အခန်း(၂၆)

55 3 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၂၆)💖

"ဒီစာက..."
စာအိတ်လေးကိုကိုင်ကာ သူ့ကိုမော့ကြည့်ပြီး ပြန်မေးနေတဲ့ဆွေးကို တိမ်လွှာ ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်တယ်... ကိုကိုပေးခိုင်းလိုက်တာ..."
ဆွေး ခေါင်းငြိမ့်လိုက်ကာ စာအိတ်ကိုဖောက်လိုက်လေသည်။
"ဒါနဲ့ နတ်ဆိုးကိုမတွေ့ဘူးနော်... အတန်းလည်းမတက်ဘူး..."
စာအိတ်ကိုဖောက်နေတဲ့ ဆွေးအရိပ်ရဲ့လက်တွေ ရပ်တန့်သွားတာကို တိမ်လွှာ သတိထားလိုက် မိလေသည်။ စာအိတ်ကိုကြည့်ကာ ငြိမ်နေတဲ့ သူမကိုကြည့်ပြီး တိမ်လွှာ နားမလည်ဖြစ်သွားမိ၏။
"ဘာဖြစ်လို့လဲ ဆွေးအရိပ်..."
"ကိုလေး အိမ်ပြန်မအိပ်တာ သုံးရက်ရှိနေပြီ... ဆွေး ဖုန်းဆက်ရင်လည်း မကိုင်ဘူး..."
"ဟုတ်လား... ဆွေးအရိပ်နဲ့ တစ်ခုခုဖြစ်ကြလို့လား..."
သူမ ခေါင်းမငြိမ့်မိသလို ခေါင်းလည်းမခါမိခဲ့ပေ။
"ကိုလေးက ဆွေးကိုချစ်နေခဲ့တာတဲ့... ဆွေး ဘာအမှားတွေများလုပ်ခဲ့လို့လဲ ကိုတိမ်လွှာရယ်..."
"ဪ... အဲ့ဒါကြောင့်လား... ကျွန်တော် ကြားထားပါတယ်..."
ဆွေး စာအိတ်လေးကိုကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး
"ဆွေး ကိုလေးအပေါ်မှာ အကိုတစ်ယောက်လို သံယောဇဉ်ရှိပါတယ်... ဒါပေမယ့် ချစ်သူရည်းစားလို အိမ်ထောင်ဖက်လိုတော့ ဆွေး ဘယ်တော့ကမှ မတွေးခဲ့ဖူးဘူး..."
"ဆွေးအရိပ်အနေနဲ့တွေးတော့လည်း ဟုတ်ပါတယ်... နတ်ဆိုးက ဆွေးအရိပ်ပေါ်မှာ အမြဲတမ်း အနိုင်ကျင့်ခဲ့တာဆိုတော့..."
ဆွေး တိမ်လွှာ့ကိုကြည့်ကာ ခေါင်းရမ်းလိုက်ပြီး
"မဟုတ်ပါဘူး... ကိုလေး ဆွေးကိုအနိုင်ကျင့်ခဲ့လို့မဟုတ်ပါဘူး... ကိုလေးရဲ့ခံစားချက်ကို ဆွေး ဟိုးငယ်ငယ် ကတည်းက နားလည်ခဲ့တာပါ... ဒါပေမယ့် အိမ်ထောင်ဖက်တစ်ယောက်လို လက်ခံပေးဖို့ထိတော့ ဆွေး နားလည်မပေးနိုင်ခဲ့ဘူး... ဆွေး ချစ်တာက ကိုမင်းတိမ်လွှာရဲ့ကိုကို ကိုအက္ခရာမောင် တစ်ယောက်ထဲ ကိုပါ..."
တိမ်လွှာ ပြတ်သားလွန်းတဲ့သူမကိုကြည့်ကာ သဘောကျစွာပြံုးလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။
"ဒီလိုစကားမျိုးကြားရတာ ကျွန်တော် တကယ်ပဲဝမ်းသာမိပါတယ်... မင်းက ကျွန်တော့်ကိုကိုထက်တောင်မှ ပြတ်သားတယ်..."
