်စသတ်ပြီး ရတုနဲ့လက်ထပ်ပေးမယ်… မင်း အရာအားလုံးတွက် စီစဉ်ထား…”
“မေမေ… သား လက်မခံဘူးမေမေ…”
ဒေါ်နှင်းဆီ ခရာ့ကိုတစ်ချက်လှည့်ကြည့်လိုက်ပေမယ့် ဘာမှမပြောဘဲ အိမ်ပေါ်သို့ တက်သွားလေတော့ သည်။ သားကို ရတုနဲ့ပဲသဘောတူတယ် သား။ အမေတစ်ယောက်ရဲ့ရင်ထဲကခံစားချက်ကို မင်း တစ်နေ့တော့ နားလည်လာမှာပါ သားရယ်။ မင်းက အမြဲတမ်း အမြင့်မှာပဲနေရမှာ ခရာ။ အဲ့ဒါလည်း အမေ့ရဲ့ တစ်ခုတည်းသောဆန္ဒ။ ဟိုးငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ မင်းကို မေမေ ပြုစုပျိုးထောင် လာခဲ့တာ ဒါမျိုးတွေဖြစ်လာဖို့မဟုတ်ဘူး။ မင်း အဲ့ဒီ့မိန်းကလေးနဲ့ ဘယ်တော့မှပေါင်းဖက်ရမှာမဟုတ်ဘူး။ အဲ့လိုမဖြစ်အောင်လည်း မေမေ့ကိုယ်တိုင် အားလုံးကိုလုပ်မှာ သား…။
💕💕💕💕💕💕💕

#####
အိမ်မက်ကြယ်

ချစ်​သောကိုကို (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