"ကိုကို့အပေါ်မှာ ဆွေး ဘယ်တော့မှ သစ္စာမဖောက်ပါဘူး..."
"ကိုကို့အစား ကျွန်တော်ကပဲ ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ် ဆွေးအရိပ်... ကိုကိုနဲ့မင်းရဲ့အချစ်တွေ က ရှေ့ဆက်ပြီး အခက်အခဲတွေအများကြီး တွေ့ဦးမှာပဲ... မင်းတို့နှစ်ယောက် ယုံကြည်မှု သစ္စာရှိမှုတွေနဲ့ပဲ အဲ့ဒီ့အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ ဆွေးအရိပ်..."
"ဟုတ်ကဲ့ ဆွေးတို့ အဲ့ဒီလိုလုပ်ကြမှာပါ..."
"အင်း... ကျွန်တော်ကတော့ ဆွေးအရိပ်တို့ဘက်မှာ အမြဲတမ်းရှိနေမှာပါ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."
"ကဲပါ ဒါဆိုကျွန်တော်သွားတော့မယ်... စာကို အေးအေးဆေးဆေးဖတ်ပါ..."
ဆွေး ခေါင်းငြိမ့်ပြလိုက်တော့ တိမ်လွှာ သူမရှေ့ကနေ ထွက်သွားလေတော့သည်။ ဆေ်း စာအိတ်လေးကို ဖွင့်ဖောက်လိုက်ပြီး ဖတ်ကြည့်လိုက်၏။
📩📩📩
ဆွေး... ကိုယ် ဆွေးကို အရမ်းလွမ်းတာပဲကွာ... ဆွေးရော ကိုယ့်ကိုလွမ်းနေလား...
📩📩📩
ဆွေး စာအိတ်လေးကိုရင်မှာပိုက်လိုက်ပြီး
"ဆွေးလည်း ကိုကို့ကို အရမ်းလွမ်းနေတာပါ ကိုကိုရယ်..."
📩📩📩
ကိုယ် ဆွေးနဲ့ ထပ်ပြီးဝေးမနေနိုင်တော့ဘူး ဆွေး... နောက်ပြီး ဆွေးကို ရှိန်းအာကာနဲ့ပတ်သက်ပြီး စိတ်မချတော့ဘူး... သူ ဆွေးကို တစ်ခုခုကြံစည်မှာ ကိုယ် စိုးရိမ်တယ် ဆွေး... အဲ့ဒါကြောင့် ကိုယ် ဆွေးကို လာခိုးမယ် ဆွေး..."
📩📩📩
"ဟင်..."
ဆွေး အ့ံသြသွားသလို ရင်ထဲမှာလည်း လှိုက်ဖိုမောသွားတော့၏။ သူက ဆွေးကို ခိုးပြေးမှာတဲ့လား။
📩📩📩
တကယ်တော့ ကိုယ် ဆွေးကိုချစ်နေတဲ့အကြောင်း ဆွေး မိဘတွေကို ကိုယ်ဖွင့်ပြောပြီးသားပါ... ဆွေး မယုံရင် မေးကြည့်ပါနော်... ကိုယ် ဆွေးကို အခုလို ခိုးပြေးမယ်ဆိုတာကလည်း ကိုယ့်မေမေကြောင့်ပါ... ကိုယ်က ဆွေးအတွက်ဆို ဘာကိုပဲစွန့်လွှတ်ရ စွန့်လွှတ်ရ စွန့်လွှတ်နိုင်တယ်... အဲ့ဒါကို ကိုယ့်မေမေက လက်မခံနိုင်ဖြစ်နေခဲ့တာ... ဒါပေမယ့် ကိုယ် ဆွေးကို ဘယ်နည်းနဲ့မှ မစွန့်လွှတ်နိုင်ဘူး ဆွေး... အဲ့ဒါကြောင့်လည်း ကိုယ့်ညီနဲ့တိုင်ပင်ပြီး အခုလိုဆုံးဖြတ်ခဲ့တာပါ... ဆွေး ကိုယ့်ကိုတကယ်ချစ်တယ်ဆိုရင် လက်ခံပေးပါနော်...
📩📩📩
ဆွေး စာအိတ်လေးကို ပြန်ပိတ်လိုက်ကာ ငိုင်သွားမိလေသည်။ ဒါဆို ရှင် ဆွေးကိုချစ်နေတာ ဆွေးမိဘတွေ သိပြီးသွားပြီပေါ့... ဆွေးမိဘတွေကရော ရှင်နဲ့သဘောတူခဲ့တာလား... ဒါပေမယ့် ဆွေး... ဆွေး...။ သူမမျက်လုံးထဲမှာ ကိုလေးရဲ့မျက်နှာကို မြင်ယောင်လိုက်မိကာ ခေါင်းရမ်းလိုက်မိလေသည်။ ကိုလေးက သိပ်သနားဖို့ကောင်းတာ။ ကိုလေးကိုထားခဲ့ပြီး ကိုကို့နောက်ကို လိုက်ခဲ့ဖို့အတွက် ဆွေး ဘယ်လိုစဉ်းစားပေးရမှာလဲ ကိုကိုရယ်။ အခု ကိုလေးက ဆွေးကြောင့် အရမ်းခံစားနေရတာ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဆွေးအပေါ်မှာ ကိုလေးလောက်ကောင်းတဲ့သူ ဘယ်သူမှမရှိဘူးဆိုတာအမှန်ပါ။
💕💕💕💕💕💕💕
"ရှိန်း..."
ရီဝေသောမျက်လုံးတွေက ဒီနေ့မှ ထူးခြားစွာတောက်ပနေလေသည်။
"ပြောလေ ကိုဖြိုး..."
"မင်း အိမ်မပြန်တာကြာပြီနော် ရှိန်း... မင်း အမေစိုးရိမ်နေဦးမယ်..."
လက်ထဲကသတင်းစာကို အဓိပ္ပါယ်မဲ့လှန်လှောကြည့်လိုက်ကာ
"ငါ မေမေ့ကိုသေချာပြောပြထားပါတယ်..."
ကိုဖြိုး ကော်ဖီပန်းကန်ကို ရှိန်းရဲ့ရှေ့မှာချပေးလိုက်ကာ
"ငါ့အိမ်မှာရှိနေတယ်ဆိုတာကိုရော သိရဲ့လား..."
ရှိန်း ခေါင်းငြိမ့်လိုက်ကာ သတင်းစာကိုခုံပေါ်တင်လိုက်ပြီး
"ကိုဖြိုး... ငါ့ကို ဂစ်တာပေးပါလား..."
"မင်း သီချင်းဆိုမလို့လား... ငါ ဟိုကောင်တွေကို ခေါ်လိုက်မယ်..."
"ငါ တစ်ယောက်ထဲပဲ ဆွေးနေချင်တယ်..."
"ဪ... အင်းပါ ဒါဆို ငါမခေါ်တော့ဘူး..."
"အင်း..."
ကိုဖြိုးက သူ့ရှေ့ကနေ ထွက်သွားတော့၏။ ရှိန်း ခုံကိုမှီထားလိုက်ကာ မျက်လုံးကိုအသာမှိတ်ထား လိုက်လေသည်။
အရိပ်ရယ်... အရိပ်မရှိဘဲ ကိုယ် ဘယ်လိုအသက်ရှင်ရမှာလဲ။ အရိပ်က ကိုယ့်ရဲ့ဘဝပဲဆိုတာ အရိပ် သိရဲ့သားနဲ့အရိပ်ရယ်။
"တီ... တီ..."
ဖုန်းနံပါတ်ကိုကြည့်ပြီးမှ သူ ကိုင်ရင်ကောင်းမလား မကောင်းဘူးလား စဉ်းစားမိလိုက်လေသည်။ ဆောင်းရတုရဲ့ဖုန်း...။
"တီ... တီ..."
ကျသွားတာကိုတောင် ဖုန်းက နောက်တစ်ခေါက်ထပ်ဝင်လာပြန်လေသည်။ သူ ဖုန်းကို စိတ်မရှည်စွာ ကြည့်လိုက်ပြီး ကိုင်လိုက်ကာ
"ဟယ်လို..."
"ရှိန်း... ရတုပါ..."
"သိတယ် ပြော..."
"ရှိန်း အသည်းကွဲနေတယ်ဆို..."
"အဲ့ဒါ မင်းနဲ့ ဘာဆိုင်လဲ..."
ရတု ခုတင်ပေါ်မှာပြန့်ကြဲနေတဲ့ စာရွက်တွေကိုကြည့်လိုက်ကာ
"ဆိုင်တာပေါ့ ရှိန်းရယ်... ရတုက မကြာခင် ခရာနဲ့ လက်ထပ်ရတော့မှာ... အဲ့ဒီ့လက်ထပ်ပွဲ တစ်ခုခု ဖြစ်သွားမှာကို ရတု အဖြစ်မခံနိုင်ဘူး... နောက်ပြီး ရှိန်းကလည်း ဆွေးအရိပ်ကို ချစ်နေတာမို့လား..."
သူမ ဘာအဓိပ္ပါယ်နဲ့ပြောနေတယ်ဆိုတာ ရှိန်း စဉ်းစားလို့မရခဲ့။ သူ့မှာ ဘာအကြံအစည်တွေရှိနေလို့လဲ။
"ရတုတို့ အပေးအယူတစ်ခုလုပ်ရအောင် ရှိန်း..."
"ဘာအပေးအယူလဲ..."
"ရတုလည်း အက္ခရာမောင်နဲ့ မင်္ဂလာဆောင်ရမယ်... ရှိန်းလည်း ဆွေးအရိပ်ကို လက်မလွှတ်ရမယ့် အပေးအယူပေါ့..."
စိတ်ဝင်စားသွားမိပေမယ့်လည်း ရှိန်း တွေဝေသွားမိလေသည်။
"ဘယ်လိုလဲ ရှိန်း..."
ရှိန်း မျက်မှောင်ကြုတ်သွားကာ
"ဘယ်လိုအပေးအယူမျိုးလဲ..."
"ဒီအပေးအယူက ရတုနဲ့ရှိန်းတို့နှစ်ယောက်အတွက်တော့ ပျော်ရွှင်ကျေနပ်စရာကောင်းမှာ အမှန်ပဲ... ဒါပေမယ့် ခရာနဲ့ဆွေးအရိပ်ကတော့ ခံစားရမှာပေါ့... အခြေအနေဆိုးမယ်ဆိုရင်တော့ ရတုတို့နှစ်ယောက် လုံးကို သူတို့တွေမုန်းသွားနိုင်တယ် ရှိန်း... ဘယ်လိုလဲ..."
"ခဏလေး စဉ်းစားလိုက်ဦးမယ်..."
"အင်းပါ ဒါဆို ရတု ဖုန်းချလိုက်မယ်... ပြီးရင် ရတုကို ဖုန်းပြန်ဆက်ပေးနော်..."
"အင်း..."
ဖုန်းချလိုက်ပြီးတော့ ရတုအကြည့်တွေက ခုတင်ပေါ်မှာ ပြန့်ကြဲနေတဲ့ စာရွက်တွေဆီသို့ ရောက်သွား လေသည်။
ပြန့်ကြဲနေတဲ့စာရွက်တွေအားလုံးမှာ တူညီသောစာများ။ ဒါတွေအားလုံးဟာ ရှိန်း သူမကိုပေးခဲ့တဲ့စာတွေပဲ ဖြစ်သည်။ ဘာလို့မှန်းမသိ မလွှင့်ပစ်ရက်ခဲ့၍ သိမ်းထားမိခဲ့သည်။ စာတွေဖတ်ကြည့်လိုက်တော့လည်း အားလုံးက အဓိပ္ပါယ်တစ်ခုထဲမို့လို့ ရတုသိမ်းထားခဲ့တာဖြစ်မည်။ မင်းက မာနကြီးလို့ မင်းကိုစာတွေ တမင်လိုက်ပေးခဲ့တာ။ တကယ်တော့ ငါ မင်းကိုစိတ်ဝင်စားလို့မဟုတ်ဘူး ဆောင်းရတု... တဲ့လား ရှိန်းရယ်။ တွေးမိကာ ရတု အသာလေးပြံုးလိုက်မိလေသည်။ ထို့နောက် ရှိန်းရဲ့ အညိုရောင်နှုတ်ခမ်းတစ်စုံကို မြင်ယောင် လိုက်မိကာ
"ရှင်က ကျွန်မရဲ့မာနတွေကို ခြွေချချင်ခဲ့တာပေါ့ အချစ်နတ်ဆိုးလေး... နောက်မှ ရှင်... ကျွန်မရဲ့ခြေတော်ရင်းမှာ ဝပ်ဆင်းနေမယ်ဆိုတာ မြင်ယောင်မိသေးတယ်..."
မာနကိုထိပါးလာတော့ ဒေါသနဲ့အတူ မခံချင်စိတ်လည်းပေါ်လာသဖြင့် ရတု စာရွက်တွေကိုကြည့်ကာ ပြံုးလိုက်မိလေသည်။
သူမဘက်က ဖုန်းချသွားသဖြင့် သူ ဖုန်းကိုကိုင်ရင်း တွေဝေးနေမိသေးသည်။ ထို့နောက် ဖုန်းကိုကြည့်လိုက်ပြီး ဂဏန်းတစ်ချို့ကိုနှိပ်လိုက်၏။
"ဟယ်လို..."
ဖုန်းကချက်ချင်းဝင်သွားကာ ချက်ချင်းကိုင်သဖြင့် သူ အသာပြံုးလိုက်ကာ
"ဟယ်လို..."
"ရှိန်းအာကာ..."
"ဟုတ်ပါတယ်... ခင်ဗျားအတွက်တော့ ကျုပ်က ဒဿဂီရိပဲဆိုပါတော့..."
"ဘာကိစ္စလဲ..."
"ကျုပ် အရိပ်ကိုသိပ်ချစ်တာဗျ..."
"ရှိန်းအာကာ မင်းပြောတဲ့စကားက ငါသိပြီးသားပဲလေ အဲ့တော့ ဘာဖြစ်လဲ..."
"အဲ့ဒါကြောင့်ပဲ ကျုပ်က ခင်ဗျားကို သတိပေးချင်တာပါ..."
"ငါတို့အချစ်တွေက တူညီမယ်လို့မင်းထင်လား ရှိန်းအာကာ... ဆွေးကို မင်းထက်ငါကပိုချစ်မယ်လို့ မင်းမထင်ဘူးလား..."
"ခင်ဗျားပိုင်ဆိုင်တာတွေအားလုံးကို စွန့်လွှတ်ပြီး အရိပ်ကိုချစ်မယ်ဆိုရင်တောင် ကျုပ်အချစ်ကို ဘယ်တော့မှ မမှီဘူး... အဲ့ဒါကြောင့် ခင်ဗျား အရိပ်ကို စွန့်လွှတ်ပေးပါ..."
"ငါ အရိပ်ကို ဖြူဖြူစင်စင်နဲ့ချစ်ခဲ့တာ... အဲ့ဒါကြောင့် ငါ ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး... နောက်ပြီး ဆွေးက ငါ့ကိုပဲချစ်တာ..."
"ဘာ... ဖြူစင်စွာချစ်ခဲ့တာ ဟုတ်လား... ဒါဆို ခင်ဗျား ဘာလို့ အရိပ်ကို ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တာလဲ... ချစ်လို့ဆိုတဲ့အကြောင်းပြချက်တော့ လာမပေးနဲ့... ခင်ဗျား အရိပ်ကို ကျုပ်ချစ်တာထက်သာမယ်လို့ ထင်နေတာလား..."
"သာတာပေါ့... သိပ်သာတာပေါ့ ရှိန်းအာကာ... အဲ့ဒါတွေကို မင်း မကြာခင် သိရတော့မှာပါ..."
ဂစ်တာကိုယူကာ အခန်းထဲဝင်လာတဲ့ ကိုဖြိုးကို ရှိန်း တစ်ချက်လှည့်ကြည့်လိုက်ကာ
"တော်စမ်းပါဗျာ ခင်ဗျား အရိပ်ကိုပိုင်ဆိုင်ခဲ့မယ်ဆိုရင်တောင် ခင်ဗျား ကျုပ်ကိုမနိုင်ဘူး... ကျုပ် အရိပ်ကို ချစ်တဲ့အချစ်က ကျုပ်ကို ဘယ်တော့မှမမှီဘူး... ဒါပေမယ့် ကျုပ် ခင်ဗျားကို တစ်ခုတော့ပြောလိုက်မယ်... ကျုပ်သေသွားရင်တောင် အရိပ်ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး..."
"မင်း ဒဿဂီရိလို အချစ်ရှုံးသမား ဖြစ်ချင်တာလား ရှိန်းအာကာ... မင်း အဲ့လိုလုပ်တော့ရော ဆွေးက မင်းကို ချစ်လာမယ်များ မင်းထင်နေတာလား..."
"မထင်ပါဘူး... ကျုပ် မထင်ဘူး... ဒါပေမယ့် အဲ့ဒါဟာ ကျုပ် အတ္တမကြီးတတ်တုန်းကဖြစ်လိမ့်မယ်... ဒါပေမယ့် ကျုပ် အခုကစပြီး အတ္တကြီးတော့မယ်... တစ်ကိုယ်ကောင်းလည်း ဆန်တော့မယ်... အဲ့ဒါကြောင့် ခင်ဗျားသတိထားနေတော့.."
"ဟင် ရှိန်း..."
သူ ဖုန်းကိုချက်ချင်းချကာ စက်ပါပိတ်ပစ်လိုက်လေတော့သည်။
"ရှိန်း..."
ကိုဖြိုး ဂစ်တာကိုစားပွဲပေါ်တင်လိုက်ကာ ရှိန်းကိုခေါ်လိုက်တော့ ရှိန်းရဲ့အကြည့်တွေက သူ့ဆီသို့ ရောက်လာကာ
"ကိုဖြိုး... အရိပ်ကိုပိုင်ဆိုင်နိုင်ဖို့အတွက် ငါ တစ်ကိုယ်ကောင်းဆန်လို့ဖြစ်ပါ့မလား..."
"ဖြစ်တယ် ရှိန်း... မင်း လုပ်လိုက်... ငါတို့ မင်းဘက်ကရှိတယ်... ဘာပဲဖြစ်ဖြစ် မင်းလုပ်တာတွေက တရားတယ်..."
"အခုချိန်က နောက်မကျသေးဘူးလို့ ငါယုံတယ်..."
"အင်း... ဟုတ်တယ်... မင်း လိုအပ်တာတွေ ငါတို့ကိုပြော ငါတို့အားလုံးလုပ်ပေးမယ်..."
"ကောင်းပြီ ဒါဆို ငါ ဆောင်းရတုပြောတာကို လက်ခံလိုက်မယ်..."
"သူ မင်းကိုဘာပြောတာလဲ..."
"သေချာတော့မသိဘူး... သူပြောပုံအရတော့ သူပြောတာကို ငါကလိုက်လျောပေးမယ်ဆိုရင် သူက အက္ခရာမောင်ကို ပိုင်ဆိုင်ရမှာဖြစ်သလို ငါလည်း အရိပ်ကိုမစွန်လွှတ်ရဘူးတဲ့..."
"စိတ်ဝင်စားစရာပဲ..."
"အင်း... ငါရဲ့မျှော်လင့်ချက်ရောင်ခြည်လေး ပြန်လည်တောက်ပလာပြီလို့ ငါထင်တယ်..."
"ငါ ဝမ်းသာတယ် ရှိန်းရာ..."
မျက်နှာမှာ နူးည့ံသောအပြံုးတစ်ခု စီးဆင်းသွားလေတော့သည်။ ဒီရက်ပိုင်းအတွင်းမှာ ဒါ ပထမဆုံးပြံုးမိခြင်းပင်။
အရိပ်ကိုပိုင်ဆိုင်ဖို့ ဘယ်နတ်တွေကိုမှ မတိုင်တည်ချင်တော့ဘူး...။ အချစ်မှာ တရားတယ် မတရားဘူးဆိုတာ မရှိတဲ့အတွက် ပိုင်ဆိုင်ဖို့ကိုပဲ ဦးစားပေးလိုက်တော့မယ် အရိပ်ရယ်။
💕💕💕💕💕💕💕

#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Donde viven las historias. Descúbrelo ahora